Penchant
Ep _ 11"ကိုရှင်း "
စာရိုက်နေရင်းက ခပ်ချိုချို အသံလေး ကြားလိုက်ရတော့ မော့ကြည့်လိုက်သည် ။ ထုံးစံအတိုင်း အပြုံးချိုချို တစ်ခုက စောင့်ကြိုနေသည် ။
"ထောပတ်သီးလေး ရောက်ပြီလား ကျောင်းမသွားဘူးလား "
"ဟီး အတန်းချိန် တစ်ချိန်ပဲ ရှိတာ ဖျက်လိုက်တယ် "
"မင်းက လူဆိုးလေးပဲ "
ကိုရှင်းက ခေါင်းလေး တစ်ချက် နှစ်ချက် ရမ်းရင်း ခပ်ဖွဖွ ရယ်သည် ။
ကိုရှင်း ရယ်လိုက်တော့ သူ့ရဲ့ သွားတက်ကလေးက ပေါ်လာပြီး မြင်ရသူ အကြည့် မလွှဲနိုင်အောင် ဆွဲဆောင်လျက်ရှိသည် ။
"ကျွန်တော် ဘာအရင်လုပ်ရမလဲ "
"အင်္ကျီအရင် လဲလိုက် "
"ဗျာ "
ထိုင်နေရာက ထသွားပြီး ကောင်တာ အောက်က အသေးစား ဘီရိုလေးထဲမှ တီရှပ် ၃ ထည် ထုတ်ပေးသည် ။
"ရော့ နောက်ဆို အလုပ်လာရင် ဝတ်လာခဲ့ ကြားလား "
"ဟုတ် "
"သွား အနောက်က အခန်းထဲ ဝင်ပြီး လဲဝတ်လိုက် size ကတော့ XL တွေပဲ လောလောဆယ် ရှိတယ် "
"ဟုတ် ကျွန်တော်က ဘာဖြစ်ဖြစ် ဝတ်တယ်ရယ် "
သူ့ဗီဇ အတိုင်း ပြုံးရွှင်စွာ ရယ်ပြပြီး အင်္ကျီလေး ကိုင်ကာ အထဲဝင်သွားသည် ။ ဒီကောင်လေး မျက်နှာတော့ တော်တော် ချိုသည် ။ အမြဲလိုလို ပြုံးရွှင်နေတတ်သည့် ပုံစံက ရင်းနှီးနေသလိုလို .... ။
"ကျွန်တော် ဘာလုပ်ရဦးမလဲ ကိုရှင်း "
အထဲက ထွက်လာသည့် ထောပတ်သီး ပုံစံက နည်းနည်းတော့ ရယ်ရသည် ။
" Penchant " ဆိုသည့် စာလုံး အဝါရောင်ကို တီရှပ် မိုးပြာပေါ်တွင် ရိုက်နှိပ်ထားသည် ။ မှိုင်း က အဲ့ဒီ တီရှပ်လေးကို နဂို ဝတ်လာသည့် ဘောင်းဘီ အနက်ရောင်နှင့် တွဲဝတ်ထားသည် ။
ရယ်ရသည့် အပိုင်းက အင်္ကျီက တအား ပွပြီး ကြီးလွန်းနေခြင်း ။
"ဟဟ မင်း အင်္ကျီက တော်တော် ကြီးနေတာပဲ "
ကိုရှင်းက ကျွန်တော့်ကို သေချာ ကြည့်ပြီး ခပ်ဟဟ ရယ်မောသည် ။
