Penchant
Ep _ 9"ငါ ကန်တင်းမှာ ခဏလေး ထိုင်နေတဲ့ အချိန်အတွင်း ဘာတွေ ဖြစ်ကုန်တာလဲ "
အဝတ်တွေ အိတ်ထဲ ကောက်ထည့်နေသည့် မှိုင်းက စကားပင် မဆို ။ မျက်နှာကလည်း ပြုံးပြုံး ပြုံးပြုံးဖြင့် ။
"ဘာလို့ အဆောင်က ထွက်ပြီး အိမ်ငှား မှာလဲ "
စာအုပ်တွေ သေချာ စစ်ပြီး အိတ်ထဲ ထည့်နေသည် ။ တစ်ယောက်တည်း စကားပြောနေရသည့် ကျွန်တော့်ကို နည်းနည်းလေးမှ အားနာပုံမရ ။
"စာရေးဖို့တောင် မအားတာကို ဘယ်အချိန် သွားပြီး အလုပ်လုပ်မှာလဲ မှိုင်းရာ "
ချော့မေးလည်း မရ ။ လေသံပျော့လည်း မရ ။ ဝစီပိတ် ကျင့်နေပုံ ရသည် ။ ရုတ်တရက် ဖုန်းမြည်လာမှ ဖုန်းကို ကျွန်တော့်ဆီ ထိုးပေးပြီး စကားသံ ထွက်လာသည် ။
"ငရဲ ဖုန်းလာနေတယ် "
"ဟမ် အေး "
ကျွန်တော့်ကို ဖုန်းမဆက်ဘဲ ဘာလို့ မှိုင်း ဆီ ဆက်သည် မသိ ။ ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် ခပ်တည်တည်ဖြင့် ဖုန်း ကိုင်လိုက်ရသည် ။
"ဟုတ်ကဲ့ အမိန့်ရှိပါ "
"ဟေ့ကောင် ! မင်း ဘာအချိုးချိုးတာလဲ ဘာလို့ အားအားယားယား အဆောင်က ထွက်မှာလဲ ? အိမ်ငှားနေရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ ခွေးသား "
"ဗျာ ... "
ဒေါသတကြီး လှမ်းကြည့်လာသော ငရဲကို ရယ်ပြလိုက်ပြီး ပုခုံးကို တွန့်ပြလိုက်သည် ။ မတတ်နိုင် ... မှိုင်းညှို့သွင် ဖခင်ဆိုတာက စိတ်ဆိုးရင် တောက်လျှောက်ပြောသည့် လူမျိုး ။
"အဖေ ဆူလို့ ပြီးမှ ငါ့ကို ဖုန်းပြန်ပေး "
"မင်း ! "
ဖုန်းထဲက အော်ကြီးဟစ်ကျယ် ဆူပူနေသော မှိုင်း အဖေ ။ ဆက်တိုက် ပွစိပွစိ ပြောလို့ဝမှ သက်ပြင်းချနေသည်
။ နားထောင်ရသည့် ကျွန်တော်ကတော့ နားတွေကို ပူနေပြီ ။"ဟုတ်ကဲ့ ကျွန်တော် မှိုင်း သူငယ်ချင်းပါ ဦးလေး "
"ဘာ ! ဟိုအကောင်က သေနေလို့ မင်းက ဖုန်းကိုင်တာလား "
