Penchant
Ep _ 4နက်ပြာရောင် ရှပ်အင်္ကျီဖြင့် ဂျင်းဘောင်းဘီ အနက်ရောင်ကို တွဲဝတ်ထားပြီး ကျောပိုးအိတ် တစ်လုံးကို ဘေးစောင်း လွယ်ထားသည် ။ ပြေးလာသည်ကိုပင် ခန့်ညားနေသည်ဟု ပြောရင် ကျွန်တော် ပိုတယ် ဖြစ်ဦးမည် ။
လှည့်ပြန်တော့မည့် ကျွန်တော်က အကြောင်းအရင်း တစ်စုံတစ်ရာ မရှိပါဘဲ ရပ်တံ့နေမိကာ ဘတ်စ်ကားပေါ် ပြေးတတ်သွားသည့် လူတစ်ယောက်ကို ငေးကြည့်နေမိသည် ။
"ကိုရှင်းက ခရီးသွားတာလား ? ဒါဆို မတွေ့ရတော့ဘူးပေါ့ ဘယ်လောက် ကြာမှာလဲ မသိဘူး "
တစ်ယောက်တည်း အတွေးများဖြင့် ယောက်ယက်ခက်နေဆဲ အနောက်ကနေ တစ်စုံတစ်ယောက်၏ နားရင်းအုပ်ခြင်းကို ခံလိုက်ရသည် ။
"အား သေပါပြီ "
လှည့်ကြည့်လိုက်တော့မှ သူငယ်ချင်း ဖြစ်နေလို့ အနည်းငယ် ဆဲရေးလိုက်သည် ။
"ဘာတွေ ဒီလောက် ကြည့်နေလို့ ငါရောက်တာတောင် မမြင်တာလဲ "
"ငါက မင်းသေသွားပြီထင်နေတာ "
"သေစရာလား ! မိန်းမယူဦးမှာ "
"ငါမင်းကို စောင့်နေတာ ၃ နာရီလောက် ရှိပြီ "
"အပိုတွေမပြောနဲ့ ၁ နာရီ ကျော်လောက်လေးကိုများ "
"ဘာ ! မင်းစောင့်ကြည့်ပါလား အရူးကောင်ရဲ့ ခြေထောက်တွေလည်း ထုံကျင်နေပြီ "
"အင်းပါ လာပါ မုန့်ဝယ်ကျွေးမယ် "
"ပြီးရော "
သူငယ်ချင်းဖြစ်သူက မုန့်ဝယ်ကျွေးမည် ဆိုတော့လည်း စိတ်ဆိုးနေသည်ကို ခေတ္တခဏ ရပ်ဆိုင်းကာ မုန့်ဆိုင်သို့ ချီတက် လိုက်သည် ။
》》》》》》》》
ကိုရှင်းကို ကားဂိတ်မှာ တွေ့ပြီး ကတည်းက
ထပ်မတွေ့ရ ။ Penchant ကို နေ့တိုင်း သွားသော်လည်း ကိုရှင်း၏ အရိပ် အယောင်ပင် မမြင်ရ ။ ခရီးသွားနေသည်ဟု ထင်ရသော်လည်း ပြန်လာပါ့မလား ဆိုပြီး စိုးရိမ်မိပြန်ရော ။ကိုယ့်ကိုတောင် မသိသည့် လူတစ်ယောက်ကို ဘာလို့များ နေ့တိုင်း တွေးမိပြီး သတိရနေမိပါလိမ့် ။
