The past

376 12 0
                                    

[UNICODE]

"မြူနဲ့ ပတ်သက်တဲ့ကိစ္စ ဟုတ်လား ကိုသွန်းခ"

" ဟုတ်ကဲ့၊ ဒါပေမယ့် မြူနေကောင်းမှပဲ ပြောကြတာပေါ့နော်" ဟုဆိုကာ ကိုသွန်းခ ပြန်သွားခဲ့သည်။ ကျွန်မလည်း တားချိန်မရခဲ့ပါ။

"မြူရေ ဘာစားချင်လဲ မာယာဘာလုပ်ပေးရမလဲ" ဆိုရင်း လက်ထဲမှ ဟင်းစားအထုပ်များကို ချကာ မာယာကျွန်မကို မေးနေခြင်းဖြစ်သည်။

သို့သော် သွက်လက်လှသော မာယာစကားလုံးများသည် မြူအိပ်ရာဘေးက ဆန်ပြုတ်ခွက်ကြောင့် တိတ်ဆိတ်သွားခဲ့သည်။ တစ်အောင့်ကြာတော့

"မြူ ဒီနေ့ ဘယ်သူလာသွားသေးလဲဟင် " ဟု မာယာဘက်က ဆိုလာသည်။

ကျွန်မလည်း ခေါင်းတစ်ချက် ငြိမ့်ပြကာ ကိုသွန်းခလာသွားကြောင်း ပြောတော့ မာယာမျက်နှာ တစ်ချက်ညှိုးသွားသည်။ ထို့နောက် " မြူ မာယာနားတော့မယ် မြူလည်း စားပြီးပြီမလား" ဟု ဆက်ဆိုသည်။

" အင်း..." ဟု ဖြေလို့တင်မပြီးသေးခင်မှာ မာယာက ရေချိုးခန်းဝင်သွားသည်။ ကျွန်မလည်း ဘာမှဆက်မပြောခဲ့ပါ။ သို့သော် မာယာနှင့် ကျွန်မကြားမှာ အမည်မသိ သွေးအေးမှုတစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့ သွေးအေးလာမှုကို ခံစားသိရှိသော်လည်း ကျွန်မဘာမျှ ဖြေရှင်းချက်မထုတ်ခဲ့ပေ။ မထုတ်ဆို ကျွန်မကိုယ်တိုင် ပဟေဠိများကြား ရှင်သန်နေရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

နောက်နေ့မနက်

"မာယာ ရုံးသွားတော့မှာလား" ဟုကျွန်မမေးတော့ မာယာပြန်မဖြေ။ မာယာက စောင်လေးခြုံပြီးတော့သာ ဆက်အိပ်နေခဲ့သည်။ ထို့ကြောင့်ကျွန်မလည်း ဘာမှမပြောဘဲ ရုံးသို့ထွက်လာခဲ့လိုက်သည်။ ကျွန်မ ကောင်းကောင်း အားမပြည့်သေးပါ။ သို့သော် ရအောင်ထပြီး ရုံးသွားခဲ့သည်မှာလည်း အကြောင်းရှိသည်။

ကျွန်မအတွက် ကိုဝေယံ၏ ဒီတလောလုပ်ရပ်များမှာ ထူးဆန်းနေသည်မှာ အမှန်ပါ။ ထူးဆန်းသည်ဆိုသည်ထက် ပဟေဠိဆန်နေသည်ဆို ပိုမှန်လိမ့်မည်။ ထိုပဟေဠိများကို အဖြေပေးနိုင်မည်မှာလည်း ကိုဝေယံပဲ ရှိမည်ဟု ထင်မိသည်။ ထို့ကြောင့်လည်း ကိုဝေယံကို တွေ့ချင်နေခဲ့ခြင်းဖြစ်သည်။

Bet On heart [ZAWGYI + UNICODE]Tempat cerita menjadi hidup. Temukan sekarang