Zawgyi
ရင်တွေပူပြီးစိတ်မောခြင်းတွေကိုပဲ အချစ်လို့ကမ္ပည်းတွင်ခဲ့လေသလားမသိ၊ စိတ်နာချင်ပေမယ့် စိတ်မနာနိုင်ပဲ ထိုစကားတွေ၊ထိုအဖြစ်အပျက်တွေကို အိမ်မက်တစ်ခုလို့ ထင်မိနေတုန်း၊ Jung Kook က အရာရာကို လက်လျှော့ပေးထားတယ်၊ ပြီးတော့လည်း ချစ်ရသူပျော်ရွှင်စေမယ်ဆို အရှုံးပေးဖို့အထိ စီစဉ်ထားပြီးသား။
Jung Kook ရဲ့စိတ်တွေက အုံ့ပြာမှိုင်းဝေနေတယ်၊ ရင်ထဲမှာဆို့နစ်ပြီး ငိုချလိုက်ရင်ကောင်းမည်လားလို့ခပ်ကြောင်ကြောင်လည်းတွေးမိတယ်၊ အတွေးကနောက်မှာကျန်ရစ်ပြီး မျက်ရည်တစ်စက်က ပါးပြင်ထက်မှာမငြိမ်းချမ်းစွာ စီးလျားကျဆင်းတယ်။
Jung Kook အခုရှိနေတာက Kim အိမ်တော်ကြီးရဲ့ လသာဆောင်နေရာလေး၊ ဒီနေရာမှာပဲ မလှုပ်မယှက် ငြိမ်သက်စွာ Jung Kook ထိုင်နေသည်မှာ အချိန်မည်မျှကြာသွားသည်မသိ၊ အနောက်က ခြေသံကြားလို့လှည့်ကြည့်မိတော့ သူချစ်ရတဲ့လူသား၊ စီကရက်တစ်လိပ်ကိုရှိုက်ဖွာရင်း Jung Kook ထိုင်နေတာကို မြင်တော့လှည့်ထွက်သွားဖို့လုပ်တယ်။
"မသွားပါနဲ့!!....."
ထွက်သွားတော့မယ့် ကျောပြင်ကျယ်ကျယ်ကို အပြေးဖက်ရင်းမှ Jung Kook ဟန့်တားမိတယ်၊ လသာဆောင်အပေါ်စီးကနေမြင်နေရတဲ့ ညရှုခင်းက အသက်ဝင်လှပနေပေမယ့် ခံစားချက်မဲ့နေတဲ့ချစ်ရသူကတော့ မလှုပ်မယှက်ငြိမ်သက်နေတုန်း။
"Tae Hyung သဘောကျနေပေးမယ်......Tae Hyung ရဲ့အမုန်းတွေပျောက်သွားတဲ့အထိ Tae Hyung ကိုကျွန်တော်ပေးဆပ်မယ်လေ.....ကျွန်တော့ကိုအခုလို စိမ်းစိမ်းကားကားကြီး မဆက်ဆံပါနဲ့နော်.......''
ကျောပြင်မှာ မျက်နှာအပ်ရင်း တောင်ပန်တိုးလျှို့ တဲ့စကားတွေဆိုမိတယ်၊ ရလာတဲ့ရလဒ်တစ်ခုက လက်တွေကိုခပ်ကြမ်းကြမ်းဖယ်ထုတ်ခံလိုက်ရတာပဲ၊ အကြမ်းပတမ်းတွန်းထုတ်လိုက်တဲ့အရှိန်နဲ့ Jung Kook က ပစ်လဲကျသွားပြီး ညာဘက်လက်ကောက်ဝတ်ကိုလည်း ဘေးနာကထိုင်ခုံတစ်ခုနဲ့ခပ်ပြင်းပြင်းသွားဆောင့်သည်။
ညည်းသံတစ်ချက်မထွက်နိုင်ပဲ နာကျင်မှုနဲ့အတူ လုပ်ရက်လေခြင်းဆိုတဲ့ အံ့သြမှုတွေနဲ့ Jung Kook ရဲ့မျက်လုံးဝိုင်းဝိုင်းတွေက Tae Hyung ကိုပြူးကြည့်လို့၊ နာကျင်နေတဲ့လက်ကောက်ဝတ်ကလေးကို ကျန်လက်တစ်ဖက်နဲ့ဆုပ်ကိုင်ရင်း သူ့ကိုခပ်စိမ်းစိမ်းစိုက်ကြည့်နေတဲ့ သူ့ရှေ့ကလူသားကိုလည်း မမုန်းတီးနိုင်ခဲ့။