Part-15 (Unicode)

2.4K 232 20
                                    


Facebook Video Call က ဝင်လာတာနှင့် ကျွန်တော်ကြည့်လိုက်တော့ အဖေ့ဆီက။ ဆေးရုံမှာဖြစ်လို့ Video ကိုပိတ်လိုက်ပြီး ဖုန်းကိုသာကိုင်လိုက်သည်။ အဖေ့ရဲ့အသံကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနှင့်ပင်ကြားရသည်။


"......"


ဖုန်းကိုင်လိုက်တာနဲ့ ဘယ်နေ့ ပြန်လာမှာလဲက စမေးသည်။ အလုပ်နှင့်ပတ်သက်သော ကိစ္စတချို့လောက်ကလွဲလျှင် မြန်မာပြည်ကို တခြားထွေထွေထူးထူးအကြောင်းအရာနှင့် ပြန်လာလေ့မရှိတာ သိလျက်သားနှင့်။ ပြန်လျှင်လည်း အဖေ့ကို အသိမပေးဘဲ ပြန်သွားတာကများသည်။ နောက်မှသိတော့လည်း အဖေပြန်သိတဲ့ အလျောက်ပေါ့။ ဒါပေမယ့် အဖေက ဘာမှ မပြောရှာပါ။ ဒီတစ်ခါတော့ အရင်ကနှင့်မတူတော့။ ကျွန်တော့်ကို မရမက လာခိုင်းနေလေသည်။


"ကျွန်တာ်မပါဘဲ အဲ့ မင်္ဂလာဆောင်က လုပ်လို့မရဘူးလား။"


ကျွန်တော့်အသံက အနည်းငယ်အေးစက်စက်။ စိတ်ပေါက်ပေါက်နှင့် ပြောတာမို့ လေသံက အနည်းငယ် မာနေသည်ဆိူတာကို သိသည်။ ဒီနေ့တနေ့လုံး စိတ်က မကြည်ဖြစ်နေတာ။


"....."


ညီမ ဖြစ်သူက လာစေချင်သည်တဲ့။ ကျွန်တော် သက်ပြင်းသာချလိုက်မိသည်။ အဖေက ဖိတ်စာကို Facebook ကနေ ပို့ပေးမည့်အကြောင်း ပြောရင်း ဖုန်းချသွားလေသည်။ ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး ကွန်ပျူတာကို အာရုံစိုက်လိုက်သည်။ ခဏနေတော့ messenger မှာစာတစ်စောင်ကရောက်လာသည်။ အဖေ့ဆီကဖြစ်တာမို့ ဘာရယ်မဟုတ် ဖွင့်ကြည့်လိုက်သည်။ သွားမယ် မသွားဘူးကတော့ နောက်မှဘဲ စဉ်းစားတာပေါ့။ ဖိတ်စာကို ဖွင့်ကြည့်လိုက်တော့ ဒီဇိုင်းကိုတော်တော်လေး ကောင်းကောင်းလုပ်ထားတာဘဲဟုတော့ အသိအမှတ်ပြုလိုက်မိသည်။ ငွေမှင်ရောင်စကားလုံးတွေကို ဖတ်ကြည့်နေရင်း သတို့သားနာမည်ကို အတွေ့မှာတော့ ကျွန်တော်တုံ့ဆိုင်းမိသွားသည်..။ မောင်ထက်မြတ်နိုင်??ထိုနာမည်ကို မြင်လို်က်တာနှင့် မေ့လုနီးပါးဖြစ်နေသော နာမည်တစ်ခုက ခေါင်းထဲ ပြန်ပေါ်လာသည်။ သူများဖြစ်နေမလား...။အဲ့လောက်ထိတိုက်ဆိုင်နိုင်လို့လား...။လက်ထဲမှာဘောပင်ကိုလှည့်ရင်းနဲ့ စားပွဲကို ခေါက်နေမိတာ ဘယ်နှကြိမ်ရှိပြီလဲမသိ။ မနတ်က ကိစ္စက ဆေးရုံရောက်တဲ့အထိ ကျွန်တော့်ခေါင်းထဲ ဝင်ရောက်မွှေနှောက်လျက်ရှိသည်။ စိတ်အစဉ်က မျက်စိတမှိတ်လေးအတွင်းမှာဘဲ လွန်ခဲ့တဲ့ ခြောက်နာရီလောက်ကို ပြန်ရောက်သွားလေသည်။ ဆေးရုံကိုတူတူသွားဖို့ ရှင်းကို စောင့်နေတုန်း မီးပူတိုက်တဲ့နေရာကို ကြည့်တဲ့နေရာကို ကြည့်လိုက်တော့မနေ့က ရှင်းရဲ့ အကျႌတွေက တင်ထားလျက်ပင်။ ကြည့်ရတာက ရှင်းက ဘယ်တော့မှ သိမ်းမလဲမသိ။ ခုနကရှင်းရေချိုးပြီးတာ သိပေမယ့် ခုဘယ်ရောက်သွားပြီလဲမသိ။ အိမ်ကိုဝေ့ပတ်ကြည့်လိုက်တော့လည်း မတွေ့တာနဲ့ဘဲ နောက်တော့ ကျွန်တော်ဘဲ သိမ်းပေးဖို့ ဆုံးဖြတ်လိုက်မိသည်။ အကျႌတထပ်ကြီးကို သယ်ပြီး ရှင်းရဲ့အခန်းထဲ ဝင်လာမိသည်။ ဗီရိုကိုဖွင့်ပြီး အကျႌတွေကို စီစီရီရီနှင့် ထည့်ပေးလိုက်ပြီး အခန်းထဲက ပြန်အထွက်မှာပင် ကုတင်ဘေးနားက စားပွဲခုံပုလေးဆီ အကြည့်ကရောက်မိသွားသည်။ မနေ့က ဓာတ်ပုံက မနေ့ညကတိုင်း နေရာမယွင်းဘဲ ရှိနေလျက်။ အဲ့ဓာတ်ပုံက အရင်က မရှိခဲ့တာလား။ ဒါမှမဟုတ် ကျွန်တော်ကဘဲ သတိမထားခဲ့မိတာလား။ ဓာတ်ပုံကို ခပ်လှမ်းလှမ်းကနေသာ လှမ်းမြင်လိုက်ရတာမို့ ကျွန်တော့်စိတ်ထဲ ဇဝေဇဝါဖြစ်နေမိသည်။ စိတ်ထဲက အတွေးနှင့်အတူ ကျွန်တော့်ခြေလှမ်းတွေက တဖြည်းဖြည်းနှင့် စားပွဲခုံပုလေးနားသို့ရောက်သွားလေသည်။ ဓာတ်ပုံကိုကောက်ယူလိုက်ပြီး ကြည့်လိုက်မိသည်။ ပုံထဲက ကောင်လေးနှစ်ယောက်ရဲ့ အပြုံးတွေက ရွှင်လန်းလို့နေသည်။ ပါးချိုင့်နှင့်ကောင်လေးသည် ရှင်းဆိုတာကို တန်းပြီးသိလိုက်သည်။ ဒီဘက်ဘေးကကောင်လေးက..ကျွန်တော့်စိတ်အာရုံတွေထွေပြားလို့သွားသည်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedWhere stories live. Discover now