Part - 1

63.2K 4K 37
                                    

Unicode

Queen Entertainment အဆောက်အဦးရှိ အမြင့်ဆုံးအထပ်ရှိ ရုံးခန်းတစ်ခုတွင်

အခန်းသည် တိတ်ဆိတ်မှုဖြင့် လွှမ်းမိုးနေခဲ့သည်။ ရုံးခန်းတစ်ခု၊ ထိုရုံးခန်းထဲတွင် လူသုံးဦးရှိ၏။ အတိအကျ ပြောရလျှင် သက်လတ်ပိုင်းအရွယ်မိန်းမပျိုတစ်ဦးနှင့် ကောင်ကလေးနှစ်ယောက်။ အမျိုးသမီးသည်လည်း ဘာတစ်ခုမျှ မပြောသလို ကောင်ကလေးများသည်လည်း ငြိမ်နေကြ၏။ စားပွဲဝိုင်း၏ ထိပ်တွင်ထိုင်နေသူ မိန်းကလေးသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေသည့် ကောင်ကလေးနှစ်ယောက်ကို တစ်လှည့်စီကြည့်သည်။ အတန်ကြာ မည်သည့်စကားမျှ မထွက်လာကြတော့မှ သူမသည် လေပူတစ်ချက် မှုတ်ထုတ်ကာ...

"အခု ငါတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ..."

သူမ စကားစ၏။ မေးခွန်းအဆုံးတွင် မည်သူတစ်ဦးမျှ အသံမထွက်လာခဲ့။ မြူနှင်းမိုး၏ မျက်နှာတွင် စိတ်ညစ်ညူးမှုတို့ ရောက်ရှိလာတော့သည်။

"ဇာတ်လမ်းလွှင့်တာက လေးပိုင်းလောက်ပဲရှိသေးတယ်... ခွန်းက မိန်းကလေးရည်းစားရှိတယ်လို့ သတင်းထွက်လာတယ်..."

Print ထုတ်ထားသည့် ပုံတချို့ကို သူမသည် မှန်စားပွဲထက်သို့တင်ပေးလာ၏။

"ဟိုတယ်ထဲကို ဝင်သွားတာ..."

သူမ၏ လေသံသည် ပုံမှန်လေးသာ။ အပြစ်တင်ခြင်းနှင့်စိတ်ဆိုးဒေါသထွက်ခြင်းမပါဝင်။ စားပွဲထက်ရှိ ဓာတ်ပုံအချို့ထံသို့ ကောင်ကလေးနှစ်ယောက်၏ အကြည့်များသည် ရောက်သွားတော့သည်။ မိန်းကလေး တစ်ယောက်နှင့်နီးကပ်သည့် ကိုယ်နေဟန်ထား လျှောက်ဝင်သွားမှုမျိုးဖြင့် စဝ်ခွန်းစဟု အမည်တွင်သည့် ယုန်ဖြူလေးတစ်ကောင်လိုဆွတ်ဆွတ်ဖြူကာ အိစက်သည့်အသားအရည်၊ ပန်းသွေးရောင် နှုတ်ခမ်းများနှင့် ထိရက် စရာမရှိဘဲ ယုယုယယ ထွေးပွေ့ထားချင်လောက်အောင် လှပသည့် ကောင်ကလေးသည် ဟိုတယ်တစ်ခုဆီသို့ ဝင်သွားခဲ့သည်။

ရှိန်းစစ်မာန်၏ နှုတ်ခမ်းတို့သည် ကုတ်ကျသွား၏။ သူ့နှုတ်ခမ်းများ ကုတ်ကျသွားမှုနှင့် ချက်ချင်းပုံမှန် မျက်နှာသေဖြင့်ပြန်နေလိုက်ခြင်းက စက္ကန့်ပိုင်းလောက်သာ ကြာသွားသည်မို့ အခန်းတွင်းရှိ မည်သူတစ်ဦးမျှ မသိလိုက်ပေ။

I love you First! [Own Creation]Where stories live. Discover now