Part - 8

16.4K 2.2K 49
                                    

Unicode

ညက စဝ်ခွန်းစသည် ရေချိုးခန်းထဲတွင် ခေါင်းအေးစေရန် ရေစိမ်ဖြစ်ခဲ့သည်။ တဒိတ်ဒိတ်ခုန်နေသည့် ရင်ခုန်သံကို ထိန်းချုပ်ပြီး ရေချိုးခန်းထဲမှ သူ ထွက်လာချိန်တွင် ရှိန်းစစ်မာန်သည် အိပ်နှင့်နေခဲ့ပြီ။ သေချာပင် ရေခြောက်အောင် မသုတ်တော့ဘဲ စဝ်ခွန်းစသည်လည်း ဝင်အိပ်လိုက်တော့၏။ ခုတင်က ကျယ်ဝန်းသည်မို့ သူတို့နှစ်ဦးအကြားတွင် လုံလောက်သည့် အကွာအဝေးပမာဏတစ်ခု ခြားနေခဲ့သည်။ ထိုသို့ဖြင့် သူသည် ဖျားလေတော့သည်။

"နေဦး... အာ... လျှောက်မလျက်နေနဲ့ အိုလီဗာ... ငါ အိပ်ချင်သေးတယ်..."

သူ့ပါးတစ်လျှောက်ကို တစ်ခုခု၏ ပွတ်သတ်ခံရမှုကြောင့် စဝ်ခွန်းစအသံက ခပ်လေးလေး။ နုံးချိမှုဖြင့် သူ့ကိုတိုးနေသည့် ခေါင်းကို စဝ်ခွန်းစသည်လှမ်းကိုင်၏။

"အိုလီဗာ... လိမ္မာကွာ..."

သူ့ခွေး၏ ခေါင်းကိုသူ အသာဖွဖွနမ်းလိုက်သည်။ ထို့နောက်ခေါင်းကို အသာပွတ်သပ်ပေးနေ၏။

"အင်း လိမ္မာ..."

ခေါင်းကိုပွတ်သပ်ပေးနေရင်းမှ စဝ်ခွန်းစသည် တစ်ခုခုမှားနေသည်ကို သတိထားလိုက်မိ၏။ အိုလီဗာရဲ့ အမွှေးတွေက အဲ့လောက်မရှည်နေပါဘူး။

လေးလံသည့် မျက်ခွံများကိုအတင်းဖြဲရဲကာ သူဖွင့်နေချိန်တွင် နှာခေါင်းထက်မှ ခေါင်းကိုပုံသွင်းသည့် ဆီတစ်ခုခု၏ အနံ့ကိုသူ ရလိုက်သည်။ မှားနေပြီဟူသည့် အသိသည်ပို၍သေချာလာတော့ မျက်ခွံကို အတင်းဖြဲ ဖွင့်လေ၏။

စဝ်ခွန်းစတစ်ယောက် မင်သက်သွားတော့သည်။ သူက ရှိန်းစစ်မာန်၏ ခေါင်းကိုကိုင်ကာ ဆံပင်များ ကြားလက်ထဲက ထိုးဖွနေခဲ့သည်။

"အာ..."

စဝ်ခွန်းစက လက်ကိုခပ်သွက်သွက်ရုတ်လိုက်သလို ရှိန်းစစ်မာန်သည်လည်း ခုတင်ဘေးတွင် ထိုင်နေရာမှ ချက်ချင်းပြန်ထထိုင်၏။

စဝ်ခွန်းစ၏ အဖျားရှိန်မကျသည့်မျက်နှာသည် ပို၍နီလာတော့သည်။ သူ ခုနက နမ်းလိုက်တာ သူ့ရဲ့ ခွေးလေးအိုလီဗာရဲ့ခေါင်းမဟုတ်ဘဲ ရှိန်းစစ်မာန်ရဲ့ခေါင်းပေါ့!

I love you First! [Own Creation]Where stories live. Discover now