Present For 614 Day 🎁
ယနေ့သည် သားသားလေးနှစ်ယောက်၏ နှစ်နှစ်ပြည့်မွေးနေ့လည်း ဖြစ်သလို Lotte လုပ်ငန်းစု၏ အရှင်သခင် တနည်းအားဖြင့် သခင်ကြီး Park ၏ မကြာမီ ကျရောက်တော့မည့် မင်္ဂလာသက်တမ်း ၅ နှစ်ပြည့်အတွက်ပါ အထူးစီစဉ်ထားသော နေ့ဖြစ်သည်။
ထိုနေ့အတွက် ဟာဝိုင်အီကျွန်းမှ ဟိုတယ်ပရဝိုဏ် တစ်ခုလုံးကို ငှားယူထားပြီးဖြစ်ပြီး ထိုပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်မည့် လူကြီးမင်းတို့ကိုပါ ကိုယ်ပိုင်လေယာဉ်ဖြင့် အကြိုအပို့ ပြုပေးဦးမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ သမ္မတအပါအဝင် ဝန်ကြီးချုပ် အတော်အများပါ တက်ရောက်မည့် ထိုပွဲကြောင့် Lotte လုပ်ငန်း၏ နိုင်ငံအပေါ် ထောက်ပံ့နေမှုသည် ခန့်မှန်း၍ပင် မရနိုင်။
ပွဲအချိန်က ညနေ ၆ နာရီမှ ဖြစ်တာကြောင့် ပွဲကျင်းပမည့်နေရာသည် စီစဉ်သူများနှင့်သာ ပြည့်နှက်နေ၏။ သို့သော် ပွဲတက်ဖို့ရာ ရောက်ရှိနေကြပြီးဖြစ်တာကြောင့် ဟိုတယ်အတွင်းပါမက ကမ်းခြေတစ်လျှောက်သည် လူစည်ကားလျှက် ရှိသည်။ ဤတွင် Park မိသားစုလည်း ပါဝင်၏။
လမ်းခရီးတစ်လျှောက် အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေတဲ့ သားသားနှစ်ယောက်မှာ ရောက်ရောက်ခြင်း ပင်လယ်ကို မြင်လိုက်ရတာကြောင့် ရေဆော့ဖို့သာ တက်ကြွနေသည်။ Baekhyun မှာသာ လေယာဉ်အကြာကြီး စီးခဲ့ရသဖြင့် ခေါင်းနောက်နေသလောက် သားအဖ သုံးယောက်ကတော့ ကမ်းစပ်သွားဖို့ တာဆူနေကြ၏။
တုတ်တုတ်ခဲခဲ သားနှစ်ယောက်ကိုလည်း ကျွန်တော် မနိုင်ပါ။ အသံလေး မာလိုက်သည်နှင့် Daddy ဆိုကာ Chan ရင်ခွင်ထဲ ဝင်ချွဲတတ်တဲ့ သားသားတို့ကြောင့် ဆူမယ့်စကားလုံးတွေ မျိုချပစ်ရတာလည်း အခါခါ။ အခုလည်း ကျွန်တော်ကသာ ကုတင်ပေါ်မှာ သံပုရာသီးတစ်လုံး လက်ကကိုက်လျှက် အမူးဖြေနေရတာ... Chan ကတော့ ပေါ့ပေါ့ပါးပါး အဝတ်အစားတို့ကို လဲဝတ်ဖို့ ရေချိုးခန်းထဲ ဝင်သွား၏။
သားသားတို့ကို ကျွန်တော်တို့ အခန်းထဲမှာပဲ အကူနှစ်ယောက်က အင်္ကျီလဲပေးနေတာကြောင့်ပင်...." သခင်လေး.... အမူးပြေအောင် သံပုရာရည် မှာပေးရမလားရှင် "
အကူတစ်ယောက်က လှမ်းမေးလာတာကြောင့် ကုတင်ခေါင်းရင်းကို မှီထိုင်နေရာက လက်ခါပြလိုက်ရ၏။ အခုလည်း သက်သာနေပြီလေ။ ထိုအချိန် အဝတ်လဲပြီး ထွက်လာတဲ့ Chan က ကျွန်တော်ထိုင်နေရာ ကုတင်ဘက်သို့ လျှောက်လာ၏။