Ep-6

9.3K 938 22
                                    

Unicode Version

ဟန်မင်းစေရာဟာ သူ၏မြင်ကွင်းထဲတွင် တစ်နေကုန်ပျောက်ဆုံးနေသောရှိုင်းထက်ယံကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိစိတ်ကို ပိုတိုး၍ခံစားလာရလေပြီ။

သူ့စကားက ဖိအားတော်တော်ပြင်းထန်လွန်းပြီး ရှိုင်းထက်ယံအတွက် အလွန်အမင်းစိတ်ထိခိုက်စရာဖြစ်သွားရလေသလားဟုပါ တွေးပူနေမိသည်။ ပြီးခဲ့သည့်ရက်များတုန်းကတော့ မမြင်ချင်ပါဆိုသည့်မျက်နှာကို လန့်စရာကောင်းလောက်အောင် မကြာခဏတွေ့နေရသော်လည်း ယခုတော့ဖြင့် တစ်နေကုန်လိုလို အရိပ်အယောင်ပင်မမြင်ရပေ။

အတန်းဆင်းချိန်မှာ တတိယနှစ်အဆောင်ဘက်သို့ မယောင်မလည်သွား၍ အကဲခတ်ကြည့်သော်လည်း မနက်ကတွေ့ခဲ့သောသုံးယောက်အပြင် ပိုမတွေ့ခဲ့ရချေ။

ထိုသုံးယောက်ကို မေးသင့်မမေးသင့် စိတ်ကလွန်ဆွဲနေသော်လည်း ထိုသုံးယောက်၏အမူအရာများအရ သွားမမေးသင့်ကြောင်းသဘောပေါက်လိုက်သဖြင့် ကိုယ့်လမ်းကိုသာဦးလှည့်ပြန်ခဲ့ရသည်သာ။

တစ်နေကုန်လည်း ရှိုင်းထက်ယံ၏အကြောင်းသာ တွေးနေမိ၍လားမသိ။ အိပ်မက်ထဲအထိ ရှိုင်းထက်ယံက ပီပီပြင်ပြင်ပါလာသဖြင့် အိပ်နေရာမှလန့်နိုးရသည်အထိပင်။ ဤကဲ့သို့သောအရှုပ်ထုပ်များနှင့် ပတ်သက်မိကတည်းက သူ့၏နေ့စဥ်ဘဝနှင့်ကမ္ဘာငယ်လေးမှာလည်း ဤသို့နှယ်ကမောက်ကမဖြစ်ရတော့သည်.....။

"မောင်လေး ဘယ်လိုလဲ။ နေမကောင်းဘူးလား"

အစည်းအဝေးခန်းမထဲတွင် မရွှင်လန်းသောအမူအရာနှင့် ထိုင်နေသောဟန်မင်းစေရာကိုကြည့်ပြီး သူတို့အဖွဲ့ထဲမှစီနီယာအစ်မလှရိပ်မြူက မေးလာခြင်းဖြစ်သည်။

"မဟုတ်ပါဘူး အစ်မရယ်.. ကျွန်တော်အိပ်ရေးနည်းနည်းပျက်နေလို့ပါ"

"အင်း...ကျန်းမာရေးကိုဂရုစိုက်ဦး။ အားဖြည့်ထား။ လာမယ့်အပတ်တွေမှာ ပင်ပန်းရဦးမှာ"

အစ်မလှရိပ်မြူ၏စကားကြောင့် အစည်းအဝေးအခန်းထဲကလူအားလုံးလည်း သိချင်စိတ်ဖြင့်နားစွင့်နေကြသည်။

I Found My Prince Charming [Season-1]Where stories live. Discover now