Ep-34

6.5K 696 31
                                    

Unicode Version

ဟန်မင်းစေရာဟာ မိသားစုခရီးစဥ်ကိုမေ့လျော့ထားကာ ရှိုင်းထက်ယံဆီ၌သာ တစ်ပတ်တိတိနေ၍ ပျော်ရွှင်ဖွယ်အခိုက်အတန့်တို့ကို ဖြတ်သန်းသည်။

မလိုအပ်လျှင် အချိန်တွေဟာလည်း အကုန်မြန်လွန်းသည်။ သူကကားယူလာခဲ့သဖြင့် သူ၏အိမ်သားများကို သွားပြန်ခေါ်ပေးရဥိးမည်ဖြစ်ရာ တစ်ပတ်ဟူသောအချိန်က ခပ်မြန်မြန်ကုန်ဆုံးသွားသောအခါ ဟန်မင်းစေရာလည်း စိတ်မပါလက်မပါဖြင့် ရှိုင်းထက်ယံ၏ကွန်ဒိုမှ ထွက်ခွါခဲ့ရသည်။

ပထမတစ်ခေါက်တုန်းက ရှိုင်းထက်ယံဆီသို့ရောက်ရန် လောနေမိသောကြောင့် ခရီးဝေးကြီးမှာ ဤမျှပျင်းစရာကောင်းမှန်း သတိမထားမိခဲ့ပေ။

ယခုအချိန်ကျမှသာ တစ်ယောက်တည်းဤမျှဝေးလံသောခရီးကို သွားရသည်မှာ အလွန့်အလွန်ပျင်းရိဖွယ်ကောင်းပြီး ခြောက်ကပ်ကပ်နိုင်လှသည်ကို ခံစားမိတော့သည်။

အပြန်လမ်းမှာလည်း ပင်ပန်းသည်ကိုအကြောင်းပြ၍ တစ်လမ်းလုံးအိပ်၍သာလိုက်ပါလာခဲ့သည်။ ရှိုင်းထက်ယံအနားတွင် တစ်ပတ်လောက်နေလိုက်ရသဖြင့် အကျင့်ပျက်ချင်လာသော ဟန်မင်းစေရာမှာ ယခင်က ကျောင်းပိတ်ရက်တချို့ကို မည်သို့နှယ်ဖြတ်သန်းခဲ့ရသည်ကိုပင် မမှတ်မိချင်တော့ပေ။

အိမ်သို့ပြန်ရောက်တော့လည်း လူကနုံးချိချိဖြစ်နေသဖြင့် ရေချိုးသန့်စင်ပြီးနောက် အခန်းထဲကိုဝင်၍ ခဏအိပ်နေလိုက်သည်။ နှစ်နာရီလောက်အကြာမှာ ပြန်နိုးလာပြီး နာရီကိုကြည့်လိုက်လေရာ ညနေသုံးနာရီပင်ထိုးတော့မည်။

အိပ်ရာထဲက ချက်ချင်းကုန်းရုန်းထကာ နေ့လယ်စာစားရန် ထမင်းစားခန်းသို့ဝင်ရပြန်သည်။ စားပွဲပေါ်တွင် အရံသင့်ခူးခပ်ပြင်ဆင်ပေးထားသော ဟင်းပွဲများနှင့်ထမင်းပန်းကန်ဟာ သူ့အတွက်မှလွဲ၍ အခြားမဖြစ်နိုင်ပေ။

ဟန်မင်းစေရာလည်း သူ့အတွက်ပြင်ဆင်ပေးထားသော ထမင်းဝိုင်းကိုစားသောက်ပြီးနောက် လုပ်စရာမရှိဘဲ ယောင်လည်လည်ဖြစ်နေသဖြင့် ရှိုင်းထက်ယံဆီသို့ ဖုန်းခေါ်လိုက်မိသည်။ ပထမတစ်ခေါက်နှင့်ဖုန်းပြန်မဖြေသဖြင့် နောက်တစ်ခေါက်ထပ်ခေါ်လေသောအခါ ဖုန်းကိုင်သူမှာ ရှိုင်းထက်ယံမဟုတ်ခဲ့ပါ။

I Found My Prince Charming [Season-1]Where stories live. Discover now