Ep-30

8.1K 689 12
                                    

Unicode Version

ကျောင်းပိတ်ရက်များဟာ ဟန်မင်းစေရာအဖို့တော့ ကျောင်းဖွင့်ရက်များထက်ပင် ပို၍ပင်ပန်းလှသည်။ တိုက်ကွမ်ဒိုလေ့ကျင့်ရေးပြီးလျှင် ဘဝ၏အမောပြေလေးကို မတွေ့ရလျှင်လည်း မနေနိုင်သောကြောင့် လမ်းမကြုံသည့်ကြားက တစ်နေ့တစ်ခေါက်နှုန်းဖြင့် အကြောင်းမရှိအကြောင်းရှာ၍ဝင်တွေ့ဖြစ်သည်။

ရဲရင့်ကတော့ သူ့အဖေနှင့်အတူ ဘန်ကောက်ကိုပါသွားသည်ဟုသာ သတင်းကြားရပြီး ဟန်မင်းစေရာနှင့်တော့ အဆက်အသွယ်မရပေ။

သူရနိုင်ကတော့ နေ့ရှိသရွေ့ သူ့အစ်မအနားကိုကပ်ဖို့သာ ချောင်းနေတတ်သူမို့ ယခုလိုကျောင်းပိတ်ရက်မျိုးမှာ သူ့လိုပင် အကြောင်းမရှိအကြောင်းရှာ၍ ဟန်မေမူယာဆီသို့ သွားလာနေသည်ဟု ကြားသိရသည်။

အဂ္ဂနှင့်စိုင်းညီကတော့ ရှိုင်းထက်ယံဆီသို့အလည်မလာသည့်နေ့မျိုးဆိုလျှင် အိမ်မှာအကျယ်ချုပ်မိနေသောကြောင့်ပင်။

ဟန်မင်းစေရာပြီးလျှင် သူတို့နှစ်ဦးမှာ ရှိုင်းထက်ယံဆီသို့ အလာအများဆုံးနှစ်ယောက်ဖြစ်၏။

အားလုံးအားလပ်ကြသည့် နေ့မျိုးဆိုလျှင် ရှိုင်းထက်ယံ၏ကွန်ဒိုတွင်စုကာ တစ်ခွက်တစ်ဖလားမော့လျှင်မော့သည်။ မဟုတ်လျှင်လည်း ရောက်တတ်ရာရာဗရုတ်သုတ်ခစကားဝိုင်းကို ဖန်တီးကာ အချိန်အတော်ကြာဖြုန်းတီးတတ်ကြသည်။

ရဲရင့်ကတော့ သူမပါဘဲ ငါးယောက်သားလွတ်လပ်ရေးရနေခြင်းကို messenger group chatထဲတွင် အမြဲလိုလိုမကျေနပ်ကြောင်း ပြောတတ်သေးသည်။

ကြာလာတော့ သည်းမခံနိုင်တော့သောအဂ္ဂက ငါးယောက်လုံးဆုံဖြစ်ကြမည့်နေ့မျိုးဆိုလျှင် ရဲရင့်ကိုကြိုတင်အသိပေးထားသည်။ ထို့နောက် ငါးယောက်သား၏တွေ့ဆုံမှုထဲတွင် ရဲရင့်ကိုvideo callခေါ်ပြီး ပါဝင်စေသည်။ ထိုအခါမှသာ ရဲရင့်တစ်ယောက် ဘာမှစောဒကမတက်တော့ဘဲ ကျေနပ်ပျော်ရွှင်နေတော့သည်။

ဟန်မင်းစေရာနှင့်ရှိုင်းထက်ယံတို့၏ ပိုမိုနက်ရှိုင်းလာသောခင်မင်မှုတွင် အကျင့်တစ်ခုရလာသည်။ ယခင်က ရှိုင်းထက်ယံနှင့်ဟန်မင်းစေရာမှာ တစ်ယောက်ကိုတစ်ယောက်နူးနူးညံ့ညံ့ရှိသလောက် ကြာမြင့်လာသော ဆက်ဆံရေးတစ်ခုတွင် သူတို့နှစ်ယောက်ဟာ အသားကျစွာ ပိုမိုရင်းနှီးလာသည်။

I Found My Prince Charming [Season-1]Where stories live. Discover now