ထူးဆန်းနေတဲ့လေထုက မနေ့ညနဲ့တော့တခြားစီပဲ သူတို့နှစ်ယောက် အခု ရှောင်းကျန့်အိမ်နောက်ဖက်ခြံထဲကခုံမှာ အတူရှိနေကြတယ် ။
ရှောင်းကျန့်က ဝမ်ရိပေါ်ကို နည်းနည်းတော့စိတ်ဆိုးချင်နေတယ် ။
လူတွေက ဘယ်အချိန်မှာ သူတို့ပြောထားတဲ့စကားကို ချိုးဖောက်ဖို့ လွယ်ကူတတ်ကြသလဲ ။ ဖြစ်နိုင်တာ..သေချာပေါက် အဲ့ဒါက စိတ်ရင်းမဟုတ်နိုင်ဘူးဆိုရင်ပေါ့ ။
လွယ်လွယ်ပေးလိုက်နိုင်တဲ့ကတိတွေ ၊ မြန်မြန်ပြောထွက်ခဲ့တဲ့စကားတွေက ယုံကြည်ဖို့ရာခိုင်နှုန်းနဲ့ တိုက်ရိုက်အချိုးကျနေခဲ့သလိုမျိုး ။ မဟုတ်ရင် သူကိုယ်တိုင်ကပဲ အများကြီးမျှော်လင့်မိခဲ့လို့လား ။
ရှောင်းကျန့် တိတ်တဆိတ်သက်ပြင်းချလိုက်တယ် ။
သေးငယ်မှုန်မွှားလွန်းတဲ့သံသယက ဦးခေါင်းထဲကို ချက်ချင်းတိုးဝင်လာသလိုပဲ ။ သေချာစီစဥ်ထားတဲ့အရာတွေ ပျက်ပြယ်သွားတဲ့အခါ ဘာဆက်လုပ်ရမလဲ ၊ ဘာတွေဖြစ်လာမလဲ နောက်ဆက်တွဲရှိတယ်ဆိုရင် ဝမ်ရိပေါ်က တကယ်ပဲသူစောင့်နေရတဲ့သူမဟုတ်တာများလားလို့လည်း စိတ်ပူလာတယ် ။
ဒီလိုမျိုးကို အကယ်၍အနေနဲ့တောင် မစဥ်းစားရဲပေမဲ့ မသိစိတ်ရဲ့ချောင်ကျကျနေရာထောင့်လေးမှာတော့ ဒီသံသယက မျှင်းမျှင်းကလေးအသက်ရှိနေပြီး သူ့ကို သံသယဖြစ်ဖို့လမ်းစပျိုးနေတယ် ။
အကယ်၍.. ဒီဝမ်ရိပေါ်ကသာ သူလိုချင်နေတဲ့လူမဟုတ်ခဲ့ဘူးဆိုရင် ၊ ဒီလူသားအပေါ် သူ ဘာတွေအမှားလုပ်နေမိပြီလဲဆိုတာ ဆက်တောင်မတွေးရဲတော့ဘူးပဲ ။
သူ့အတွေးနဲ့သူဖြစ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ကာ ရှေ့မှာထိုင်နေတဲ့ ဝမ်ရိပေါ် ရဲ့မျက်နှာကလည်း ဇီးပင်ထိပ်ကအရွက်နုလေးလောက်သာ သနားကမားရှိတော့တယ် ။
" ကော..ကျွန်တော် တကယ်တောင်းပန်ပါတယ် "
" ညက သေချာဝတ်အိပ်တာကို ဘယ်လိုဖြစ်ပြီး.. ဒီတိုင်း မနက်နိုးလာတော့ မတွေ့တော့တာပဲဗျာ "
ကြည့်လိုက်တော့ တိုးတိတ်တဲ့လေသံဖျော့ဖျော့နဲ့ အမှန်တကယ်အခက်တွေ့အားနာနေပုံ ဝမ်ရိပေါ် ရဲ့မျက်နှာပေးဟာ သူ့နှလုံးသားထဲ ငြင်ငြင်သာသာလေးစိမ့်ဝင်လာတယ် ။ တကယ်ပဲ ခက်ပါတယ် ။ ဒီလိုမျက်နှာမျိုးနဲ့လူကို သူ ဘယ်လိုလုပ်ကြာကြာဆက်စိတ်ဆိုးနိုင်ပါ့မလဲ ။
YOU ARE READING
The Spirit [ Edited ]