ဝမ်ရိပေါ် ကြမ်းပေါ် လဲကျနာကျင်နေတဲ့ ရှောင်းကျန့်ကို ရင်နာနာနဲ့ကြည့်နေရင်း ရုတ်တရက် ခေါင်းတွေထိုးကိုက်လာတယ် ။
လျှိုချင်းလျန် အကာအကွယ်စည်းကိုဖယ်လိုက်တာနဲ့ ရှောင်းကျန့်ရဲ့ ပူပန်သွားတဲ့မျက်ဝန်းလေးတွေကို မြင်လိုက်ရတယ် ။ လှိုက်ခနဲဆို့တက်လာတာ သူ့နှလုံးသားအောက်ခြေဆီက ။
သူကတော့ ဒီအကြောင်းတွေသိနေပြီးသားဆိုပေမဲ့ ဒါကို ရှောင်းကျန့်မသိခဲ့လေတော့ ရှောင်းကျန့်စိတ်ထဲ သေချာပေါက် သူ ဒါတွေမြင်ပြီး ထိတ်လန့်သွားတယ်လို့ပဲ ထင်နေမှာ ။
အဲ့လိုမဟုတ်ကြောင်းရှင်းပြချင်တာမို့ ဝမ်ရိပေါ် အသံထွက်ဖို့ ပါးစပ်ဟလိုက်တယ် ။ ဒါပေမဲ့ ဟန်မဆောင်နိုင်အောင် ပိုပြီးထိုးကိုက်လာတဲ့ခေါင်းကြောင့် နားထင်လို့ဖိကိုင်လို့လဲကျသွားတဲ့ချိန် ။
ပုံရိပ်တွေအများကြီးနဲ့အသံတွေက ကြောက်စရာကောင်းအောင်
သူ့ဦးနှောက်ထဲအဆက်မပြတ် တိုးဝင်လာတယ် ။မက်မွန်ပင်ကြီးအောက်က တစ်ယောက်ယောက်ရဲ့ နောက်ကျောပြင်..
လေမှာတလွင့်လွင့်ဖြစ်နေတဲ့ ဆံနွယ်ရှည်တွေ..
ရင်းနှီးနေတဲ့ ဝတ်ရုံအပြာနုရောင်..
မျက်နှာသေးသေးလေး..
ပြုံးနေတဲ့မျက်ဝန်းလေးတွေ..
ကွေးညွတ်နေတဲ့နှုတ်ခမ်းဖျားက ခေါ်လိုက်တဲ့အသံ.." အရှင် ရောက်လာပြီလား "
ဝမ်ရိပေါ် သူ့ရင်ဘတ်တစ်ခုလုံး မီးရှို့ခံရသလို ပူလောင်လာတယ် ။
လက်ကိုင်ရိုးမှာတော်ဝင်တံဆိပ်ပါတဲ့ဓားကို တုန်ရီစွာကိုင်ထားတဲ့လက်ချောင်းဖြူဖြူလေးတွေ..
တစက်စက်စီးကျနေတဲ့ အနီရောင်သွေးစက်တွေ..
အဖြူစွတ်စွတ်ဝတ်ရုံဖျားမှာ ပေပွနေတဲ့ အစွန်းအထင်းတွေ..
မောဟိုက်နေတဲ့မျက်ဝန်းတစ်စုံနဲ့ ခံစားနာကျင်နေတဲ့မျက်နှာထား..
ရေခဲတမျှအေးစက်နေတဲ့ လေသံနိမ့်နိမ့်.." ခွင့်မလွှတ်ပါနဲ့ အရှင် "
သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မယ် ။ အားကုန်ဖျစ်ညှစ်ခံထားရတဲ့နှလုံးအိမ်က သွေးစိမ်းရှင်ရှင်ထွက်လာနေသလိုပဲ ။
YOU ARE READING
The Spirit [ Edited ]