" အိပ်မက်..? "
ဝမ်ရိပေါ် ပြောပြလိုက်တဲ့အကြောင်းအရာတွေအဆုံး အမေးမြည်တဲ့ခပ်တိုးတိုးအသံလေးဟာ ယိုင်နဲ့စွာထွက်ပေါ်လာတယ် ။" ဟုတ်တယ် အိပ်မက်တွေ "
စကားနဲ့အတူ ခေါင်းကိုပါငြိမ့်လို့ ဟုတ်မှန်ကြောင်းထောက်ခံလိုက်တဲ့အချိန်..သူ့ရှေ့က တစ်မျိုးတစ်ဖုံပြောင်းလဲသွားတဲ့မျက်နှာထားလေးကိုပါ တစ်ဆက်တည်းမြင်လိုက်ရတယ် ။ ရှောင်းကျန့်က ရေနဲ့ငြှိမ်းခံလိုက်တဲ့မီးလေးလို ချက်ချင်းငြိမ်ကျသွားတယ် ။
အခု ဝမ်ရိပေါ် ထိုင်နေတဲ့နေရာက
နတ်ကွန်းအိမ်ရဲ့အပြင်ဧည့်ခန်းမှာဖြစ်တယ် ။ အကြောင်းကတော့..ဒီနေ့နဲ့ဆို သူ့အနေနဲ့ ဒီဒေသကိုရောက်လာတာ တစ်ပတ်ကျော်ပြီ ။
ဒါပေမဲ့ အိမ်ပြောင်းလာတဲ့နေ့ကစလို့ မက်ခဲ့တဲ့အိပ်မက်တွေက ဘယ်လိုမှပျောက်မသွားဘဲ ဆက်တိုက်ဖြစ်လာတယ် ။ နေ့နေ့ညည မျက်လုံးမှိတ်လိုက်တာနဲ့ တန်းအိပ်ပျော်သွားပြီး အိပ်မက်က စမက်တော့တာပဲ ။
ပြီးတော့ အဲ့ဒါတွေက မသဲမကွဲလေးတွေဆိုပေမဲ့ ပြန်နိုးလာတဲ့အခါ ဖြစ်ရတဲ့ခံစားချက်နဲ့..အတိအကျမှတ်မိနေတာက ခက်တာ ။
လူဆိုတာ အိပ်မက်နဲ့ မရင်းနှီးတာမဟုတ်ပေမဲ့ တခါတလေ ဆိုးဝါးတဲ့အိပ်မက်တွေကိုမက်ခဲ့ရင်တောင် နောက်နေ့မှာတော့ မေ့ပျောက်ပြီး နဂိုအတိုင်း ပြန်အဆင်ပြေသွားကြတာပဲမလား ။ အခုကတော့ လုံးဝမတူဘူး ။ တသသနဲ့ အဲ့ဒါကိုပဲ ခေါင်းထဲမှာ ပြန်ပြန်တွေးမိနေပြီး အရေးအကြီးဆုံးအချက်က အဲ့ဒီအိပ်မက်တွေက ပုံစံတူနေတာ..။ ပြောရရင် ဇာတ်လမ်းတစ်ခုတည်းမှာရှိနေတဲ့အပိုင်းအစလေးတွေလို တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ ။
ဒါ့ကြောင့် ခုလိုရက်သတ္တပတ်ထိကြာလာပြီး ပုံမှန်ထက်ထူးခြားလာတဲ့အခြေအနေမှာ ဝမ်ရိပေါ်က အိပ်မက်တွေအကြောင်း ပိုအာရုံစိုက်ဖို့ပဲ ဖြစ်လာတယ် ။ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးတဲ့ အကြောင်းအရာတွေကိုပါ စဥ်းစားမိရင် ကြက်သီးထတယ် ။
ဒါတွေ ဆက်မဖြစ်တော့မယ့် နည်းလမ်းကို ရှာချင်တယ် ။ သေချာပေါက် ရှာရမယ်လို့ဆုံးဖြတ်လိုက်တော့ တစ်ဦးတည်းသော မိတ်ဆွေအသစ်လေး ရှောင်းကျန့်ကိုပဲ သတိရမိတယ် ။
YOU ARE READING
The Spirit [ Edited ]