ဒါကတော့ The Spirit ဗားရှင်းအသစ်ပါ ။ ဇာတ်လမ်းကျောရိုးကတော့ အတူတူနီးပါးပါပဲ ။ အရေးအသားလေး ပြောင်းသွားပြီး အရင်ကဇာတ်လမ်းကို ပိုရသမြောက်စေဖို့ ဇာတ်ကောင်အသစ်တွေတော့ ထပ်ဖြည့်ထားလိုက်ပါတယ် ။
__________________
" ဒါ ပါပါးတို့နေရမယ့်အိမ်ပဲ သား "
သာမန်ထက်ကျယ်ဝန်းနေတဲ့ခြံတံခါးကြီးရှေ့ ကားရပ်လို့ ပါပါးက ပုံမှန်အတိုင်း ခပ်ပြုံးပြုံးမျက်နှာနဲ့အတူပြောလာတယ် ။
2005 ခုနှစ်ရဲ့ နွေရာသီအစောပိုင်းကာလ ။
စားသုံးကုန်ထုတ်စက်ရုံမန်နေဂျာချုပ်ဖြစ်တဲ့ပါပါးက ရုတ်တရက်ကြီး နန်ကျင်းမြောက်ပိုင်းစွန်က အလုပ်စက်ရုံဆီကို တာဝန်လွှဲပြောင်းခံရတာမို့ သူတို့ ဒီကို ပြောင်းရွှေ့လာခဲ့ကြတာဖြစ်တယ် ။
ဒီအိမ်နဲ့ခြံကိုရခဲ့ခြင်းမှာ သေချာပေါက် လွယ်ကူခဲ့တာမျိုးတော့ မဟုတ်ပေမဲ့ စျေးအရမ်းတန်ခဲ့တာတော့မှန်တယ် ။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ တစ်သီးတစ်သန့်ဆန်တဲ့ရပ်ကွက်ထဲမှာ ဒီလောက်ထိကျယ်တဲ့ အိမ်နဲ့ခြံကြီးကို ပါပါးက အချိန်တိုအတွင်းရှာတွေ့ခဲ့တာပဲ ။
သစ်လွင်မနေတဲ့အိမ်အရောင်ဟာ မွဲခြောက်ခြောက်နိုင်နေပေမဲ့ ထိုသုံးထပ်အိမ်ဟာ ခြံဝန်းရဲ့အလယ်မှာ ထီးထီးကြီးရှိနေတယ် ။ အပြင်ပန်းကကြည့်လို့ နည်းနည်းလေးအိုနေသယောင် ထင်ရတာကလွဲရင် အတွင်းထဲမှာတော့ အလွန်ကောင်းမွန်ပုံပေါ်ပါရဲ့ ။ တစ်အိမ်လုံးကို အနှံ့ဝင်ကြည့်လိုက်တဲ့အခါ အခန်းဖွဲ့စည်းပုံတွေလည်း ကျယ်ဝန်းစွာနဲ့စနစ်တကျရှိနေပြီး သူတို့မိသားစုသေးသေးလေးအတွက်ကတော့ ဒါက ထင်ထားတာထက်တောင် အများကြီးလုံလောက်နေတဲ့နေရာတစ်ခုပဲဖြစ်တယ် ။
အိမ်ထောင်ပရိဘောဂနဲ့ရွေ့ပြောင်းပစ္စည်းတွေ သယ်လာတဲ့ ကားရောက်တဲ့အခါ မိသားစုဟာ ထိုကုမ္ပဏီကလူတွေနဲ့အတူ ကူပြီးနေရာချလိုက်တယ် ။ ဒါကြောင့်မို့ နာရီအနည်းငယ်အတွင်းမှာပဲ မြန်မြန်ဆန်ဆန် ပြီးစီးသွားတယ် ။
နောက်ဆုံးတော့ လူသုံးပစ္စည်းတွေနဲ့ပြည့်တင်းသွားတဲ့အိမ်က ခုနလိုအလွတ်ကြီးထက် သိသာစွာပြောင်းလဲသွားတယ် ။ ပြည့်စုံသွားတဲ့အိမ်ဟာ နေချင်စဖွယ်ကောင်းသွားတာနဲ့အမျှ မာမားကစိတ်တိုင်းကျသွားပုံရပြီး ပါးချိုင့်လေးတွေပေါ်တဲ့ထိပြုံးလာတယ် ။ ပြီးတော့ ပါပါးကိုလည်း အတော်လေးချီးကျူးနေလေတယ် ။
YOU ARE READING
The Spirit [ Edited ]