Part 2

1.3K 37 1
                                    


တွယ်နှောင်ရစ်ငင်
အပိုင်း(၂)
10260104
#တွယ်နှောင်ရစ်ငင်

"သမီး...လာသွားမယ်လေ..."
"ဟုတ်....."
အလုံး စာရေးလို့ မပြီးသေးလို့ စိတ်ညစ်သွားပေမဲ့ ဖေကြီး စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
ကျောင်းရောက်တော့မှ ဆက်ရေး ရတော့မည်။
ဖေကြီး က အလုံးကို ကျောင်းအစောကြီး လိုက်ပို့ပေးသည်။
တစ်ခါတလေ ဆိုရင် ဆရာမတောင် မရောက်သေးလို့ အခန်းပြင်မှာ တစ်ယောက်တည်း စာထိုင်ရေးနေရသည်။
"ဖေကြီး...ကျောင်းရောက်ရင် ဆရာမ ရောက်သေးဘူး..."
"ဟင်...ဟလား..."
"အင်း..."
အလုံး စက်ဘီးခြင်းထဲကနေ မော့ကြည့်ပြီး ပြောလိုက်တော့ ဖေကြီး စက်ဘီး ကို ဖြည်းဖြည်းနင်းသည်။
"ဖေကြီးက အလုပ်ရှိလို့ စောပို့တာ သမီးရဲ့....ဒါဆို ဖေကြီး အလုပ်ပြီးတဲ့ အထိ စောင့်မလား..."
"အွင်း.."
ဖေကြီးက လမ်းကြားလေးထဲ ကို စက်ဘီး နင်းသွားသည်။
တောကြီးထဲ ရောက်သွားပြီး ခဏကြာတော့ အိမ်အဟောင်းကြီး ကို ရောက်သွားသည်။
"ဟင်...ကလေး ခေါ်လာတယ်..."
"ကျောင်းမှာ တစ်ယောက်တည်း ဖြစ်နေလို့ပါ...."
"ဒေါ်မိတုတ်..."
"အေး..အေး...."
ဖေကြီး က အလုံးကို စက်ဘီးပေါ်က ချပြီး အပင်အောက်မှာ ဖိနပ် ချွတ်ပေးသည်။
"သမီး ဒီမှာ စာထိုင်ရေးနေနော်...ဖေကြီး အလုပ်ပြီးရင် ပြန်လာမယ်..."
"အင်း..."
"တစ်ယောက်ယောက်လာရင် ဖေကြီးကို အော်ခေါ်နော်..."
"ဟုတ်..."
"......."
ဖေကြီး က အလုံးကို ပြောပြီး ဒေါ်မိတုတ်ကို လက်ကိုင်တော့ ဒေါ်မိတုတ်က ဖေကြီး ကို လိမ်ဆွဲသည်။
"ဒေါ်မိတုတ်...ဖေကြီးကို မဆိပ်နဲ့.."
"အမလေးတော်...အေးပါ...တကယ်ပဲ..."
အလုံး နှုတ်ခမ်းစူ၍ ပြောလိုက်တော့ ဖေကြီးက ရယ်ပြီး ပါးကို ဖျစ်ကာ ထွက်သွားသည်။
အလုံး စိတ်ထဲမှာ ဒေါ်မိတုတ်ကို မကျေနပ်သလို ဖြစ်လာသည်။
စာရေးပြီး လို့ သစ်ရွက်တွေ ခူးဆော့နေတာ ကြာတော့မှ ဖေကြီး က အိမ်အဟောင်းကြီးထဲက ပြန်ထွက်လာသည်။
"ကိုကျော်...ကျွန်မ ပြောတာ မမေ့နဲ့နော်..."
"အင်းပါ...အတူးလည်း သေချာအောင် စောင့်ကြည့်ပါဦး.."
"........."
ဒေါ်မိတုတ်က ငိုမဲ့မဲ့ ဖြစ်နေပေမဲ့ အလုံး နားမလည်ပါ..။
ဖေကြီးကို လက်ကမ်းလိုက်တော့ စက်ဘီးခြင်းထဲ ထည့်ပေးသည်။
ဖေကြီးက အရင်လို ကလင်ကလင် မလုပ်ပဲ ဟင်းဆိုပြီး ခဏခဏ လုပ်နေသည်။
"ဟိုမှာ မေကြီး.."
"ဟင်.."
"မေ..."
"မခေါ်နဲ့..."
အလုံး ခေါ်ဖို့ လုပ်တော့ ဖေကြီးက လက်နဲ့ အုပ်ပြီး စက်ဘီးကို ပြန်ကွေ့လိုက်သည်။
တောထဲကို ပြန်ခေါ်သွားပြီး အိမ်ဟောင်းကြီးဆီကို ပြန်ရောက်သွားသည်။
ကျောင်း ခေါင်းလောင်းသံ ကြားပေမဲ့ ဖေကြီးက အပင် အောက်မှာ ထိုင်နေသည်။
"ဖေကြီး...ကျောင်းတက်ရမယ်လေ..."
"ဟင်း...ခဏနေပါဦး...သမီးရယ်..."
".........."
ဖေကြီးက စိတ်ညစ်နေတဲ့ ပုံစံ ဖြစ်နေတော့ အလုံး ခေါင်းညိတ်ပြီး ကျောင်းစိမ်းဂါဝန်ကို ပိုက်ကာ ဖေကြီး ဘေးမှာ ထိုင်လိုက်သည်။
အလုံး ဘေးက တုတ်တစ်ချောင်း ကောက်ပြီး မြေကြီးပေါ်မှာ ပုံထိုင်ဆွဲနေသည်။
ဖေကြီးရယ် မေကြီးရယ် အလုံးရယ် ပွဲဈေးတန်းသွားတဲ့ ပုံ ဆွဲသည်။
"သမီး..."
"ဟင်..."
"ဖေကြီးနဲ့ ဒေါ်မိတုတ် တွေ့တာကို မေကြီး ကို မပြောနဲ့နော်..."
"ဟုတ်....ပြောပါဘူး.."
'လိမ်မာတယ်..."
"ဖေကြီးက ဒီအိမ်ကြီးကို ပြင်မှာလားဟင်..."
ဖေကြီး လက်သမားလုပ်တဲ့ အိမ်ဟောင်းကြီး ကို လက်ညိုးထိုးပြပြီး မေးလိုက်တော့ ဖေကြီးက မော့ကြည့်သည်။
"ဟင်..."
"ဖေကြီးနဲ့ ဒေါ်မိတုတ် အလုပ်လုပ်နေတာမလား..."
"အဟွင်း...ဟင်း...အဲလိုပါပဲ..လာ...ထ...ငါ့ကြောင့် ငါ့သမီးလည်း ကျောင်းနောက်ကျနေပြီ..."
ဖေကြီးက အလုံးကို မြှောက်ချီတော့ ဖေကြီး လည်ပင်းကို ဖက်ထားလိုက်သည်။
အလုံး အရပ်ရှည်လာတော့ ဖေကြီး ခေါင်းကို မျက်နှာနဲ့ ထိနေပြီ..။
အလုံး က ခုဆို နှစ်တန်းတောင် ရောက်နေပြီလေ..။
"ဖေကြီး...အလုံး နောက်မှာ ထိုင်ချင်တယ်..."
"သမီး မထိုင်တက်သေးဘူး...လှိမ့်ကျလိမ့်မယ်.."
"သေချာ ကိုင်ထားမယ်လေ..."
"သုံးတန်း ရောက်မှ စီးရမယ်...လာ..."
ဖေကြီးက စက်ဘီးခြင်းထဲ ထည့်ပေးတော့ အလုံး နှုတ်ခမ်းစူရင်း ထိုင်လိုက်သည်။
မေကြီးကို မတွေ့ရတော့ ဖေကြီးက စက်ဘီးကို မြန်မြန် နင်းသည်။
ကျောင်းကို ရောက်တော့ ဆရာမ ကို ဖေကြီးက နောက်ကျသွားလို့ ခွင့်လွှတ်ပေးပါလို့ ပြောပေးသည်။
"နှင်းမှုံ..စာအုပ်လာပေး.."
အလုံး အိမ်စာ စာအုပ်ကို စားပွဲ ပေါ် တင်လိုက်ပြီး ရှေ့ဆုံးတန်းက အလုံးခုံမှာ ၀င်ထိုင်လိုက်သည်။
"နှင်းမှုံ က လက်ရေးလှ တယ်..အေးသက် စာရေးရင် နှင်းမှုံ လို လှလှလေး ရေးနော်..."
"ဟုတ်..."
အလုံး ပြုံးလိုက်ပြီး ဖေကြီး စာအုပ် အဖုံး လှလှလေး ကပ်ပေးထားတဲ့ ဖတ်စာအုပ်ကို ဖြည်းဖြည်း ထုတ်လိုက်သည်။
စာအုပ်တွေ တွန့်ခေါက်ရင် မကြိုက်ဘူးလို့ ဖေကြီးက ပြောထားတော့ အနားလိတ်နေတဲ့ စာရွက်ကို ပေတံဖြင့် ဖိဆွဲ လိုက်သည်။
"နှင်းမှုံလေး က တော်လိုက်တာ..."
ဆရာမ တွေ အချင်းချင်း ပြောနေတာ ကြားတော့ အလုံး လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
အလုံးက စာလည်း တော်သလို လိမ်လည်း လိမ်မာလို့ ဆရာမတွေက ချစ်သည်တဲ့..။
သူငယ်ချင်းတွေက အလုံးကို စာတော်လို့ ခင်ကြသည်။
"တို့အလံ...ဆိုမယ်နော်..."
"ဟုတ်..."
"........."
အလုံး ကျောင်းမှာ ပျော်ပေမဲ့ ကျောင်းဆင်းချိန်ဆို ဖေကြီး ကို အကြာကြီး စောင့်ရသည်။
တစ်တန်းတုန်းက ဖေကြီးကအရင်ဆုံး ရောက်သည်။
နှစ်တန်းရောက်တော့ ဖေကြီးက နောက်ဆုံးမှ ရောက်သည်။
"လာမကြိုသေးဘူးလား...သမီး ပြန်တက်တာပဲ ပြန်လိုက်လေ..."
"ဖေကြီး က လာကြိုမှ ပြန်တဲ့..."
"သြော်...အေး...ဒါဆို ...ဒီမှာ တစ်ယောက်တည်း မနေနဲ့လေ....မုန့်ဆိုင်နားမှာ စောင့်ချေ..."
"ဟုတ်ကဲ့..."
အလုံး ကျောင်းထဲက ထွက်ပြီး မုန့်ဆိုင်ရှေ့မှာ ထိုင်စောင့်ရသည်။
အကြာကြီး စောင့်ပြီးတော့မှ ဖေကြီး က ရောက်လာသည်။
"ဖေကြီး..."
"အေး..."
ဖေကြီးကို ပြေးဖက်လိုက်ပြီး လွယ်အိတ် ချွတ်ပေးလိုက်သည်။
ဖေကြီးက ချီပြီး ခြင်းထဲ ထည့်ပေးတော့ အလုံး လွယ်အိတ်ကို ပိုက်ထားရသည်။
"ဖေကြီး နောက်ကျနေတယ်.."
"အင်း...သမီး စောင့်ရတာ ကြာသွားလား..."
"မကြာပါဘူး..."
ဖေကြီး စိတ်ညစ်မှာ စိုးလို့ အလုံး လိမ်လိုက်တော့ ဖေကြီး က စက်ဘီးနင်းနေရင်း အလုံး ပါးကို လှမ်းဖျစ်သည်။
အိမ်ပြန်ရောက်တာ့ ဖေကြီး ပုဆိုး ယူပေးပြီး ရေတူတူ ချိုးကြသည်။
ဖေကြီး က ပုဆိုး လျှော်ပြီးတော့ အလုံးက ယူပြီး မမှီတဲ့ တန်းပေါ်မှာ မညီမညာ လှန်းပေးလိုက်သည်။
"ငါ့သမီးက အလိမ်မာလေးပဲ..."
"ဟီး...."
"......."
ဖေကြီးက အလုံးကို ကောက်ချီကာ ပါးကို နမ်းပြီး အိမ်ပေါ် ခေါ်လာခဲ့သည်။
သနပ်ခါး လူးပေးပြီး ထမင်းလည်း ခွံ့ပေးသေးသည်။
"ဘိုးလေး.....အလုံး နင်းပေးမယ်.."
"အေး...နင်းစမ်း..."
ဖေကြီး က ဘိုးလေး ကို နှိပ်ပေးနေရတော့ အလုံး လည်း အနားရောက်သွားကာ နင်းပေးသည်။
မေကြီးက ဈေးရောင်းသွားတော့ မိုးချုပ်မှ ပြန်လာတက်သည်။
အလုံးနဲ့ ဖေကြီးရယ် ဘိုးလေး ရယ် ထမင်း အရင်စားရသည်။
အလုံး မီးတိုင်အောက်မှာ စာရေးနေချိန် ဖေကြီးက အိပ်ရာပြင်ပေးသည်။
"ကိုကျော်စံ..."
"ဟင်..."
"မသာကောင်..ရှင် တော်တော် တက်နိုင်တာပဲ...ကုတ်ကမြင်းကောင်..."
"ဟင်..."
"ဟဲ့....ဘာဖြစ်တာလဲ....မိအုံး...."
"မသာကောင်...နင် မျက်နှာပြောင်တိုက်လှချည်လား..."
"အုန်း....အုန်း..."
မေကြီး က လက်ထဲက ဈေးဗန်းကို လွင့်ပစ်ပြီး ထဘီ ပြင်ဝတ်ကာ ဖေကြီး အနားရောက်သွားပြီး ကျောကုန်းကို ထုသည်။
"မိအုံး..ရပ်စမ်း...ငါ ပြောနေတယ်လေ..."
ဘိုးလေး က ခါးကို လက်နဲ့ထောက်ပြီး ထလိုက်ကာ မေကြီး အနားကို ရောက်သွားသည်။
အလုံး မျက်လုံးပြူးရင်း ကြောက်နေမိသည်။
"ပွေဖောက်ချင်တဲ့ကောင်....စောက်လုပ်မရှိ စောက်ကိုင်မရှိ မယားက ရှာကျွေးတော့ ဒင်းက သရမ်းချင်သေးတယ်.."
ဖေကြီး ဆံပင်ကို ဆောင့်ဆွဲပြီး ခါရမ်းနေတော့ အလုံး မျက်ရည်ကျလာသည်။
"ဟီး...မလုပ်ပါနဲ့ မေကြီးရဲ့...ဖေကြီးကို မလုပ်ပါနဲ့.."
"ဖယ်စမ်း..."
"တစ်ယောက်နဲ့ မလောက်ဘူး ဟလား.....သေနာ..."
"မိအုံး....ရပ်စမ်း...လူကြားမကောင်း သူကြားမကောင်း....ဘယ်က ဘာကြားလာပြန်တာလဲ...."
"ဒင်းတို့ အကြောင်း တစ်ရွာလုံးက လျှံပြီး ရွာပြင်မှာနေတဲ့ ကျုပ်ကြားလာပြီးပြီ..."
မေကြီးက ဘိုးလေး ဆွဲခေါ်နေရင်း ခြေထောက်မြှောက်ပြီး ဖေကြီးကို ထပ်ကန်ပြန်သည်။
"ဟီး...ဖေကြီး သနားပါတယ်....ဖေကြီးကို မလုပ်ကြပါနဲ့..."
"ဟင့်...အင့်...."
ဖေကြီးက အလုံးကို ဖက်ပြီး ငိုတော့ အလုံးလည်း ဖေကြီးလည်ပင်းကို ပြန်ဖက်ထားလိုက်သည်။
"ငါပြောတာ နားထောင်....သူတချိန်လုံး ငါနဲ့ ရှိနေတာပဲ....မိလုံးကို ကျောင်းပို့ ကျောင်းကြိုပဲ အပြင်ထွက်တာ....နင့်ကို ဘယ်ဟာမ က ပြောလိုက်ပြန်ပြီလဲ.."
"အဖေ ဘာသိလို့လဲ....အိမ်ပေါ်တက်နေရင်တောင် သိမှာမဟုတ်ဘူး...နှစ်ကောင်စလုံး သတ်မှ အေးမယ်....လွှတ်စမ်းပါ....ခွမ်း..."
မေကြီး က နံရံမှာ ထောင်ထားတဲ့ ၀ါးလုံး ပြေးယူတော့ အလုံး ရှေ့မှာ ရပ်ပြီး အော်ငိုနေရသည်။
"ဖေကြီးကို မသတ်ပါနဲ့...မသတ်ပါနဲ့.....ဟီး...ဖေကြီးကို မလုပ်ပါနဲ့ မေကြီးရယ်....ဖေကြီး ကို မလုပ်ပါနဲ့..အီး..."
မေကြီး ခြေထောက်ကို ဖက်ပြီး အော်ငိုတော့ မေကြီး က အလုံးကို ဆွဲဖယ်သည်။
"နှစ်ကောင်စလုံး တော်ကြစမ်း..နင်တို့သတ်ချင်ရင် ငါ့မြေးရှေ့မှာ မသတ်နဲ့ ထွက်သွားကြ....ဆင်းသွားကြ..."
ဘိုးလေး က အော်လိုက်တော့မှ မေကြီး လက်ထဲက တုတ်ကို လွင့်ပစ်လိုက်သည်။
"မင်း ထင်သလို မဟုတ်ဘူး...မိအုံး..တစ်ခါ မှားဖူးတိုင်း အမြဲ မှားနေတာမဟုတ်ဘူးကွ...."
"မသာကောင်...ငါ လက်ပူးလက်ကြပ် မမိခင်အထိတော့ နင်ငြင်းပေါ့...မိလို့ကတော့ နှစ်ယောက်စလုံး မရှင်ဘူးမှတ်...."
"..........."
မေကြီးက ဈေးဗန်း ကို ဖေကြီး ဆီပစ်ပေါက်ပြီး မီးဖိုခန်းထဲ ၀င်သွားသည်။
ဖေကြီး အနားကို ရောက်သွားပြီး မေကြီး ကုတ်ထားတဲ့ ဖေကြီး ပါးပေါ်က သွေးတွေ တွေ့တော့ အလုံး မျက်ရည်တွေ ကျလာပြန်သည်။
"နာလား..ဖေကြီး.."
"မနာပါဘူး သမီးရယ်...ဘာမှ မဖြစ်ပါဘူး..."
ဘိုးလေး က မီးဖိုခန်းထဲမှာ မေကြီးကို ဆူနေတော့ ဖေကြီးက ဈေှးဗန်းထဲက ခြင်းထောင်းတွေကို ကောက်ပြီး လိုက်သိမ်းနေသည်။
ဖေကြီးကို ကြည့်ရင်း အလုံး ငိုချင်လာလို့ ဖေကြီးကို ဖက်ထားမိသည်။
"ဘာမှ မဖြစ်ပါဘူး သမီးရဲ့...မငိုနဲ့တော့လေ...နော်..."
"ဟီး....အလုံး ဖေကြီးကို သနားလို့...ဟီး..."
ဖေကြီးက အလုံးကို ချီပြီး ဖက်ထားရင်း ကျောကို ပုတ်ပေးပေမဲ့ အလုံးကတော့ ဖေကြီး လည်ပင်းကို အတင်းဖက်ထားမိသည်။
မေကြီး နောက်တစ်ခါ ထပ်ရိုက်ရင် မေကြီးကို တွန်းလှဲပစ်ဦးမည် လို့ တွေးမိသည်။
.
"သူငယ်တန်းတုန်းကတောင် တစ်ယောက်တည်း သွားသေးတာပဲ...ခုမှ ဘာ လိုက်ပို့လဲ....မလိုချင်ဘူး...သွား..."
ဖေကြီး က ဘိုးလေး နဲ့ အလုပ်သွားရမှာမို့ အလုံးကို ကျောင်းလိုက်မပို့နိုင်တော့ပါ...။
အလုပ်မသွားခင် လိုက်ပို့ပေးမယ် ပြောပေမဲ့ မေကြီးက တစ်ယောက်တည်း သွားခိုင်းသည်။
စက်ဘီးနဲ့ မဟုတ်တော့ အလုံး လွယ်အိတ် နဲ့ ထမင်းဘူးက လေး နေသည်။
ဖေကြီး ကို တစ်ချက်ကြည့်တော့ ဖေကြီးက ပြုံးပြပြီး မုန့်ဖိုး ငါးဆယ်တောင် ထုတ်ပေးသည်။
"ယင်နားတာတွေ မစားနဲ့နော်....လမ်းဘေးက သွား စက်ဘီးတွေ ရှုပ်နေမယ်..."
"ဟုတ်...."
"........"
အလုံး ခြံပြင် ရောက်လာပြီးတော့မှ အိမ်ထဲကို ပြန်ဝင်ပြေးလိုက်သည်။
"ဘာကျန်ခဲ့လို့လဲ သမီး..."
"မေကြီး ရိုက်ရင် ပြန်ရိုက် သိလား ဖေကြီး..."
"အဟွင်း...ရိုက်ရဲပါဘူး...."
"အာ့ဆို ထွက်ပြေးနော်..."
"ဖေကြီး တို့ ရန်မဖြစ်တော့ပါဘူး..သမီးရဲ့...ဘာမှ မဖြစ်ဘူး..ဖေကြီးတို့ ပြန်တည်သွားပြီ..."
"ဟုတ်ပဲနဲ့.."
"ဟုတ်တယ်...မိအုံးရေ...."
"ဘာတုန်း..."
"တွေ့လား...ဖေကြီးတို့ ပြန်ခေါ်သွားပြီ...."
အလုံး ရယ်ပြီး ခေါင်းညိတ်လိုက်၍ တာ့တာပြပြီး ခြံပြင်ကို ထွက်လာခဲ့လိုက်သည်။
အလုံး ကျောင်းသွားနေချိန် ဖေကြီး အရိုက်ခံရမှာ စိတ်ပူသည်။
ဖေကြီး ကို မေကြီး နဲ့ ဘိုးလေး အနိုင်ကျင့်နေမှာလည်း စိတ်ပူသည်။
ဖေကြီး အရိုက်ခံရတာ သတိရတော့ အလုံး မျက်ရည်ဝဲလာသည်။
ခြေလှမ်း ဖြည်းဖြည်းချင်း လျှောက်နေရပေမဲ့ လွယ်အိတ်က လေးသလို ထမင်းဘူ့းလည်း မကိုင်ချင်..။
အကြာကြီး လျှောက်ပြီးတော့မှ ကျောင်းကို ရောက်တော့သည်။
မုန့်ဆိုင်ကို ရောက်ပေမဲ့ မုန့်မ၀ယ်စားပဲ ဆေးပေါ့လိပ် ၀ယ်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်သည်။
အလုံး ကျောင်းမှာ စာသင်ပေမဲ့ ဖေကြီးကို သတိရနေသည်။
"နှင်းမှုံ သမီး နေမကောင်းဘူးလား..."
"ကောင်းပါတယ်ရှင့်..."
"သမီး ဒီနေ့ စာရေးတာ ကြာတယ်နော်..မြန်မြန်ရေးလေ...သူများတွေ ပြီးကုန်ပြီ.."
"ဟုတ်..."
အလုံး မြန်မြန် စာရေးလိုက်ပေမဲ့ အကုန်လုံးမှာ နောက်ဆုံးမှ ပြီးတော့သည်။
ကျောင်းဆင်းတော့ လွယ်အိတ်ကို လွယ်ပြီး အလုံး ပထမဆုံး ထွက်ပြေးခဲ့သည်။
လမ်းမှာ ပြေးလာလို့ မောပေမဲ့ ခြံထဲမှာ သစ်သားတွေ ဖြတ်နေတဲ့ ဖေကြီးကိုတွေ့တော့ အလုံး ရယ်လိုက်သည်။
ရင်ဘတ်ကြီး ဖောင်းသွားအောင် အသက်ရှုပြီး ခြံထဲ ပြေးသွားသည်။
"ဖေကြီး.."
"ဟော...ပြန်လာပြီလား..."
"ဟုတ်...."
"ကြည့်စမ်း....ပြေးလာတယ်မလား.."
"အွင်း..."
"ဘာလို့ ပြေးတာလဲ သမီးရယ်...ချော်လဲမယ်...မပြေးဖို့ ပြောထားတယ်လေ..."
"အလုံး...ဖေကြီးကို သတိရလို့..."
"အဟွင်း...အလိမ်မာသမီးလေး...အမောပြေလေး..."
ဖေကြီးက အလုံးကို ဖက်တော့ ဖေကြီး ကို ပြန်ဖက်ပြီး ချွေးတွေနဲ့ ပါးကို နမ်းလိုက်သည်။
"........."
ဖေကြီး နားနောက်မှာ ထိုးထားတဲ့ ဆေးပေါ့လိပ် အပိုင်းကို တွေ့တော့မှ အလုံး သတိရသည်။
"ဖေကြီး....."
အလုံး လွယ်အိတ်ထဲက ဆေးလိပ်တွေ ထုတ်လိုက်သည်။
မကျိုးအောင် သေချာ ထည့်ထားပေမဲ့ တစ်လိပ် က ကောက်နေတော့ မဲ့သွားသည်။
"တစ်ချောင်းကျိုးပြီ..."
"ဟင်...သမီးက ဒါတွေ ၀ယ်လာတာလား..."
"အွင်း..."
"မုန့်မစားဘူးလား..."
"ဟင့်အင်း...ဖေကြီး အတွက် ဆေးလိပ် ၀ယ်ပေးချင်လို့..."
"အိုး...မလိုပါဘူး သမီးရယ်...."
ဖေကြီး က အလုံး ကို ကြည့်ပြီး မျက်လုံးနီလာကာ အလုံး ကို ဖက်ပြီး ပါးကိုနမ်းသည်။
"ဒီဟာ ကျိုးသွားပြီ..."
"သောက်လို့ရပါတယ်...သမီးရဲ့...ခဲတံလိုပဲ နှစ်ခု သောက်ရတာပေါ့..."
"ဟလား..."
"အင်း..ဒီလို ချိုးလိုက်ရင် နှစ်ချောင်းဖြစ်ပြီ.."
"ဟီး.."
"သမီး ရေချိုးမယ်မလား....အ၀တ်တွေ လဲခဲ့...ဖေကြီး ရေခပ်လိုက်မယ်..."
"အွင်း...ဖေကြီးနဲ့ တူတူ ချိုးမယ်.."
"ကဲ....လာ..."
ဖေကြီးက သစ်သားတုံးတွေကို ဘေးဘက်ရွေ့ပြီး အိမ်ပေါ် တက်လာခဲ့သည်။
အလုံး လွယ်အိတ်ချပြီး ရေချိုးဖို့ အ၀တ်တွေ ချွတ်လိုက်သည်။
ရေတွင်းမှာ ဖေကြီးနဲ့ တူတူ ရေချိုးရတိုင်း ပျော်ပါသည်။
.
"သမီး..."
"ရှင်..."
"ကျောင်းသွားတော့မလား..."
"ဟုတ်..."
ဖေကြီး က အလုံးခေါင်းကို သပ်ပေးပြီး လွယ်အိတ် သေချာ လွယ်ပေးသည်။
ထမင်းဘူး ပေးပြီး မုန့်ဖိုးပေးသည်။
"သမီး ကျောင်းသွားရင် ဒေါ်မိတုတ်ကို တွေ့ရင်လေ....ဒီဟာလေး ပေးပေးနော်.."
"ဟုတ်...ဖေကြီး ညကျ ပွဲရှိတယ်..."
"အေး...အေး...သွားကြမယ်..."
ဖေကြီးပေးတဲ့ အိတ်ကို ယူပြီး လွယ်အိတ်ထဲ ထည့်လိုက်ကာ ဖေကြီးကို ဖက်ပြီး နမ်းလိုက်သည်။
"ဘယ်သူမှ မသိစေနဲ့နော်..."
"ဟုတ်..."
အလုံး ကျောင်းသွားတဲ့ လမ်းကနေ ကွေ့ပြီး ဒေါ်မိတုတ်တို့ အိမ်ရှေ့ကို သွားလိုက်သည်။
ဒေါ်မိတုတ်က အ၀တ်တွေ လှန်းနေတော့ ခြံထဲကို ၀င်သွားသည်။
"ဒေါ်မိတုတ်..."
"ဟင်....မိလုံး..."
"အင့်....ဖေကြီး ပေးလိုက်တာ..."
ဒေါ်မိတုတ်က မျက်လုံးကြီး ပြူးပြီး အလုံးလက်ထဲက အိတ်ကို ဆွဲယူသည်။
"သွား...သွားတော့...မိလုံး..."
"အွင်း.."
"ဒီကိုလာတယ်လို့ ဘယ်သူမှ မပြောနဲ့နော်..."
"ဟုတ်..."
"..........."
အလုံး ကျောင်းကို ရောက်သွားတော့ ခြေထောက်ညောင်းပြီး နောက်လည်း ကျနေပြီ..။
"နှင်းမှုံ...နောက်ကျပြန်ပြီ..."
"ဟုတ်ကဲ့...ဆရာမ..."
"စာအုပ်ထုတ်..."
အလုံး စာအုပ်ထုတ်ပြီး ခြေထောက်ကို လှမ်းဖျစ်ရသည်။
ဒေါ်မိတုတ် ၀ယ်ပေးထားတဲ့ လွယ်အိတ် အ၀ါက အောက်အမြီးတွေ ပျက်နေပြီ....။
ဖေကြီး ကို လွယ်အိတ် အသစ် ၀ယ်ခိုင်းရဦးမည်။
ညနေ ကျရင် ပွဲကြည့်ဖို့ ပူဆာပြီး ဖေကြီးနဲ့ တူတူသွားမည်။
မျောက်က ကတာလည်း ကြည့်ဦးမည်။
"နှင်းမှုံ.."
"ရှင်..."
"ပုံဆွဲနေတာလား..."
"ဟင်..."
ဆရာမ က အနားရောက်လာတော့ အလုံး ငုံ့ကြည့်လိုက်တာ စာအုပ်မှာ ပုံတွေ ဆွဲနေမိသည်။
ခဲဖျက်ယူပြီး အမြန်ပြန်ဖျက်လိုက်ကာ မြန်မာစာတွေ ကူးရေးရသည်။
အလုံး ကျောင်းဆင်းတော့ ထုံးစံအတိုင်း အိမ်ကို ရောက်အောင် ပြန်ပြေးသည်။
"ဖေကြီး..."
"ဟင်..."
အရင်နေ့တွေလို ခြံထဲမှာ ဖေကြီးကို မတွေ့တော့ အလုံး ခြံထဲ ၀င်ကြည့်သည်။
ဘိုးလေး နဲ့ အလုပ်လိုက်သွားလို့ အပြန် နောက်ကျ နေတာလား..။
အိမ်ပေါ်မှာ လွယ်အိတ်ထားပြီး ခြံဝ မှာ ဖေကြီးကို ထိုင်စောင့်နေလိုက်သည်။
"ဖေကြီး ပြန်လာရင်မိုးချုပ်မှာပဲ....ရေချိုးထားရမယ်..."
အလုံး အ၀တ်အစားတွေ ချွတ်ပြီး ဘောင်းဘီတို ဖြင့် ရေတွင်းကို ရောက်သွားသည်။
ဖေကြီး က ရေမခပ်ခိုင်းပေမဲ့ ရေဘုံးကို ပစ်ချပြီး ပါသလောက် ခပ်ပြီး လောင်းချိုးလိုက်သည်။
ရေနည်းနည်းပဲပါလို့ ရေဘုံး ကို ရမ်းပြီး ရေ၀င်အောင် လုပ်ရသေးသည်။
သနပ်ခါးသွေးပြီး သနပ်ခါးညီညီလေး ဖြစ်အောင် လူးထားသည်။
ဖေကြီး ၀ယ်ပေးထားတဲ့ ဂါဝန် အစိမ်းလေး ၀တ်ပြီး အိမ်ရှေ့မှာထိုင်စောင့်တာ မိုးချုပ်လာပြီ..။
ခြင်တွေ ကိုက်ပေမဲ့ အိမ်ထဲမှာ ကြောက်လို့ ခြံထဲမှာပဲ ဆင်းထိုင်နေလိုက်သည်။
"ဖေကြီး..."
ခြံရှေ့မှာ စက်ဘီး သံကြားတော့ အလုံး ရယ်ပြီး ပြေးထွက်သွားသည်။
ဖေကြီး မဟုတ်ပဲ ဒေါ်စု ဖြစ်နေသည်။
"ဟဲ့...မိလုံး..နင် တစ်ယောက်တည်းလား..."
"ဟုတ်....ဖေကြီးတို့ ပြန်မလာသေးဘူး..."
"ဒါဆို တို့အိမ်လိုက်နေလေ.."
"ဟင့်အင်း..ဖေကြီး ပြန်လာတော့မယ်..."
"ခက်တာပဲ....ကျော်စံတို့ကလည်း မိုးချုပ်လိုက်တာဟယ်...အိမ်ပေါ်မှာ နေနော် မိလုံးရေ..."
"........"
အလုံး ခြင်တွေ မောင်းရင်း မှောင်မဲထဲမှာ အချိန်ကြာကြီး ထိုင်နေပြီးမှ ဘိုးလေးရဲ့ စက်ဘီး မီးရောင်တွေ့ရသည်။
"ဖေကြီး..."
"ဟဲ့...မိလုံး...မှောင်ထဲ ဘာလုပ်နေတာလဲ..."
"ဘိုးလေး...ဖေကြီးကော.."
"ဟေ....အိမ်မှာ မဟုတ်ဘူးလား.."
"ဟင့်အင်း..."
"ဒီကောင် မနက်ကတည်း က ပြန်သွားတာပဲ..."
"........."
ဖိုးဖိုး က လက်နှိပ်ဓာတ်မီးဖြင့် ခြံထဲ ရောက်လာကာ အလုံးကို လက်ဆွဲပြီး အိမ်ပေါ် ခေါ်ခဲ့သည်။
မီးတိုင် ထွန်းပြီး အခန်းထဲကို ၀င်ကြည့်ကာ ဆဲဆိုနေသည်။
"ဖေကြီးကောဟင်..."
"အေး...ငါလည်း မသိဘူး...ခွေးထက် မိုက်တဲ့ကောင်....နင် နေလိမ့်ဦး..."
ဘိုးလေး က အိမ်အောက်ကို ဆင်းသွားတော့ အလုံး အိမ်ဝ မှာ ထိုင်စောင့်နေသည်။
ဖေကြီး ကလည်း ဘယ်တွေ သွားနေတာလဲ မသိဘူး..။
ပွဲက စတော့မယ်...။
ပွဲမှာ ခင်းဖို့ ဆိုပြီး ပိုက်ထားတဲ့ ဖေကြီး ပုဆိုးနဲ့ ခြင်မောင်းပြီး ပြန်ခေါက် ပြန်ပိုက်ထားရသည်။
"မေကြီး.."
"မသာ...မသာကောင်...ဒီလို လာလုပ်လို့မရဘူး....နှစ်ကောင်စလုံး သတ်ပစ်မယ်မှတ်..."
မေကြီးက အလုံးကို မကြည့်ပဲ အခန်းထဲကို ၀င်သွားသည်။
တဒုန်းဒုန်း ဖြင့် ပစ္စည်းတွေ လွင့်ပစ်သံတွေ ကြားရတော့ အလုံး လန့်လာသည်။
"မိလုံး...လာစမ်း..."
အလုံး ကို ခေါ်တော့ ကြောက်သွားပေမဲ့ အခန်းထဲကို သွားရသည်။
"နင့်အဖေ မနက်က ကျောင်းလိုက်ပို့လား..."
"ဟင့်အင်း.."
"မိတုတ်ကော လာသေးလား.."
"ဟင့်အင်း..."
"နင်ကျောင်းသွားတော့ နင့်အဖေ ရှိလား..."
"ဟုတ်..."
"နင့်ကို ဘာပြောသေးလဲ...နေစမ်းပါဦး...နင်က ဘာလို့ အကျီ င်္ အသစ်ထုတ်ဝတ်ထားတာလဲ...."
အလုံး ပြောလိုက်ရင် ဖေကြီး ကို မေကြီးက ဆူမှာ စိုးလို့ တွေးနေမိသည်။
"ဟဲ့...မေးနေတယ်လေ..."
"ဖေကြီး နဲ့ ပွဲသွားမလို့..."
"ဟမ်....ပွဲသွားဖို့ ဟလား...ဘယ်တုန်းက သွားတာလဲ..."
"မနက်တုန်းက ညနေကျရင် ပွဲသွားဖို့ ပြောထားတယ်..."
"နင့်အဖေ နဲ့ မိတုတ် တွေ့တာ နင် တွေ့လား..."
"ဟင့်အင်း..."
"မိတုတ် အိမ်ကော သွားသေးလား..."
"ဟင့်အင်း.."
အလုံးမနက် က သွားတာကို သတိရပေမဲ့ ခေါင်းကို ခါရမ်းပြီး လိမ်လိုက်သည်။
ဖေကြီးက မပြောဖို့ မှာထားလို့ အလုံး လိမ်လိုက်ရပေမဲ့ စိတ်ထဲမှာ ကြောက်နေသည်။
"သေချင်းဆိုး...ဒင်းကတောင် လုပ်သေးတာပဲ...ပြန်လာကြည့်...ဖိနပ်နဲ့ချည်းပါးရိုက်မယ်...ရွာကိုသာ ရောက်လာကြည့် နှစ်ကောင် စလုံး အရှင် မထားဘူး..."
"ဖေ....ဖေကြီးကော ဟင်..."
"နင့်အဖေ က နွားဖြစ်သွားပြီ....မယားငယ်နောက် လိုက်သွားပြီဟေ့...မသာမလေးရဲ့..."
"ဟင်..."
အလုံး နားမလည်ပေမဲ့ ပွဲမသွားရတော့ဘူးဆိုတာ သဘောပေါက်လို့ ငိုမဲ့မဲ့ဖြစ်သွားသည်။
မဟုတ်ပါဘူး...ဖေကြီး ပြန်လာမှာပါ...။
"မိလုံး....အိပ်တော့လေ..."
အလုံး ထမင်းစားပြီး မအိပ်သေးပဲ စောင့်နေတာကို ဘိုးလေး က အိပ်ဖို့ ပြောနေပြန်ပြီ..။
"ဖေကြီး..."
"မသာမ...သေချင်နေလား..ဟမ်..."
"မိအုံး...တိတ်စမ်း...ကလေးနဲ့ ဘာမှ မဆိုင်ဘူး...လာ....ဘိုးလေး နဲ့ အိပ်..."
"ဟင့်အင်း.."
အလုံး အခန်းထဲ က အိပ်ရာထဲ ကို ၀င်လိုက်ပြီး ဖေကြီး မလာသေးလို့ မအိပ်ဖို့ တွေးသည်။
မျက်လုံး မှိတ် အိပ်ချင်ယောင်ဆောင် ထားပေမဲ့ ခြေသံကို နားထောင်နေမိသည်။
မေကြီး ငိုသံ ကြားရတော့ အလုံးလည်း ငိုချင်လာသည်။
ဖေကြီးက ဘာလို့ ပြန်မလာသေးတာလဲ...။
ဖေကြီးကို လူဆိုးတွေဖမ်းသွားတလား..။
ဟီး.ဖေကြီး သေသွားပြီလား မသိဘူး..။
"အင့်..."
အလုံး အိပ်ချင်ယောင်ဆောင်ထားပေမဲ့ ငိုနေမိသည်။
အိပ်မက်ထဲမှာ ဖေကြီး နဲ့ အတူတူ ပွဲဈေးသွားရသည်။
.
"နှင်းမှုံ...နင်ဖေကြီး...မိန်းမယူသွားပြီ..."
"မဟုတ်ဘူး..."
အလုံး စာရေးနေတာကို အေးသက်က အနားမှာ လာပြီး မဟုတ်တာတွေ ပြောနေသည်။
"ဟုတ်တယ်...ယူပြီးထွက်ပြေးကြပြီ...နင်တို့ကို ထားခဲ့ပြီ..."
"မဟုတ်ဘူး...မသာမကြီး သေနာမကြီးရဲ့...ခွေးသတောင်းစားမကြီး.."
နှင်းမှုံ ဆရာမကို မေ့ပြီး အာခေါင်ခြစ် အော်လိုက်တော့ ဆရာမ က စားပွဲကို တုတ်နဲ့ ရိုက်သည်။
"ဟဲ့...ဟဲ့...နှင်းမှုံ...ဘာလို့ ဆဲနေတာလဲ...."
"သမီးကို လိုက်စ နေတယ် ဆရာမ..."
"အေးသက်....ဟိုဘက်တိုးစမ်း...စာရေးခိုင်းထားတာကို..."
"အားကြီး မိုက်ရိုင်းတယ်..."
"........."
အေးသက်က မကြားတကြား ပြောပြီး နေရာ ရွေ့သွားတော့ အလုံး စိတ်တိုပြီး ငိုချင်လာသည်။
ခဲတံကို ဆုပ်ကိုင်ထားပေမဲ့ မျက်ရည်ကျလာတော့ လက်နဲ့ဖိသုတ်လိုက်သည်။
"သမီး...နှင်းမှုံ...ဘာဖြစ်လို့လဲ..ကလေး..
"........."
အလုံး ခေါင်းခါပြီး အင်္ဂလိပ်စာတွေ ကူးရေးနေတော့ ဆရာမက ခေါင်းကို သပ်ပေးသည်။
မဟုတ်တာတွေ ပြောပြီး ရန်စ တဲ့ အားလုံးကို မုန်းပါသည်။
.
"မိအုံး...နင် လူသတ်တာ သိရဲ့လား...လူသတ်တာဟဲ့..."
"အဖေ ဘာသိလို့လဲ....ကလေး တစ်ကောင်ရဲ့ တာဝန်က နည်းလား..."
"အေး....လင်က မိန်းမ ယူသွားလို့ ကိုယ့်ကလေး ကို သတ်ပစ်တာပေါ့လေ...လူဖြစ်နေပြီးတဲ့ လူမမယ်လေး ကို နင် သတ်တာ....နင့်လင်အတွက် နင် ကလေးတွေမွေးတာလား.....ဟမ်...."
"ဟုတ်တယ်....ဒင်း ပိုးသေအောင် နောက်တစ်ယောက် မွေးဖို့ တွေးမိတာ ဒင်း က သူ့လမ်းသူသွားတော့ ကျွန်မ တစ်ယောက်ထဲ တာဝန်ယူစရာလား..."
"....မိုက်လိုက်တာ....မိအုံ...ခွေးလောက်တောင် အသိညဏ် မရှိတဲ့ မိအုံး..လူသတ်တာ....ကိုယ့်ရင်သွေးမှ ကိုယ်ပြန်သတ်တဲ့ ဟာမ....နင့်ကို ငါ မကြည့်ချင်ဘူး....မမြင်ချင်ဘူး...."
ဘိုးလေး က ငိုသံပါကြီးဖြင့် ပြောတော့ အလုံး စာရေးနေရင်း ခေါင်းထောင် ကြည့်မိသည်။
ဖေကြီး က ပြန်မလာတာ ကြာပြီ..။
မေကြီး ကနေ့တိုင်း အန်ပြီး နေမကောင်း ဖြစ်သည်။
မေကြီး ဗိုက်ထဲမှာ မောင်လေး ရှိတယ် ဆိုတော့ အလုံး မချစ်ပေမဲ့ နည်းနည်း ပျော်ပါသည်။
"ကျွန်မ လည်း ဒီရွာမှာ မနေချင်ပါဘူး.....ရှက်လွန်းလို့ သေချင်နေပြီ....ဈေးရောင်းထွက်ဖို့ ဆုံးဖြတ်ပြီးသား....အဖေ မမြင်ချင်လည်း မလှတို့ဆီ မှာ တစ်ပတ်လောက်နေမယ်....စိတ်ဆင်းရဲလွန်းလို့ သေသာ သေလိုက်ချင်တယ်..."
"..........."
မေကြီး က ဈေးခြင်းထောင်း ယူပြီးအိမ်ပေါ် က ဆင်းသွားတော့ အလုံး လိုက်ကြည့်နေမိသည်။
ဖေကြီး ထွက်သွားပြီး မေကြီးလည်း ထွက်သွားပြန်ပြီ..။
ဘိုးလေး ကို လှည့်ကြည့်တော့ ဘိုးလေး ကလည်း ငိုနေသည်။
အလုံး စာမရေးပေမဲ့ စာအုပ်ကို ကြည့်နေသည်။
စာလုံးတွေ မမြင်ပဲ ပွဲဈေးတန်းက အရုပ်တွေကို မြင်ရသည်။
"ငါ့မြေးလေး....မိလုံး...ဘိုးလေး ရှိတယ်...သွားကြပါစေ...အမေ အဖေ မဖြစ်ထိုက်တဲ့ ဟာတွေ..သွားကြပါစေ.."
ဘိုးလေး က အနားရောက်လာပြီး ခေါင်းကို သပ်ကာ ပြောတော့ အလုံး မော့ကြည့်လိုက်သည်။
"ဘိုးလေး ဖေကြီးက ပြန်လာမှာမလား ဟင်....မြို့မှာ အလုပ်သွားလုပ်တာမလား..."
"အင်း...."
"ဘိုးလေး မေကြီး ကို ဘာလို့ ဆူတာလဲဟင်..."
"လူသတ်လို့လေ...ဒင်း လူသတ်တာ..."
"ဟင်...ဘယ်သူ့ကို သတ်တာလဲ..."
"သူ့ဗိုက်ထဲက ကလေး ကို သူသတ်တာလေ..."
"ဟင်..."
အလုံး နားမလည်ပေမဲ့ မျက်လုံးပြူးသွားသည်။
လူသတ်တယ်ဆိုတာ အလုံးကြောက်သည်။
မေကြီးက ဗိုက်ထဲက ကလေး ကို ဘယ်လို သတ်လဲ..။
ဒါဆို ကလေးလေး မ၇ှိတော့ဘူးပေါ့..။
"အသက်ရှုနေတဲ့ အသက်ရှင်ဖို့ ကြိုးစားနေတဲ့ ကလေးလေး ကို သတ်တာ ဘယ်လောက်တောင် နာကျင်လိုက်မလဲ....မိုက်လိုက်တာ....."
ဘိုးလေး က ပြောနေတော့ အလုံး လိုက်တွေးနေမိသည်။
ရုပ်ရှင်တွေထဲမှာ လည်ပင်းညစ်သတ်ရင်တောင် ရုန်းကန်နေကြသည်။
ကလေးလေး ကို မေကြီး က ဘယ်လို သတ်လိုက်တာပါလိမ့်..။
"ဘိုးလေး...ကလေးလေး သေသွားပြီပေါ့..."
"အေး...သေပြီ.."
"အလုံး ကြည့်ချင်တယ်.."
"မရှိတော့ဘူး...ဒင်းသတ်ထားတာ ဆယ်ရက်တောင် ရှိနေပြီတဲ့...ဒီအိမ်မှာ ဘာတွေ ဖြစ်နေတာလဲ....ငါ မသိတော့ဘူး"
"........."
"မိလုံး....အခန်းထဲမှာ မအိပ်ရဲရင် ဘိုးလေး နဲ့ လာအိပ်..."
"အလုံး အိပ်ရဲပါတယ်..."
"အေး...ဒါဆိုလည်း အိပ်..."
အလုံး ညဘက်အိပ်တော့ အိပ်မက်မက်သည်။
မေကြီး က ကလေး လေး ကို လည်ပင်းညစ်သတ်သည်။
ကလေးလေး က ရုန်းကန် ငိုနေတာ သနားဖို့ကောင်းသည်။
အလုံးလည်း သနားလို့ မေကြီးကို ဆွဲပေမဲ့ မရပါဘူး....။
အလုံး မကယ်နိုင်တော့ သေတော့မဲ့ ကလေးလေး ကို ကြည့်ပြီး အလုံး အာခေါင်ခြစ်၍ ငိုနေရသည်။
10260631

━━━━━━༺♡༻━━━━━━

စူပါ ဆန်းဒေး မို့ အပျင်းပြေလေး စိတ်ညစ်ကြရအောင်လေ ဟီး 😁

ကျန်းမာရေး ဂရုစိုက်ကြပါ။

အဆင်မပြေ ဖတ်မကောင်းတဲ့ စာတွေ ဖတ်ပြီး အားပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။

စပိုက်ကာ ရေးသမျှ စိတ်ညစ်ရရင် ဆောရီးနော် ။

ရှေ့ဆက်လည်း အများကြီး စိတ်ညစ်ရဦးမယ်နော် ။

ပျော်စရာ သိပ်မပါလို့ ခံစားတက်တဲ့ စာဖတ်သူလေးတွေ မဖတ်စေချင်ဘူး 😢

အရေးအသား နဲ့ စာလုံးပေါင်း မမှန်တာ ခွင့်လွှတ်ပါ။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

တွယ်နှောင်ရစ်ငင် Where stories live. Discover now