ဆယ့်ခြောက်

85 5 0
                                    

အပိုင်း(၁၆)

ကောင်းကင်ပြာပေါ်တွင် ငှက်ကလေးများကလွတ်လပ်စွာပျံသန်းနေကြ၏။ ဧရာမြစ်တစ်ကြောတွင် အစိမ်းရောင်ဗေဒါရွက်အုပ်စုလိုက်ကြားကခရမ်းရောင်ဗေဒါပန်းများက ဧရာမြစ်ရောကြောတွင်ထိုးထိုးထောင်ထောင်ဖြင့် … လွန်စွာလှ၏ ။ မြစ်ထဲမှာတော့ ဒိုက်များကမျောပါလျှက်ရှိနေပြီး ကြည့်ကောင်းနေသည်။ ပုသိမ်မြို့လေးမှထွက်ခွာကာ အခုဆိုလျှင် စွဲ တို့စီးလာသည့် အမြန်ရေယာဉ်လေးဟာ မြစ်ထဲတွင်တလွင့်လွင့်ခုတ်မောင်းလျှက်ရှိနေသည်။ရင်ခုန်သံများနှင့်အတူ သဘောင်္စက်ခုတ်သံကအပြိုင်အဆိုင်။ စွဲ ရဲ့မျှော်လင့်ရာ ထိုရွာလေးကိုပြန်လာခဲ့ချေပြီ။နောက်တစ်ခေါက်ပေါ့ နောက်ဆုံးအကြိမ်လဲဖြစ်နိုင်သည်။ယခုအခေါက်မှာတော့ စွဲ တစ်ယောက်တည်းမဟုတ်တော့ပါ ။ စွဲ နဲ့အတူ သီဟကိုလည်းအတူပါလာ၏။ သီဟကို ဆိုသည်မှာ စွဲ၏ဝမ်းကွဲအစ်ကိုဖြစ်သည်။အစ်ကိုဆိုပေမယ့် စွဲ ထက်(၂)လပဲကြီးပါသည်။ သီဟ ကစွဲအဖေဖြစ်တဲ့ဦးမိုးနေစွဲ၏ညီမရဲ့သားဖြစ်သည်။ နှစ်ဦးသားကျောင်းပြီးသွား၍ စိတ်ပြေလက်ပျောက် ဒီရွာလေးကိုလာခဲ့ရခြင်းဖြစ်သည်။ စွဲကတော့ မျှော်လင့်ခြင်းလင်းရောင်ခြည်လေးနဲ့ပေါ့ ။

" စွဲလေး  မုန့်စားဦးမလား"
သီဟ ကမ်းပေးလာသည့် ပုသိမ်ဟာလဝါမုန့်လေးကိုစွဲကြည့်လိုက်မိပါ၏ ။မစားချင်ပါ စားချင်စိတ်လုံးလုံးမျှမရှိ ။
" မစားချင်ပါဘူး ကိုကိုသီဟပဲစားလိုက်တော့ စွဲ စားချင်စိတ်မရှိလို့ပါ "
" အင်းပါ ၀ယ်လာတာ ၁၂ ဘူးဆိုတော့ ၂ဘူးကို ကိုကိုပဲစားလိုက်တော့မယ်နော် "
" စား … … စွဲ မစားတော့ဘူး "

စွဲ ငြင်းလိုက်ရင်း သင်္ဘောဘေးပေါက်လေးကနေ ဧရာကမ်းစပ်ကိုငေးကြည့်နေလိုက်မိသည်။ လယ်ကွင်းတွေက ရွှေဝါရောင် ၀င်းနေပါလား ။ယခင်ကဆို လယ်ကွင်းစိမ်းစိမ်း ဒီတစ်ခေါက်တော့ ရင့်မှည့်နေတဲ့ ရွှေဝါရောင်အဆင်းနဲ့ပေါ့ ။စပါးရိတ်သိမ်းနေကြသည့် ကောက်ရိတ်သမလေးတွေကိုလည်း မထင်မရှား မပီပြင်တွေ့မြင်လိုက်ရသည်။အဝေးကနေမို့ မြင်ကွင်းကမကြည်လှပေ ။

သင်္ဘောရဲ့ရွေ့လာနေမူကြောင့် ထိုမြင်ကွင်းတစ်ချို့အနောက်မှာကျန်ခဲ့ကာ အသစ်အသစ်သောသဘာဝအလှများကိုမြင်တွေ့လိုက်ရပြန်ပါ၏။ မြစိမ်းရောင်တောက်နေသည့် မြစ်ရေလိုင်းလုံးလေးတွေကတော့ ကမ်းစပ်ကိုဆင်းချည်တက်ချည်လုပ်နေလေရဲ့။ ကမ်းပေါ်မှာတော့ အရွက်ရှည်ရှည်ဓနိတောများကိုမြင်တွေ့လိုက်ရလေသည်။မြင်ကွင်းကမဆုံး ခပ်စိမ်းစိမ်းဓနိတောလေးကအရွယ်အစားမျိုးစုံစွာ ။မြစ်ကမ်းနံဘေးတွင် တောလိုအုံထူကာပေါက်ရောက်နေကြတဲ့ကျူပင်လေးတွေမှဝါကျင့်ကျင့်ကျူပန်းလေးတွေက လှပစွာ ။အရမ်းကိုလှလို့နေ၏ ။ စွဲ ထိုအလှတရားများကိုတဝကြီးကြည့်ရူခံစားလိုက်မိကာရင်ထဲတွင် လွန်ခဲ့တဲ့၎နှစ်ကအဖြစ်အပျက်ကိုသတိရမိသွားရပါ၏ ။စွဲအတွက်တစ်ချိန်က လွမ်းမောစရာရွာကလေး ဖြစ်ခဲ့ဖူးတဲ့ထန်းသုံးပင်ရွာလေးကမေ့မရနိုင်တဲ့အမှတ်တရတစ်ချို့တွေပေါ့ ။

လွမ်းမောစရာရွာကလေး(စဆုံး)Tempat cerita menjadi hidup. Temukan sekarang