UNICODE
အအေးဓါတ်ကဲတဲ့ ဒီဇင်ဘာ မနက်ခင်းမှာ ကားတစ်စီးက လမ်းမပေါ် တရိပ်ရိပ်။ နှင်းဖွေးဖွေးတို့ ကျဆင်းနေတဲ့ကြားမှာ မိသားစုတွေ ချစ်သူရည်းစားတွေရဲ့ ပုံရိပ်တွေကတော့ နွေးထွေးနေသည်။ ကားထဲမှာလည်း heaterဖွင့်ထားတာကြောင့် နွေးနွေးထွေးထွေးပါပင်။ လူနှစ်ယောက်ကြားက လေထုအခြေအနေကတော့ ခြောက်သွေ့လို့ အေးစက်နေတုန်း။
ဒီနေ့ ဦးတည်ရာဖြစ်တဲ့ တရားရုံးရှေ့ရောက်တဲ့အခါ ထယ်ယောင်းက ကားကိုရပ်လိုက်သည်။ ကားပေါ်ကဆင်းကာ တစ်ဖက်ကကားတံခါးကို နောက်ဆုံးအနေနဲ့ ဇနီးဖြစ်သူ လီဘိုရာအတွက်ဖွင့်ပေးလိုက်သည်။ ဒီနေ့တော့ လီဘိုရာနဲ့ ဆက်ဆံရေးက တကယ်ကို နောက်ဆုံးပါပဲ။
၂နှစ်~
အချိန်ကာလ ၂နှစ်ဆိုတဲ့ အတောအတွင်းမှာ ထယ်ယောင်းအတွက် အပြောင်းအလဲတွေက အများကြီး။ အရင်တည်းက အဖေ စီစဥ်ထားတဲ့အတိုင်း ကျောင်းပြီးတာနဲ့ ဘိုရာနဲ့ လက်ထပ်ခဲ့ရသည်။ မခေါ်ချင်ပေမယ့် မတော်ချင်လို့မရတာကြောင့် ဒီမိသားစုအရိပ်အောက်မှာပဲ ထယ်ယောင်းဆက်နေခဲ့ရသည်။ ထယ်ယောင်းအတွက် အထိခိုက်ဆုံးအချိန်က အဖွားဆုံးသွားချိန်ပင်။မိသားစုနဲ့ခပ်ကင်းကင်းနေချင်ပေမယ့် အဖွားမျက်နှာကြောင့် အလိုက်သင့်နေခဲ့ပြီး ဖြစ်ချင်သလို ဖြစ်မလာတဲ့အနေအထားမှာ နေနေရတာမို့ မွန်းကြပ်လာတိုင်း အဖွားဆီသာသွားပြီး ရင်ဖွင့်ခဲ့သည်။ ငယ်ငယ်တည်းက ထယ်ယောင်းကို ထွေးထွေးပွေ့ပွေ့ရှိရှာတဲ့ အဖွားဖြစ်တာကြောင့် ထယ်ယောင်းမှာ အဖွားမရှိတော့တဲ့အချိန်မှာ အတိုင်းထက်အလွန်ခံစားခဲ့ရပြီး လစ်ဟာမှုက အတိုင်းသားဖြစ်ခဲ့သည်။ ပြီးတော့ နေ့ရက်တိုင်းမှာ ရှာဖွေရင်း စောင့်မျှော်နေခဲ့ရတဲ့ တစ်စုံတစ်ယောက်ကလည်း ထယ်ယောင်းဆီကို မျက်စိလည်လမ်းမှားလို့ပင် ရောက်မလာခဲ့ပေ။မချစ်မနှစ်သက်တဲ့သူနဲ့ တစ်မိုးအောက်တည်းနေနေရတဲ့ကာလတွေဟာ ထယ်ယောင်းအတွက် ပင်ပန်းလွန်းခဲ့သည်။ အများကတော့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်တဲ့ ဇနီးမောင်နှံရယ်လို့ မြင်ကြပေမယ့် အိမ်တွင်းမှာတော့ ပြဿနာမဖြစ်သည့်နေ့ကိုမရှိခဲ့။ ထယ်ယောင်းကို အပိုင်ရသွားတာကြောင့် လိုသလိုချုပ်ချယ်ချင်တဲ့ ဘိုရာနဲ့ ဘိုရာဖြစ်စေချင်သလို လက်ထပ်လိုက်တာမို့ သူ့ကိစ္စပြီးပြီလို့ သတ်မှတ်ကာ နေချင်သလိုနေပစ်တဲ့ ထယ်ယောင်းတို့ကြားမှာ ပြေလည်မှုဆိုတာ အစအနတောင် ရှာမရခဲ့။ အရက်မသောက်နိုင်တဲ့ ထယ်ယောင်းက အရက်ကို တစွဲတလမ်းသောက်တတ်လာပြီး နဂိုတည်းက မိန်းကလေးတွေနဲ့ တပူးတတွဲတွဲရှိခဲ့သည့် ဥာဥ်ကပြန်ပေါ်လာသေးသည့်အတွက် ဘိုရာနှင့် အဆင်ပြေဖို့လမ်းက ဝေးခဲ့သည်။ အေးတိအေးစက်ဖြစ်သွားတဲ့ ထယ်ယောင်းကို ဘိုရာက မိန်းမတို့မာယာနဲ့ မျက်ရည်ခံထိုး အသနားခံပြလည်း ထယ်ယောင်းက တုပ်တုပ်မလှုပ်။ အနားကပ်အောင် နည်းအမျိုးမျိုးနဲ့ ချော့မြူဆွဲဆောင်သော်လည်း ထယ်ယောင်းက သူ့ဘေးကတခြားမိန်းကလေးတွေလောက်တောင် ဘိုရာ့ကို စိတ်မ၀င်စားတော့။ တစ်ခန်းတည်း အတူနေပေမယ့် ခုတင်ခွဲလိုက်တာက ဘိုရာ့အပေါ် ထယ်ယောင်း လျစ်လျူရှုမှုအတိုင်းအတာရဲ့ သက်သေ။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC