UNICODE
ခရီးဆုံးဘူတာကိုရောက်တော့ အထုပ်အပိုးကိုယ်ဆီနဲ့ ဆင်းကြပြီး ဟိုတယ်ရှိရာကို ကားငှားသွားကြရသည်။ ပင်လယ်မြို့ဖြစ်လို့ ရှူရှိုက်ရတဲ့လေကိုက ပင်လယ်နံ့ပါသည်။ နယ်မြို့လေးပေမယ့် ခေတ်မီအဆောက်အဦးတွေနဲ့ အထပ်မြင့်ဟိုတယ်တွေလည်းရှိသည်။ ပင်လယ်စာဆိုင်တွေအပြင် rooftop cafe'လှလှလေးတွေလည်းရှိသည်။ ကမ်းခြေအငွေ့အသက်ချည်း မဟုတ်ဘဲ လည်ပတ်စရာနေရာလှလှတွေကြောင့် ယောဆူက အပန်းဖြေဖို့အကောင်းဆုံးနေရာပင်။
ဟိုတယ်ကိုရောက်တော့ ကြိုပြီးဘိုကင်လုပ်ထားတာကြောင့် ကရိကထမများတော့။ ကောင်တာမှာ အခန်းသော့ ယူပြီး အခန်းရှိရာငါးလွှာကို တက်လာခဲ့ကြသည်။ ဘေးချင်းကပ်နှစ်ခန်းယူထားပြီး ယယ်ဂျင်းတို့မိန်းကလေးနှစ်ယောက်က တစ်ခန်း၊ ယောကျာ်းလေးနှစ်ယောက်က တစ်ခန်းနေဖို့ စီစဥ်ထားသည်။
အခန်းထဲရောက်တော့ ယယ်ဂျင်းက အထုပ်ချပြီး ပြတင်းပေါက်ရှိရာ တန်းသွားသည်။ ပြတင်းပေါက်က လိုက်ကာကို ဆွဲဖယ်လိုက်တော့ မှန်ပြတင်းကတစ်ဆင့် မြင်ရတဲ့ရှုခင်းက ၃နာရီလောက် ရထားစီးလာရလို့ ငြီးငွေ့နေတဲ့စိတ်တို့ လန်းသွားရသည်။ ပင်လယ်ပြာပြာကို အပေါ်စီးကနေမြင်ရတာဖြစ်လို့ ပက်လယ်ရဲ့အပြောကျယ်မှုကို ပိုမြင်ရသည်။ ကောင်းကင်ပြာနဲ့ ပင်လယ်ပြာက ထိစပ်သယောင်ရှိနေသည်။ ကမ်းခြေကိုတလှိမ့်လှိမ့်တက်လာတဲ့ လှိုင်းလုံးတွေက နေရောင်အောက်မှာ တလက်လက်။ ပြတင်းတံခါးဖွင့်လိုက်တော့ ပင်လယ်သံက အထပ်မြင့်အထိ တဝေါဝေါတက်လို့လာသည်။ နေရှိန်သေးတဲ့အချိန်ဖြစ်တာကြောင့် ကမ်းခြေမှာ လူသိပ်မရှိ။ညနေစောင်းရင်တော့ ရေကူးတဲ့သူတွေ၊ ကမ်းခြေမှာလမ်းလျှောက်သူတွေနဲ့ စည်ကားမည်ထင်သည်။
"လှလိုက်တာ... ရောက်ရောက်ချင်း ပင်လယ်မှာ သွားအော်ချင်တာကို"
ဟယ်ရာက မကျေမနပ်နှင့် စူပွပွပြောသည်။ ဟယ်ရာမကျေနပ်မယ်ဆိုလည်း မကျေနပ်စရာ။ ဟယ်ရာကလွဲလို့ကျန်တဲ့သူတွေက ရောက်ရောက်ချင်း ပင်လယ်ကိုမသွားချင်။ နေပူတာကြောင့်ရော ခရီးပန်းတာကြောင့်ပါ ရေချိုးဖို့ပင် တာစူနေခဲ့ကြသည်။ ရေချိုးပြီးရင် နံရံဆေးရေးပန်းချီတွေရှိတဲ့ ရပ်ကွက်ကိုလည်ကြမည်။ လည်ပြီးရင် ညနေစာစား ကမ်းခြေဘက်ကို စားသောက်ပြီးမှ လမ်းလျှောက်ထွက်ကြမည်။ မနက်ဖြန် ညနေမှပြန်မှာဖြစ်တာကြောင့် မနက်ဖြန်မနက်တစ်ပိုင်းလုံးတော့ ရေဆော့ကြမည်။ ဒီအစီအစဥ်တွေက ယောကျာ်းလေးနှစ်ယောက် ဆွဲထားတာချည်း။ ယယ်ဂျင်းလည်းသဘောတူတာကြောင့် ပင်လယ်အရင်ဆင်းချင်သည့် ဟယ်ရာက သုံးမဲတစ်မဲနှင့်ရှုံးသည်။ အများနဲ့တစ်ယောက်ဖြစ်နေတာကြောင့် ဘာမှမပြောသာပေမယ့် သိပ်တော့မကျေနပ်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC