*ရှင်းလေး စာသင်ရတာ အဆင်ပြေလား*
ကောကို ရွဲ့များမေးနေသလားဆိုပြီး စိတ်ထဲက တွေးလိုက်သည်။ ဒီဂိုက်က ကော၏အသိအကိုရဲ့တူလေးမို့ ရှင်းအယ်ကို အကူအညီတောင်းကာ သင်ခိုင်းခြင်းပင်။ တစ်ကယ်တစ်ကယ်တော့ ရှင်းအယ်ကိုယ်တိုင်ကလဲ အခုမှတက္ကသိုလ် ရောက်ခါစကလေးပင်။
သူဂိုက်ပြနေသည့်သူနှင့် မတိမ်းမယိမ်း။
*အဆင်ပြေပါတယ်*
*ရှောင်Gpရဲ့တစ်ဦးတည်းသော မြေးဖြစ်တဲ့အပြင် ဝမ်Gpရဲ့ တစ်ဦးတည်းသော သားဆိုတော့ နည်းနည်းတော့ ဆိုးမှာပေါ့။ ရှင်းလေးက စိတ်ရှည်ပေးနော်*
*ဟုတ်*
သိပ်လူကြီးလူကောင်းဆန်လွန်းသည့် ကောကြောင့် ဆက်ပြောမယ့် စကားများက ထွက်မလာတော့။ ဆက်ပြောလျှင်လဲ တရားပဲ ချအုံးမှာအသေအချာ။
ရှင်းအယ်က ကောကိုလေးစားသလို ချစ်လဲချစ်သည်။ ကောရဲ့ လူကြီးဆန်ပုံ၊ ဆုံးဖြတ်နိုင်ပုံ၊ ဦးဆောင်နိုင်ပုံတွေကို သိပ်သဘောကျသည်။ တိတ်တိတ်လေး သဘောကျနေသည့် ကောကို အမြဲပိုင်ဆိုင်ချင်သည်။ ဒါတွေကို ကောကမသိ။
ကောမှာ သိပ်ချစ်ရသည့် ချစ်သူရှိသည်။ ဒါပေမယ့် အခုတော့ လမ်းခွဲထားကြလေသည်။ ခန့်ခန့်ညားညားနဲ့ ချောလွန်းလှသည့်အပြင် ဘက်စုံထူးချွန်သည့်ကောကို လိုချင်သည့် အမျိုးသမီးတွေကများသည်။ ရှင်းအယ်ကတော့ အဝေးကသာ ငေးနိုင်သည့်ဘဝ။
*ညနေ ကိုယ်လာကြိုမယ်လေ.ပြီးခါနီးရင် ဖုန်းလှမ်းဆက်လိုက်*
*ဟုတ်*
ရှင်းအယ်ကို ခြံဝန်းကျယ်ကြီးရှေ့ချပေးကာ သူ ခြံထဲဝင်သွားမှ ကောကထွက်သွားလေသည်။ ညီအစ်ကိုတွေလို သူငယ်ငယ်ကထဲက ခင်လာသည့် သူတွေမို့ ကောကသူ့ကိုဆို သိပ်ဂရုစိုက်သည်။ အကြိုအပို့တောင် သူလုပ်ပေးလေသည်။
ထိုလိုအရာတွေကြောင့်ပဲ တစ်ဖြေးဖြေး သူကောကို ပိုမက်မောလာမိတာပင်။
*အဟွတ်..အဟွတ်*
စာသင်ဖို့ ထိုလူ့အခန်းထဲ ဝင်ဝင်ချင်း မွှန်ထူနေသည့် ဆေးလိပ်နံ့တွေကြောင့် ချောင်းဆိုးသွားရသည်။ ရှပ်လက်တိုကို ဘောင်းဘီဒူးပေါ်နဲ့ တွဲဝတ်ထားသည့် ထိုလူက ကုတင်ပေါ် ခြေချိတ်ထိုင်ကာ ဆေးလိပ်သောက်နေလေသည်။
