*ကလေး..သေချာကိုင်ထားနော်*
ကောအနောက်က ဆိုင်ကယ်လိုက်စီးတာ ပထမဆုံးအကြိမ်မဟုတ်သလို အခုလိုပြောခြင်းခံရတာကလဲ ပထမဆုံးအကြိမ် မဟုတ်ပါ။ ဒါပေမယ့် ဒီလိုဂရုစိုက်ခံရရင်ကို ရင်တွေက ပထမဆုံးအကြိမ်လို ရင်တွေခုန်နေရသည်။
*အန်တီက ဘာမှာလိုက်သေးလဲ*
*ဘာမှ မမှာလိုက်ဘူး ကော။ဒါအကုန်ပဲ*
အိမ်မှာ မုန့်လုပ်စားမှာ ဖြစ်တာကြောင့် သူနဲ့ကောကပဲ အပြင်ထွက်ပြီး ဈေးဝယ်ရသည်။ကောတို့အိမ်နဲ့က နှစ်အိမ့်တစ်အိမ်လို နေတာမို့ ဘာလုပ်စားစား သူနဲ့ကောကိုပဲ အပြင်ထွက်ဝယ်ခိုင်းသည်။
*ကိုယ် ယီနဲ့ အတည်လမ်းခွဲလိုက်ပြီ*
လေတိုးသံကြောင့် ကောအသံမှာ ငိုသံစွက်နေလား၊ဝမ်းနည်းနေတာလား ခွဲခြားမရ။ ကောက ထိုအစ်မကို ဘယ်လောက်ချစ်လဲ သူသိသည်။ သေချာပေါက် ေကာ ဝမ်းနည်းနေမှာပင်။
*ကော မပြတ်နိုင်ရင် လက်မလွှတ်သင့်ဘူး*
အားပေးစကားပြောနေပေမယ့် သူ့ရင်ထဲက နာကျင်မှုက ဒီရေတွေလို တက်လိုက်ကျလိုက်။ကိုယ်ချစ်တဲ့သူက အခြားတစ်ယောက်အတွတ် အခုလိုဖြစ်နေတာကို မြင်ရတာဟာ အရှင်လက်လက် ငရဲကျနေသည့်အတိုင်း။
*ကိုယ် ပြန်မတွဲတော့ဘူး။ သူက ကိုယ့်ကိုမှ မချစ်ပဲ*
ဝမ်းသာရမယ့် သတင်းမဟုတ်ပေမယ့် သူဝမ်းသာ သွားမိသည်။ ကော သူ့ကိုပြန်မချစ်နိုင်ရင်တောင် အခြားလူတွေနဲ့ မတွဲစေချင်။
အိမ်နားရောက်လာ၍ စကားစက ပြတ်သွားသည်။သူတို့အိမ်ရှေ့နားမှာ ဆိုင်ကယ်မီးရောင်ကြောင့် မြင်နေရသည်က ရပ်နေသည့် မိန်းကလေးတစ်ယောက်။ ထိုမိန်းကလေးဟာ သူအသိမမှားဘူး ကောသိပ်ချစ်သည့် ကော၏ချစ်သူ။
*ဟင်..ယီ*
ဆိုင်ကယ်လေးက ရပ်သွားသည်။ ဆိုင်ကယ် ဦးထုပ်ကို ချွတ်လိုက်သည့် ကောလက်တွေက လျင်မြန်စွာ။ သူတို့ဆီ လျှောက်လာသည့် အစ်မက ရွေ့ရွေ့လေး။ ညကြီး တစ်ယောက်ထဲ လာရဲသည့် သတ္တိကိုတော့ သူ လေးစားသွားသည်။