*အဲ့တာဘယ်သူလဲ*
ရှောင်းဝမ်ကြည့်နေသည့်နေရာသို့ ဝေ့ကျစ်ကပါ လိုက်ကြည့်ရင်း ဆိုလေသည်။ ရှောင်းဝမ်အကြည့်က ရှေ့ကအတွဲကို လူသတ်တော့မလို အကြည့်တွေဖြင့် ကြည့်နေလေသည်။
*ငါ့ဂိုက်*
ဝေ့ကျစ်က အခုမှနားလည်သွားသလို ခပ်ပြုံးပြုံးလုပ်ကာ ခေါင်းတညိမ့်ညိမ့်။ ရှေ့က လူနှစ်ယောက်ကတော့ ဘယ်သူ့ကိုမှ ရှိသည်ထင်ပုံမရ။
*တောက်..*
ခပ်ပြင်းပြင်းတောက်ခေါက်သံကြောင့် ဝေ့ကျစ်က မျက်လုံးလေးပြူးပြီး မော့ကြည့်လေသည်။ ရှောင်းဝမ်ကတော့ မေးရိုးကြီးတွေတင်းနေကာ ရှေ့ကအတွဲကိုပဲ သေချာစိုက်ကြည့်နေပြန်သည်။
ရှင်းလေးနဲ့စကားပြောနေတာ ဘာကကောင်မှန်း သူမသိ။ ပြုံးရယ်နေသည့် ရှင်းလေးက သူနဲ့ကျတော့ အမြဲခပ်တည်တည်။ ဟိုကောင့်မျက်နှာကို ကြည့်နေသည့် အကြည့်တွေက ချစ်ရည်တွေလွှမ်းလို့။ ဟိုကောင်ကရော ဘာထူးလဲ။ ကြည့်နေတာ ငုံထားတော့မတတ်။
ဒီပုံစံကိုမြင်ပြီး စိတ်တွေတို၊ဒေါသတွေ ထွက်လာရတာက ရှောင်းဝမ်ပင်။ ရယ်မောနေသည့် ရှင်းလေးကို လက်ကနေ ဆွဲပြီးဆိုင်အပြင်ဘက် ခေါ်ထုတ်သွားချင်သည်။
*မုန့်စားပြီးရင် ရုပ်ရှင်သွားကြည့်ကြမယ်*
*ဟုတ်..*
မုန့်စားလိုက်၊ ရယ်လိုက်နှင့် ပျော်မြူးနေသော ရှင်းလေးက သူမဟုတ်သော ယောကျာ်းတစ်ယောက်ရှေ့မှာမို့ ဒေါသက ထိန်းမရတော့။
ချစ်တာလားဆိုတော့လဲ မဟုတ်၊ ရှင်းလေးကို ဘယ်သူ့လက်ထဲမှ အပါမခံနိုင်သည့် ခံစားချက်မျိုး။
*မင်းက သူ့ကိုကြိုက်နေတာလား*
ဝေ့ကျစ်က အအေးသောက်ရင်းမေးလာလေသည်။
*မသိဘူး..ဒါပေမယ့် ရှင်းလေးကို ငါမဟုတ်တဲ့ ဘယ်ကောင့်ရှေ့မှာမှမရယ်ပြုံးစေချင်ဘူး*
ဝေ့ကျစ်က ရယ်ကာ ရှောင်းဝမ်လက်မောင်းကို ခပ်ဖွဖွထိုးလိုက်လေသည်။ ရှင်းအယ်ကလဲ အခုမှ သူတို့ကို မြင်သွားပုံ မျက်လုံးဝိုင်းဝိုင်းလေးတွေက ပြူးကျယ်သွားလေသည်။