ညီအစ်ကိုတို့... တိုက်ခိုက်ကြ!
*****ဒီနေ့မနက်စောစောစီးစီး စုချန်မျက်လုံးဖွင့်လိုက်တဲ့အခါ သူက နတ်ဘုရားရဲ့အိပ်ရာပေါ်မှာ အိပ်နေတာကို သိလိုက်ရတယ်။
မှန်တယ်၊ အဲဒီနတ်ဘုရားရဲ့နာမည်က လင်ရှု။
လင်ရှု - အရပ်က (၁.၈၅)မီတာ၊ ခြေတံရှည်တွေရှိပြီး ဘဏ်တစ်ခုရဲ့မန်နေဂျာ၊ အသားအရေက ဖြူလတ်လတ်ရှိတယ်၊ ပင်ကိုစွမ်းရည်ရှိတယ်၊ ပြီးတော့ စိတ်ထားကောင်းတယ်။ စုချန်နဲ့ယှဉ်ရင်တော့ ဘဝတွေက တိတိကျကျကိုဆန့်ကျင်ဘက်ပဲ။ သူတို့က အိမ်နီးချင်းတွေဆိုပေမဲ့လည်း လင်ရှုက တည်ကြည်ဣန္ဒြေကြီးတာကြောင့် သူတို့ရံဖန်ရံခါမှ အပြန်အလှန်ပြောဆိုဆက်ဆံတတ်ကြတယ်။
စိတ်ပျက်စရာကောင်းတဲ့ သွေးရောခွေးတစ်ကောင်အနေနဲ့ စုချန်က လင်ရှုကို တိတ်တိတ်ကလေးသဘောကျနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ စာလုံးအရေအတွက်အပေါ်မှာမှီခိုပြီး အသက်မွေးနေရတဲ့ ချွတ်ခြုံကျနေတဲ့ otaku တစ်ယောက်အနေနဲ့တော့ စုချန်က သူတို့ကြားမှာ တစ်စုံတစ်ခုဖြစ်ပျက်လာနိုင်တယ်ဆိုတာမျိုးကို အလေးအနက်ကြီး မတွေးခဲ့ဖူးဘူး။ သူ လင်ရှုကို သိုသိုသိပ်သိပ်ခိုက်နေခဲ့ရုံပါပဲ။
『သွေးရောခွေး - လူတစ်ယောက်၏အပြင်ပန်းပုံစံကိုသာ ဂရုစိုက်သူ』မနေ့က မနက်(၃)နာရီမတိုင်ခင်အထိ စုချန်တစ်ယောက် စာရွက်စာတမ်းတချို့ကို အပြေးအလွှားထုတ်ဝေနေခဲ့ရပြီး ကွန်ပျူတာစားပွဲပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ်။ ရလဒ်ကတော့ ဒီနေ့ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ...
....................
လင်ရှုက အိပ်နေဆဲ။ တောက်ပတဲ့ မနက်စောစောနေရောင်ခြည်က လိုက်ကာကနေဖြတ်ပြီး သူ့မျက်နှာပေါ် တောက်ပနေတယ်။ သူ့ရဲ့ရှည်လျားနက်မှောင်တဲ့ မျက်တောင်ရှည်တွေက သူ့ခပ်ဖြူဖြူအသားအရေနဲ့ဆို ပြဒါးတစ်လမ်းသံတစ်လမ်း၊ အရိပ်ရေးရေးလေး ထင်နေပြီး နုနုရွရွအလှလေးရဲ့အသွင်အပြင်တစ်မျိုးရှိနေတယ်။ စုချန်လည်း လင်ရှုရဲ့မျက်နှာကို မှင်တက်တက် စိုက်ကြည့်နေမိပြီး သူ အိပ်မက်များမက်နေတာလားလို့တောင် ထင်နေမိတယ်။ မလှုပ်နိုင်တော့လောက်အောင်ကို အရမ်းအံ့အားသင့်ထိတ်လန့်သွားတော့တာပဲ။
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.