တစ်ချို့အချစ်တွေက ဘယ်တော့မှမေ့လို့မရနိုင်ဘူးတဲ့။ မတူတဲ့ပုံစံတွေနဲ့သာ အချစ်ကို ထပ်ကြုံချင်ကြုံရမယ်။ အဲ့အချစ်တစ်ခုကိုတော့ ဘာနဲ့မှအစားထိုးနှိုင်းယှဥ်လို့ မရနိုင်တော့ဘူးတဲ့။
×
Yu Jimin က တည်သည်။ သူ့ဆီကရတဲ့ အရှိန်အဝါက တခြားကြောက်ဖို့ကောင်းတဲ့သူတွေလို မဟုတ်ဘဲ တခြားအဆင့်တစ်ခုဟုပြောရမည်။ သေးငယ်တဲ့ မျက်နှာအရွယ်အစားပေါ်မှာ အစိတ်အပိုင်းတစ်ခုချင်းစီ ထင်ထင်ရှားရှား နေရာယူထားခြင်းမျိုး၊ နှုတ်ခမ်းအောက်ထောင့်တွင် မှဲ့နက်ကလေးတစ်လုံး၊ နက်မှောင်ဖြောင့်စင်းနေတဲ့ ဆံနွယ်များတို့က ယူဂျီမင်း၏ ကိုယ်ပိုင်သင်္ကေတများပင်ဖြစ်သည်။
တည်တယ်ဆိုသော်ငြား သူ့အရယ်အပြုံးက ရှားနေတာမျိုးတော့လည်း မဟုတ်ပြန်။ Minjeong အနေနဲ့ ထိုမိန်းကလေး၏ဖြစ်တည်မှုအကြောင်း ရှင်းပြဖို့ခက်သည်။
နှစ်ယောက်တိုက်နေတဲ့ သင်ခန်းစာတူ အတန်းတွေမှာ Minjeong အကြည့်တွေ ရံဖန်ရံခါဟိုရောက်ဒီရောက်တတ်တာမို့ Yu Jimin ဆီလည်း ရောက်ဖူးသည်။ တစ်စုံတစ်ခုကို အာရုံစိုက်လုပ်ဆောင်နေပုံက အနုပညာမျက်လုံးများကို ပိုင်ဆိုင်ထားသူနှင့်တူသည်။
အပင်တွေကို ဂရုတစိုက်ပျိုးထောင်နေသော ဥယျာဥ်မှူးတစ်ယောက်ရဲ့မျက်ဝန်း၊ ဂရုတစိုက် အရောင်ခြယ်သနေသည့် ပန်းချီဆရာတစ်ယောက်ရဲ့ မျက်ဝန်း၊ စာအုပ်တွေစီနေတဲ့ စာကြည့်တိုက်မှူးရဲ့မျက်ဝန်းမျိုး။ ထိုမျက်ဝန်းများက ထင်ထားတာထက်ပို၍ သူတို့အလုပ်တွေမှာ အာရုံစိုက်တတ်သလို Minjeong ပြောပြရခက်သည့် နူးညံ့မှုတစ်မျိုးလည်းပါသည်။
"Minjeong "
Ningi က သူမ နာမည်ကိုခေါ်နေတာ သက်စေ့ရှိနေပြီဖြစ်ကြောင်း မကျေမချမ်းပြောသော်လည်း Minjeong တကယ်မကြားပါ။ အာရုံများသည် ခပ်လှမ်းလှမ်းမှ အမျိုးသားတစ်ဦးနှင့် တစ်စုံတစ်ရာအကြောင်း ဆွေးနွေးနေပုံရသော Yu Jimin ဆီ ခဏတာရောက်နေသည်။

YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။