လက်လွှတ်လိုက်မှ နေရာမှန်ကို ပြန်ရောက်သွားတာမျိုး။
×
ဂျီမင်းရဲ့နေ့ရက်တိုင်းဟာ အယ်ရီဖြစ်ခဲ့တယ်။ ဟန်ဆောင်မျက်နှာဖုံးစွပ်ထားတဲ့ တခြားမိန်းကလေးသူငယ်ချင်းတွေရဲ့ ကြားထဲကနေ အယ်ရီဟာ ဆောင်းမနက်ခင်းရဲ့ နေရောင်ခြည်လို ဂျီမင်းကို နွေးထွေးပေးခဲ့တာ။
အခန်းတံခါးပိတ်ပြီး ကိုယ့်အတင်းပြောနေကြတာကို ဘာလုပ်ရမယ်မသိဘဲ ရပ်နားထောင်နေမိတုန်းက စိတ်ထဲမှာ မြူခိုးတွေချည်း။ ဒါပေမယ့်လည်း ခဏပါပဲ။ အယ်ရီက သူမလက်ကို ဆွဲကိုင်တယ်။ အခန်းထဲက လူတွေကို သူမ တည်ရှိမှုအကြောင်း တံခါးဆွဲဖွင့်ပြီး သတိပေးတယ်။ အဲ့နောက်ကစပြီး ယူဂျီမင်းမှာ အယ်ရီကလွဲရင် တခြားဘယ်သူမှ မရှိတော့ဘူး။
တကယ်လည်း ဘယ်သူမှရှိမလာနိုင်တဲ့အထိ ဂျီမင်း သူ့ကို ရင်ဘတ်ထဲမှာ ဘဝထဲမှာ နေရာအကြီးကြီး ပေးခဲ့မိတယ်။ ဆိုရိုးတစ်ခုရှိတယ်လေ။ တဒင်္ဂ အခိုက်အတန့်လေးတွေက ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖန်တီးနိုင်စွမ်းရှိတယ်တဲ့။
အဲ့ဒါက ဂျီမင်းအတွက်ဆိုပြီး အယ်ရီယူလာပေးတဲ့ နေ့လည်စာ ထမင်းဘူးလိုမျိုး၊ အေးလိုက်တာလို့ ဆိုတဲ့အခါ အနားကပ်နေဆိုပြီး ဆွဲယူပွေ့ဖက်လိုက်တာမျိုး၊ အပြင်သွားပြီးလို့ ကိုယ့်လမ်းကိုယ် ခွဲလျှောက်ကြချိန်တိုင်း အိမ်ပြန်ရောက်တဲ့အခါ ငါ့ကိုဖုန်းဆက်ပါလို့ မှာတတ်တဲ့ စကားတွေမျိုးပေါ့။
ဒါပေမယ့်လည်း ဂျီမင်းကတော့ ကြိုးစားပြီး ထိန်းခဲ့ပါတယ်။ အသက်အရွယ်အရ အတွေ့အကြုံမရှိဘဲ စိတ်ကစားတာမျိုးဖြစ်နိုင်လို့ ယောကျ်ားလေးအချို့နဲ့ တွဲခဲ့တယ်။ လက်ကို ဆုပ်ကိုင်တဲ့အခါ သူတို့လက်ဟာ ဂျီမင်းထက် အဆပေါင်းများစွာ ပိုကြီးမားနေလို့ စိတ်ဆင်းရဲရတယ်လို့ အယ်ရီရှေ့မှာ ညည်းတွားခဲ့တာလည်း မှတ်မိပါသေးတယ်။
နောက်ပြီး စိတ်ဆင်းရဲရခြင်းရဲ့ တကယ့်အကြောင်းအရာဟာ လက်အရွယ်အစား မတူညီခြင်းကြောင့်ပဲ မဟုတ်တာကိုတော့ ဂျီမင်း ကိုယ်တိုင်သိပေမယ့် ထုတ်မပြောဖြစ်ခဲ့ပါ။

VOCÊ ESTÁ LENDO
Happened
Fanficလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။