ငါ စိတ်မလုံခြုံဘူး။ ငါ့စိတ်ထဲမှာ လုံခြုံမှုကို မခံစားရဘူးလို့ ပြောနေတာကို နားမလည်ဘူးလား။ ဘာလို့လဲ။
×
"အစ်.. အစ်မ"
ခေါ်သံဟာ ဘာလို့အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားမှန်း မင်ဂျောင်းမသိ။ အေးစက်လွန်းတဲ့ ညနှစ်နာရီကျော်အချိန် အစ်မတစ်ယောက် သူမ အိမ်ရှေ့ကို ဘာလို့ရောက်နေလဲဆိုတာလည်း စဥ်းစားမရ။ အိမ်သော့တစ်ခုတည်းကြောင့် ရောက်လာတာတော့မဖြစ်နိုင်။
ဒါ့အပြင် သူဘယ်တုန်းက ရောက်နေတာလဲ၊ ဘာတွေမြင်သွားသေးလဲဆိုတာပါ တွေးမိပြီး ထိတ်လန့်လာသည်။ မဟုတ်တာ လုပ်ထားတာတော့ မဟုတ်။ သို့သော် မလုပ်သင့်တာ လုပ်ထားမိသဖြင့် အပြစ်ရှိသူလို ခံစားရသည်။
"အိမ်ထဲဝင်တော့လေ မင်ဂျောင်း"
အစ်မရဲ့လေသံဟာ မာထန်မနေပေမယ့် အခုညလေထက် ပိုအေးစက်သလား အောက်မေ့ရသည်။ ကျောပေးကာ လှည့်မပြန်ခင် မင်ဂျောင်း သူ့လက်ကို ဆွဲကိုင်မိသည်။
"ဘယ်တုန်းကရောက်နေတာလဲ၊ ဘာလို့ဖုန်းမဆက်တာလဲ"
ရေခဲတမျှ အေးစက်နေသော လက်ချောင်းများနှင့် ထိတွေ့မိ၍ အပြစ်စိတ်သည် အဆမတန်ကြီးမားလာသည်။ သို့သော် ကြာကြာမဆုပ်ကိုင်လိုက်ရပါ။ တစ်ဖက်လှည့်လာသလိုလိုနဲ့ မျက်နှာချင်းဆိုင်ပြီး နောက်ပြန်ခြေလှမ်းဆုတ်သွားသော အစ်မကြောင့် လက်လည်း အလိုလိုပြုတ်သွားလေသည်။
"ရောက်တာ သိပ်မကြာသေးပါဘူး"
"ဖုန်းကရော ဘာလို့မဆက်တာလဲ"
"အဲ့ဒါထက်.."
အကွာအဝေးတစ်ခုရောက်သွားတော့ အစ်မက နားထင်ကို လက်ညှိုးဖြင့်ပွတ်ရင်း မင်ဂျောင်းကိုပြန်မေးသည်။
"ငါဖုန်းခေါ်နေတာကို ဘာလို့မကိုင်တာလဲ မင်ဂျောင်း"
ရိုင်းစိုင်းသည့် စကားလုံးတွေ မပါဝင်သော်ငြား မင်ဂျောင်းအတွက် ထိုစကားသည် ဆေးခါးသောက်ရသလို နားထဲအဝင်ဆိုးလှသည်။

YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။