အခန်း (၆)

72 9 0
                                    

"သူက ဒီကြိုးနဲ့ ဓားကို ထိန်းချုပ်တာလား... ဒါပေမဲ့... ကြိုးက ဒီလောက် ပါးပါးလေးကို ဘယ်လိုလုပ် ဓားကို ဦးတည်ချက်ပြောင်းအောင် လုပ်နိုင်တာလဲ..."

အံ့ဩစရာကောင်းသည့် ကြိုးမျှင်အကြောင်း ထပ်၍ မစဉ်းစားနိုင်မီမှာပင် ချင်မူ တစ်မုဟုတ်ချင်း ခြေကုန်သုတ်၍ ပြေးရပြန်သည်။

ထိုတစ်ခဏ၌ ဓားရှည်က သူ့ကို ကျော်ဖြတ်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ ပင်စည်၌ ဒုတ်ခနဲ ခပ်နက်နက် စိုက်ဝင်သွား၏။

ဓားရှည်က အသက်ရှိသကဲ့သို့ သစ်ပင်၏ ပင်စည်တွင် လှုပ်ခါယမ်းနေသော်လည်း သူ့ဖာသာ ပြန်ဆွဲနုတ်နိုင်ခြင်း မရှိပေ။ မကြာမီတွင် မိန်းကလေးက ပျံဝဲရောက်ရှိလာပြီး ဓားရိုးကို ကိုင်၍ စိတ်ကသိကအောက်နှင့် ဆွဲနုတ်လိုက်သည်။ "ငါ့ရဲ့ ကျားဖြူချီက ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ဆန့်ထွက်ပြီး  ဓားရှည်ကို မထိန်းချုပ်နိုင်သေးဘူး..."

"ညီမလေးချင်း... ညီမလေးအနေနဲ့ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့ပြီး ဓားရှည်ကို ထိန်းချုပ် တိုက်ခိုက်နိုင်တာကိုက အတော်လေး ချီးကျူးဖို့ ကောင်းနေပါပြီ..."

ထိုမိန်းကလေးနှင့်အတူ မြစ်ပြင်ထက်တွင် ပြေးလွှားလိုက်ခဲ့သည့် ကောင်လေးက သူ့ဘေးသို့ ရောက်ရှိလာပြီး နူးညံ့သည့် အပြုံးတစ်ခု ပြုံးပြလိုက်၏။ "ညီမလေးက အတွေ့အကြုံ လိုနေတာပါ... ကျင့်ကြံမှုပိုင်းမှာ လိုတာမဟုတ်ဘူး... အဲဒါကြောင့်ပဲ ဆရာတွေက ငါတို့ကို မဟာမြို့ပျက်ဆီ အတွေ့အကြုံရအောင် လေ့ကျင့်ဖို့ ခေါ်လာတာမဟုတ်လား... အရင်တုန်းက ငါတို့သိတာ ကျင့်စဉ်လေ့ကျင့်ဖို့ပဲ... အဲဒါကြောင့် လက်တွေ့တိုက်ပွဲအတွေ့အကြုံ နည်းနေတာ... ဒီမိစ္ဆာကောင်လေးက ငါတို့အတွက် လက်တွေ့တိုက်ပွဲ ဆင်နွှဲဖို့ အခွင့်ကောင်းပဲ... မကြာခင်မှာ ညီမလေးရဲ့ဓားကို ချီစွမ်းအင်နဲ့ နိုင်နိုင်နင်းနင်း ထိန်းချုပ်လာနိုင်လိမ့်မယ်..."

အခြားကောင်လေး သုံးယောက်ကလည်း သူတို့နှစ်ယောက်ကို မီလာ၏။ တစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ "ဒီမိစ္ဆာကောင်လေးက သမင်ပြောင်းထားတာ... သမင်တွေက သိပ်ကို ပေါ့ပါးသွက်လက်လို့ ဂိုဏ်းတူမမရဲ့ ဓားပျံကို ဒီကောင် ရှောင်နိုင်သွားတာပါ..."

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Where stories live. Discover now