"မြစ်အောက်ဘက် မိုင်တစ်ရာကျော်က မြေနုကျွန်း... ဟုတ်လား..."
ချင်မူက ဒုက္ခိတဘိုးဘွားကျေးရွာသို့ ညမိုးမချုပ်မီ ပြန်ရောက်လာ၏။ လက်နက်များ အပြည့်တင်လာသည့် ဝါးဖောင်ကို ရွာထဲသို့ ဆွဲယူလာခဲ့ရာ ရွာသူရွာသားများမှာ အံ့အားတကြီး ဖြစ်သွားပြီး သူ့အနားတွင် ဝိုင်းအုံ၍ တစ်ယောက်တစ်ပေါက် မေးမြန်းကြတော့သည်။
ချင်မူက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။ သူ ပြောသည်ကို နားထောင်၍ မျက်ကန်း၏ အမူအရာ ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။ "အဲဒီမြေနုကျွန်းပေါ်က ဘုရားကျောင်းပျက်ထဲမှာ နယ်မြေအပိုင်စား အဆင့်ရှိတဲ့ ဆန်းကြယ်သားရဲတစ်ကောင်ကို ချုပ်ထားတာမလား... အဲဒီသားရဲက အသွင်ပြောင်းအတတ်ကို ကျွမ်းကျင်တဲ့ မကောင်းဆိုးဝါးသတ္တဝါပဲ... သူ့နာမည်က မိန်းမကြီးဝူလို့ ခေါ်တယ်... မင်းက အဲဒီဘုရားကျောင်းကို ရောက်ပြီး သူ့ရတနာတွေ အကုန်လုံး ခိုးလာခဲ့တာ... တကယ်လား..."
အဘွားစစ်ကလည်း လွှတ်ခနဲ အော်လိုက်မိ၏။ "မိန်းမကြီးဝူလား... တစ်ခါ အဲဒီဘုရားကျောင်းပျက်နား ဖြတ်သွားတုန်းက လူတွေအများကြီး သတ်စားထားတာ တွေ့လို့ ရိုက်နှက် ဆုံးမခဲ့သေးတယ်... နောက်ဆုံးကျ သူက ဗုဒ္ဓဆင်းတုကြီးနောက် ဝင်ပုန်းသွားတာ... အဲဒီဗုဒ္ဓဆင်းတုက ထူးဆန်းတယ်... ကျုပ်ကိုတောင် နှိမ်နင်း တိုက်ခိုက်ချင်တဲ့ပုံ ပေါက်နေတာနဲ့ မကောင်းဆိုးဝါးကောင်ကို အသေရိုက်မသတ်ခဲ့ရဘူး... အဲဒီဗုဒ္ဓဆင်းတုက တော်တော်တော့ ထူးဆန်းတာပဲ..."
"ငါလည်း သူနဲ့ တစ်ခါဆုံဖူးတယ်... ခုနစ်စဉ်ကြယ်အဆင့် ထိပ်တန်းသိုင်းပညာရှင်တွေကိုတောင် ယှဉ်နိုင်တဲ့ စွမ်းအားကြီး မကောင်းဆိုးဝါးသတ္တဝါပဲ..."
ထော့ကျိုးက မေးလိုက်သည်။ "မူအာ... မိန်းမကြီးဝူရဲ့ ပစ္စည်းတွေကို ခိုးပြီးတော့ ဘယ်လိုလုပ် သူ့လက်ကလွတ်အောင် ပြေးခဲ့တာလဲ..."
ချင်မူမှာ ထပ်၍ လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့မှန်း သိသဖြင့် ချိုင့်ဝှမ်းအတွင်းရှိ မြို့ပျက်ထဲမှ သင်ယူခဲ့သော မိစ္ဆာသံအလင်္ကာအကြောင်း ပြန်ပြောပြလိုက်၏။ ထို့နောက် နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံတို့ကို အသုံးပြု၍ မိန်းမကြီးဝူကို မည်သို့မည်ပုံ အနိုင်ယူခဲ့ကြောင်း ရှင်းပြလိုက်သည်။
YOU ARE READING
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasyမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...