"ဘွားဘွား တစ်ခါပြောဖူးတာ မဟာမြို့ပျက်မှာ လမ်းပျောက်ပြီး ရွာကို ပြန်မလာနိုင်ရင် ခြေမကိုင်မိ လက်မကိုင်မိ ချောက်ချားသွားစရာ မလိုဘူးတဲ့..." ချင်မူ တည်ငြိမ်စွာ စဉ်းစားလိုက်၏။ "မဟာမြို့ပျက်မှာ လူနေအကြွင်းအကျန်နေရာတွေ အများကြီး ရှိတယ်... တစ်နေရာရာမှာ ဝင်ခိုနိုင်ရင် အသက်ရှင်မှာပဲ... အဲနေရာတွေက လုံခြုံစိတ်ချရသလားဆိုတာ သိဖို့အတွက် နှစ်ချက်ပဲ လိုတယ်... ပထမတစ်ချက်က ရွာမှာရှိတဲ့ ကျောက်ရုပ်တုတွေလိုမျိုး ရုပ်တုတွေ ရှိရမယ်... ဒုတိယတစ်ချက်က အဲဒီနေရာမှာ ဆန်းကြယ်သားရဲတွေ အများကြီး ရှိသလား ကြည့်ရမယ်... သားရဲတွေ အများစုက အသိဉာဏ် ရှိတော့ အမှောင်ထုကနေ လွတ်မြောက်ဖို့ ဘယ်နေရာကို သွားရမလဲဆိုတာ သိကြတယ်တဲ့..."
မဟာမြို့ပျက်တွင် လူနေအကြွင်းအကျန်နေရာများစွာ ရှိသည်။ အစောပိုင်းက စွန့်ပစ်ရွာများ၊ မြို့ပြနေရာများကို ချင်မူ ဖြတ်ကျော်ခဲ့၏။ ပြိုကျပျက်စီးနေသော နံရံများ၊ စည်းရိုးများကို ကြည့်၍ အလွန်တရာ ရှေးကျသော နေရာများ ဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း သူ့အနေဖြင့် ထိုနေရာများတွင် ရပ်၍ ကျောက်ရုပ်တုများ ရှိ၊ မရှိ စစ်ဆေးကြည့်ရှုရန် အချိန်မရခဲ့ပေ။
ရုတ်တရက် လောကတစ်ခွင်လုံးက ချောက်ချားဖွယ်ရာ တိတ်ကျသွားသည်။ တိတ်ဆိတ်လွန်း၍ ရူးကြောင်ကြောင်ပင် ဖြစ်သွားစေနိုင်၏။
ဆည်းဆာနေလုံးကြီးက မိုးကုပ်စက်ဝိုင်းတွင် မေးတင်နေပြီး တစ်ဝက်ခန့်သာ ကျန်တော့သည်။
မဟာမြို့ပျက်တစ်ခွင်လုံး တိတ်ကျသွားပြီးသည့်နောက် တစ်ဆက်တည်းတွင် တဗြန်းဗြန်း အတောင်ပံခတ်သံများ ကြားလိုက်ရသည်။ အထက်သို့ မော့ကြည့်လိုက်သောအခါ ကြီးမားသော ငှက်ကြီးများ ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းအောင် အုပ်လိုက်ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ ထို့နောက်တွင် မြေကြီးများ တဝုန်းဝုန်းတုန်ခါလာပြီး ဘေးဘက်ရှိ တောအုပ်များ ပြိုလဲသွားသည်။ မြေကြီးထဲတွင် တွင်းအောင်းနေသော ဆန်းကြယ်သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် တိုးထွက်၍ အသည်းအသန် ပြေးလွှားလာကြ၏။
YOU ARE READING
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasyမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...