ချင်မူ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဤရိုးရိုးရှင်းရှင်းပုံစံနှင့် ဘုန်းကြီးတောင်ဝှေးက နယ်စပ်နဂါးမြို့တော် တစ်ခုလုံးကို ဝယ်ယူနိုင်သည်တဲ့လား။
"ဒီတောင်ဝှေးကို ခက္ခရာတောင်ဝှေးလို့ ခေါ်တယ်... တောင်ဝှေးထိပ်မှာ အကန့်လေးကန့်နဲ့ ရွှေကွင်းဆယ့်နှစ်ကွင်း ပါတယ်... မဟာမိုးခြိမ်းသံကျောင်းတော်က တထာဂတကိုယ်တိုင် ဖန်တီးထားတာ... လူရိုက်ဖို့လည်း သုံးလို့ရတယ်... နယ်စပ်နဂါးမြို့လောက်တော့ တန်မှာပါ..."
အဘိုးကြီးမာက ရှင်းပြလိုက်သည်။ "ဒါပေမဲ့ ဒီတောင်ဝှေးကို စွမ်းအင်ကျင့်ကြံတဲ့ နေရာမှာ ပိုသုံးတယ်... သူ့ကို ကိုင်ထားရင် အလိုဆန္ဒတွေ၊ စိတ်ခံစားချက်တွေ ထကြွသောင်းကျန်းလာတာနဲ့ ရွှေကွင်းတွေ တချွင်ချွင် မြည်လာလိမ့်မယ်... အဲကွင်းတွေ မြည်လာတာနဲ့ အနှောက်အယှက် ပြုနေတဲ့အတွေးတွေ အကုန်ပပျောက်သွားနိုင်လို့ ဒီတောင်ဝှေးကို စိတ်နှလုံးမိစ္ဆာ ဖယ်ရှားနိုင်တဲ့ ရတနာအဖြစ် သတ်မှတ်ကြတယ်... ဒီရွှေကွင်းဆယ့်နှစ်ကွင်းက အနှောင့်အယှက် ဆယ့်နှစ်မျိုးကို ဖျက်ဆီးပြီး ကိုယ်တွင်းမိစ္ဆာ ဆယ့်နှစ်ပါးကို ဖယ်ရှားနိုင်တယ်၊ မင့်နှလုံးသားထဲမှာ မိစ္ဆာစိတ်ရိုင်း ထကြွတာနဲ့ ဒီကွင်းတွေ တချွင်ချွင် မြည်လာပြီး အဲဒီမိစ္ဆာစိတ်ရိုင်းကို အမှုန့် ဖြစ်သွားစေလိမ့်မယ်... ဒီတောင်ဝှေးထိပ်မှာ အကန့်လေးကန့် ပိုင်းခြားထားတာက လောကီအလိုဆန္ဒတွေ ဖယ်ခွာပြီး သစ္စာလေးပါးတရားမြတ်ကို ကျင့်ကြံဖို့၊ စိတ်အလျဉ် တည်ငြိမ်ပြီး ဈာန်ရဖို့အတွက် ရည်ရွယ်ထားတာပဲ... ဒီတောင်ဝှေးနဲ့ ဆိုရင် စွမ်းအင်ကျင့်ကြံတာ နှစ်ဆမြန်လာလိမ့်မယ်..."
အဘွားစစ်၏ မျက်လုံးများ တစ်မုဟုတ်ချင်း တောက်ပလာပြီး ချင်မူ၏ လက်ထဲမှ ဘုန်းကြီးတောင်ဝှေးကို စိုက်ကြည့်လိုက်၏။ "မူအာ၊ ဘွားဘွားကို အဲဒီတောင်ဝှေး ခဏငှားစမ်းပါ... ဘွားဘွားရဲ့ ရင်ထဲမှာ မိစ္ဆာနတ်ဆိုးကြီးတစ်ကောင် ဝင်ပုန်းပြီး အနှောင့်အယှက် ပေးနေတာ အတော်ကြာပြီ..."
ချင်မူက အဘွားစစ်ကို ခက္ခရာတောင်ဝှေး ကမ်းပေးရင်း စူးစမ်းမေးမြန်းလိုက်သည်။ "ဘွားဘွားရင်ထဲမှာ ဘယ်လိုမိစ္ဆာနတ်ဆိုးမျိုး ရှိနေတာလဲ..."
ESTÁS LEYENDO
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasíaမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...