အခန်း (၁၄)

72 9 1
                                    

"ဒီအစ်မချင်းကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..." ချင်မူက အနိုင်နိုင် ထရပ်လိုက်သည်။ သူက ထိတ်လန့်တုန်လှုပ်မှု မပြယ်သေးသော အစ်မချင်းကို လှမ်းကြည့်လိုက်၏။

"ဒီလိုလုပ်ကြမလား..." အဘွားစစ်က အကြံအစည်တစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်လုံးများ အရောင်တောက်လာပြီး ချင်မူ့ကို ခပ်သာသာ တွန်းထိုး၍ မဟုတ်တရုတ် အပြုံးတစ်ခု ပြုံးလိုက်ရာ အားအင်ကုန်ခန်းနေသော ကောင်လေးမှာ ဟပ်ထိုးလဲလုမတတ် ဖြစ်သွားသည်။ "ငါတို့ ဒီကောင်မလေးကို အသက်ရှင်ခွင့်ပေးပြီး မင့်အတွက် သတို့သမီး လုပ်ခိုင်းကြမလား... မင်းငယ်ငယ် လေးဖက်ထောက်သွားတုန်းက သိပ်ချစ်စရာကောင်းတာ... အခု အရွယ်ရောက်လာတော့ အရင်လောက် ချစ်စရာ မကောင်းတော့ဘူး... မင်းနဲ့ ဒီကောင်မလေးနဲ့ ယူပြီး ဝဝကစ်ကစ် ကလေးလေး တစ်ယောက် မွေးလိုက်လေ... မွေးလာတဲ့ ကလေးက မင်းလိုပဲ ချစ်ဖို့ကောင်းမှာ... ဘွားဘွားက ကလေး သိပ်ချစ်တတ်တာ..."

ချင်မူက ဝက်ခေါင်းလို ဖြစ်နေသော အစ်မချင်းကို ငဲ့ကြည့်လိုက်၏။ "ဘွားဘွား... အဲလိုလုပ်တာ မကောင်းဘူး ထင်တယ်..."

ရွှပ်...။

"အဲဒီလိုဆိုမှတော့... ဒီကောင်မလေးကို သတ်လိုက်ကြရုံပေါ့..." ထော့ကျိုးက ပြောလိုက်သည်။

မည်သူတစ်ဦးတစ်ယောက်မျှ သတိမူမိခြင်း မရှိဘဲ အစ်မချင်း၏ နောက်မှ ထော့ကျိုး ပေါ်ထွက်လာ၏။ သူက နှစ်လိုဖွယ် အပြုံးတစ်ခုကို မျက်နှာထက်တွင် ဆင်မြန်းရင်း အစ်မချင်း၏ နှလုံးသား နေရာတည့်တည့်သို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။

"ဘိုး... ဘိုးဘိုး ထော့ကျိုး... ဘာ... ဘာလို့ သူ့ကို သတ်လိုက်ရတာလဲ..." ချင်မူ အထစ်ထစ်အငေါ့ငေါ့မ မေးလိုက်မိ၏။

ထော့ကျိုးက သူ့ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ သူ့အပြုံး၌ စိတ်ရှုပ်ထွေးမှုများ ရောယှက်လာ၏။ "မင်းပဲ သူ့ကို မလိုချင်ဘူးဆို... အဲဒါဆိုမှတော့ သူ သေရမှာပေါ့..."

ချင်မူ့စိတ်ထဲတွင် မကျေမနပ် ခံစားလိုက်ရသည်။ သူ့အနေဖြင့် အစ်မချင်းနှင့် ကလေးယူလိုသောကြောင့် မဟုတ်။ သူက ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်လား။ ရွာထဲမှ ဤသရဲသဘက်အိုကြီးများအပြင် အနီးအနားရွာများမှ လူများမှာလည်း မကောင်းဆိုးရွားဆန်ဆန် လူများသာ ဖြစ်သည်။ သူနှင့် ရွယ်တူတစ်ယောက်ကို ဆုံတွေ့ရန်မှာ ရတောင့်ရခဲ ဖြစ်၏။

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Tempat cerita menjadi hidup. Temukan sekarang