ချင်မူ၏ ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်သွားပြီး သူ့နောက်ကျောမှ ဝက်ခုတ်ဓားကို ဖြုတ်ယူလိုက်၏။ ဤသို့သော အနေအထားမျိုးကို သူ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
မူပေဖုန်း၏ အရှိန်အဝါအဟန့်က သူ့အပေါ်တွင် မမြင်ရသည့် ဖိအားတစ်ခု သက်ရောက်နေသကဲ့သို့ ရှိ၏။
ဤအကြီးအကဲ ရွာထဲသို့ ဝင်လာကတည်းက ပြောသမျှ စကားတိုင်း၊ လုပ်သမျှ အပြုအမူတိုင်းမှာ အားလုံးသော သူများအပေါ် ဖိအား ကြီးစွာ ဖြစ်စေခဲ့သည်။
သူနှင့် အစ်ကိုကြီးချွီ တိုက်ခိုက်ခဲ့ကြသည်မှာ မလွှဲသာ မရှောင်သာ ပြန်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ သို့သော်လည်း ယခုအခြေအနေကတော့ သူ့အတွက် အနည်းငယ် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်သည်။
"ရွာထဲက ကျောက်ရုပ်တုတွေပေါ် သေးနဲ့ ပန်းခဲ့တုန်းကတောင် ငါ ကြောက်ခဲ့လို့လား... မိန်းမကြီးဝူလို မကောင်းဆိုးဝါးသတ္တဝါမျိုးနဲ့ ကြမ္မာဆိုးနှိမ်နန်းတော်ထဲက မိစ္ဆာနတ်ဆိုးကို တွေ့ခဲ့ဖူးတာပဲ... သူတို့ကိုတောင် မကြောက်ခဲ့ရင် အခုမှ ဘာကိစ္စ ကြောက်နေရမှာလဲ... မူပေဖုန်းက ဘယ်လောက်ပဲ ခွန်အားကြီးကြီး နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေလောက် အင်အားကြီးနိုင်ပါ့မလား..."
ချင်မူ သူ့စိတ်သူ ပြန်ထိန်း၍ တုန်လှုပ်ချောက်ချားနေသော ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒုက္ခိတဘိုးဘွားကျေးရွာက များစွာ မကျယ်လှချေ။ သူအပါအဝင် စုစုပေါင်း လူနှစ်ဆယ့်နှစ်ယောက် ရှိပြီး ထိုသူများက သစ်တုံးများကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။ အားလုံးသောသူများ နေရာယူထားသည်က တစ်ယောက်တစ်နေရာစီ ပြန့်ကြဲနေပြီး ရွာထဲ၌ နေရာလပ် မရှိအောင်ပင် ဖြစ်၏။
ရွာလူကြီးက သူ၏ ထမ်းစင်ပေါ်တွင် လဲလျောင်းနေပြီး ဆေးဆရာက ဘေးနားတွင် ရပ်နေသည်။ သားသတ်သမားက သစ်တုံးတစ်တုံးပေါ်တွင် မားမားမတ်မတ် ရှိနေပြီး အဘိုးကြီးမာက အခြားသစ်တုံးတစ်တုံးကို မှီ၍ ရပ်နေ၏။ အဘွားစစ်က သူ၏ ခြင်းတောင်းကို လက်တွင် ချိတ်ထားပြီး ရွှေအက သူ့ပန်းပဲရုံရှေ့၌ မတ်တတ်ရပ်နေသည်။ နားကန်းက မင်စက်လက် ကျနေသည့် စုတ်တံကို ကိုင်ထားပြီး ထော့ကျိုးက ချိုင်းထောက်ကို မှီ၍ ရပ်နေ၏။
ESTÁS LEYENDO
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasíaမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...