ခြံဝင်းထဲ၌ လူများ တဖြည်းဖြည်း စုဝေးလာ၏။ သူတို့အားလုံးက အသွင်အပြင် အရွယ်အစား အမျိုးမျိုး ကွဲပြားပြီး မတူညီသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမှ ဖြစ်ကြသည်။ ယခုအချိန်တွင် တစ်ခုတည်းသော တူညီသည့် အချက်မှာ အပေါက်ထောင်ချီနှင့် ပြိုလဲလုလု သစ်သားအိမ်ကြီးဆီသို့ အားလုံး မော့ကြည့်နေကြခြင်း ဖြစ်၏။
နောက်ဆုံးတွင်တော့ သစ်သားစံအိမ်သခင် ပြုတ်ကျလာပြီး ထိုသစ်သားအိမ်ကြီး တစ်လုံးလုံး မြေပေါ်သို့ ပြိုလဲသွားသည်။
ပြိုကျပျက်စီးသွားသော အဆောက်အဦအလယ်မှ နဂါးစိမ်းချီများ ခန္ဓာကိုယ်တွင် ရစ်ခွေနေသည့် လူငယ်တစ်ဦး ထရပ်လာပြီး သူ့ထံသို့ ပျံဝဲလာသော သစ်သားစများကို ထိုးထုတ်၍ ဒုတိယအဆောက်အဦဆီသို့ လျှောက်လှမ်းသွား၏။
ဘုန်း...၊ ဘုန်း...၊ ဘုန်း...။
ထိုသစ်သားအိမ်က ကြီးမားသော သားရဲကြီးတစ်ကောင် ဝင်ရောက် သောင်းကျန်းနေသကဲ့သို့ အဆက်မပြတ် လှုပ်ခါလာသည်။ ဒုတိယအဆောက်အဦမှာလည်း ပထမအဆောက်အဦနှင့် မခြားပေ။ နံရံများ ပွင့်ထွက်၍ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်လာ၏။
ချင်မူက တဖြည်းဖြည်း ပို၍ပို၍ မြန်လာသည်။ စံအိမ်သခင်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူ၍ တိုက်ပွဲအတွေ့အကြုံ ရင့်သန်ပြီး စွမ်းရည်ထက်မြက်လာကြောင်း ထင်ရှား၏။
ဝုန်း...။
ဒုတိယအဆောက်အဦ ပြိုလဲပြီး ဖုန်မှုန့်များ လွင့်ပျံလာသည်။
ချင်မူက တတိယအဆောက်အဦသို့ ဆက်သွားလိုက်၏။
...... ။
ညအခါကာလ ကျရောက်လာချေပြီ။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရွာထဲရှိ ကျောက်ဇလုံများတွင် ဆီမီးရောင်တလက်လက် တောက်လောင်နေ၏။ ရွာထဲ၌ နေ့ခင်းအခါကဲ့သို့ လင်းထိန်နေပြီး ရွာပြင်ဘက်တွင်တော့ ပိန်းပိတ်အောင် မှောင်ကျနေသည်။ ရွာထဲမှ အလင်းရောင်က အမှောင်ထုနှင့် ထိတွေ့သည်နှင့် ဝါးမျိုစားသုံးပစ်ခြင်း ခံရ၏။ ရွာထဲနှင့် ရွာပြင်မှာ ဆန့်ကျင်ခြားနားသော ကမ္ဘာနှစ်ခုသဖွယ် တည်ရှိနေသည်။
YOU ARE READING
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasyမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...