အခန်း (၃၀)

55 10 0
                                    

ချင်မူက ရွှေတုံးကို ကောက်ယူ သိမ်းဆည်းပြီး ပြောလိုက်သည်။ "အာရုံစိုက်ပြီး လေ့ကျင့်ထား ငါ့ကောင်ကြီး... မနက်ဖြန် လာခဲ့မယ်... ဟိုအခန်းလေးထဲကို မဝင်နဲ့နော်၊ အဲဒီမိစ္ဆာက ဉာဏ်များတယ်..."

မိစ္ဆာမျောက်ဝံက ခေါင်းညိတ်လိုက်၏။

ချင်မူ ရွာဘက်သို့ အလျင်အမြန် ပြန်ပြေးပြီး မကြာမီတွင် ရွာပြင်ဘက် အစပ်သို့ ရောက်လာသည်။ ရွာအဝင်ဝ အပြင်ဘက် ကောင်းကင်ယံ၌ စက္ကူလှေနှစ်စီး ကျောက်ချ ရပ်တန့်ထားသည်ကို သူ လှမ်းမြင်လိုက်ရ၏။ စက္ကူကြိုးကြာများက ရွာပြင်ရှိ သစ်ပင်ကြီးများအောက်တွင် သက်ဆင်း ခိုနားလျက် ရှိပြီး လူသူတစ်စုံတစ်ယောက်မျှ မတွေ့ရချေ။ ကြည့်ရသည်မှာ သူတို့အားလုံး ရွာထဲသို့ ဝင်သွားကြပြီနှင့် တူ၏။

သူ ရွာထဲသို့ ဝင်သွားသောအခါ လှေပေါ်မှ စကားလှမ်းပြောခဲ့သည့် အကြီးအကဲမှာ ရွာလူကြီးနှင့် မျက်နှာချင်းဆိုင် ရပ်၍ စကားပြောနေသည်။ "လူကြီးမင်းတို့ရွာရဲ့ အဘွားစစ်က လက်မှုပညာမှာ ထူးချွန်တယ်ကြားလို့ အဝတ်အထည်တချို့ အပ်ချင်တဲ့အတွက်  ကျုပ်တို့ အရောက်လာခဲ့တာပါ..."

ရွာလူကြီးက မေးလိုက်၏။ "ဘယ်လို အဝတ်အထည်မျိုးနဲ့ ဘယ်လောက် အရွယ်အစား အလိုရှိသလဲဆိုတာ မေးခွင့်ရှိပါသလား..."

ထိုအကြီးအကဲက ပြန်ပြောလိုက်သည်။ "မသာဝတ်စုံ အပ်ချင်တာပါ... စုစုပေါင်းကိုးစုံ၊ အရွယ်အစားကတော့ ဒီကရွာသူရွာသားတွေရဲ့ ကိုယ်တိုင်းအတိုင်းပါပဲ... အဘိုးကြီးမာရဲ့ လက်သမားပညာကလည်း မဆိုးဘူးလို့ ကြားထားပါတယ်... အဲဒါကြောင့် အဘိုးကြီးမာကိုလည်း အခေါင်းကိုးလုံး လုပ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်... အရွယ်အစားကတော့ ဒီကရှိတဲ့ လူတွေရဲ့ အရွယ်အစား အတိုင်းပါပဲ..."

ရုတ်တရက် ထိုအကြီးအကဲက ချင်မူ ဝင်လာသည်ကို မြင်တွေ့ပြီး အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်သွား၏။ "ကျုပ် မှားပြောမိသွားပြီ... မသာအဝတ်ဆယ်စုံနဲ့ အခေါင်းဆယ်လုံး လိုပါလိမ့်မယ်... ချမ်ချိုး၊ စရံ ယူလာခဲ့..."

ချမ်ချိုးဟု အမည်ရသည့် လူငယ်က ရှေ့သို့ ထွက်လာပြီး လက်ဝှေ့ယမ်းလိုက်သည်။ ရွာအပြင်ဘက်မှ စက္ကူလှေတစ်စီးက လေထဲမှ မျောလွင့်လာပြီး ရွာလူကြီး၏ ဘေးတွင် ရပ်တန့်သွား၏။ ထိုလှေမှာ ရွှေစက္ကူ ငွေစက္ကူများ၊ ဖယောင်းတိုင်များ၊ အလံဖြူများ စသည့် အသုဘပစ္စည်းများနှင့် ပြည့်နေကြောင်း ချင်မူ လှမ်းမြင်လိုက်မိသည်။

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Where stories live. Discover now