အခန်း (၃၅)

53 11 0
                                    

"စား... သန်မာမယ်..."

တောင်ကြားချိုင့်ဝှမ်းထဲမှ ကြမ္မာဆိုးနှိမ်နန်းတော်တွင် ချင်မူက သူဖော်စပ်လာသည့် စွမ်းအင်ဆေးလုံးများကို ထုတ်ပေးလိုက်သည်။ လက်သီးဆုပ်ခန့် ဆေးလုံးများကို မိစ္ဆာမျောက်ဝံ၏ ရှေ့တွင် လှုပ်ယမ်းပြ၍ ပြောလိုက်၏။ "စား... ပိုသန်မာမယ်..."

မိစ္ဆာမျောက်ဝံက ခေါင်းကုတ်၍ စွမ်းအင်ဆေးလုံး တစ်လုံးကို လှမ်းယူလိုက်သည်။ မျိုချလိုက်ပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ ပေါ်မလာသဖြင့် သူ ဇဝေဇဝါ ဖြစ်သွား၏။ "သန်မာမယ်... ဟုတ်လား..."

ရုတ်တရက် မိစ္ဆာမျောက်ဝံက စိတ်ဖောက်ပြန်သွားပြီး သူ့တစ်ကိုယ်လုံးမှ အမွေးအမှင်များ လျင်မြန်စွာ ရှည်ထွက်လာသည်။ ခေါင်းပေါ်တွင်လည်း သစ်ပင်တစ်ပင် ပေါက်လာပြီး အပင်ကြီး တစ်ပင်အဖြစ် ကြီးထွားသွား၏။ ၎င်းက မိစ္ဆာမျောက်ဝံ၏ အမွေးအမှင်များကြားထဲ ကျနေသော သစ်စေ့တစ်စေ့ ဖြစ်ပြီး စွမ်းအင်ဆေးလုံး၏ လှုံ့ဆော်မှုကြောင့် ထိုသို့ အပင်ပေါက်လာခြင်း ဖြစ်မည်။

သူ၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ကြီးထွားလာပြီး ကြွက်သားများ ဖောင်းကားလာ၏။ အရိုးများလည်း တုတ်ခိုင်လာပြီး မိစ္ဆာမျောက်ဝံမှာ နာကျင်မှုကြောင့် အော်ဟစ်နေရသည်။ သူက ဘေးနား ရှိသမျှ အရာအားလုံးကို ထုရိုက်ပစ်နေသဖြင့် ချင်မူ တားဆီးရန် ပြင်လိုက်သော်လည်း မြေကြီးထဲ ကျွံဝင်သွားအောင် ထုရိုက်ခံလိုက်ရ၏။ မိစ္ဆာမျောက်ဝံ၏ ဒုတိယလက်သီးချက်ကြောင့် ချင်မူမှာ ဖုန်ကြားထဲမှ ပြန်၍ လွင့်ထွက်လာပြီး နောက်ထပ်တစ်ချက် အထိုးခံလိုက်ရပြန်သည်။

မိစ္ဆာမျောက်ဝံ၏ အော်ဟစ်သံများနှင့်အတူ ချင်မူက ပြန်လည် တိုက်ခိုက်လိုက်ပြီး နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဘေးနားပတ်လည်ရှိ ကျောက်တုံးကျောက်ခဲများ အားလုံး မွမွကြေသွား၏။

ချင်မူ ဖော်စပ်ထားသည့် စွမ်းအင်ဆေးလုံးကို သောက်ပြီးနောက် မိစ္ဆာမျောက်ဝံ၏ ခန္ဓာကိုယ်မှာ ပို၍ ကြီးထွား သန်မာလာသည်။ ၎င်း၏ ခွန်အားကလည်း များစွာ ထိုးတက်လာ၍ ချင်မူ အရေးနိမ့်ပြီး ပြန်လှန် တိုက်ခိုက်နိုင်ခြင်း မရှိ ဖြစ်လာ၏။

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Où les histoires vivent. Découvrez maintenant