ရွာအပြင်ဘက်မှ ဆေးပင်ခြံမှာ အတော်လေး ကြီးမားပြီး ဆေးဆရာ မဟာမြို့ပျက်အတွင်း ရှာဖွေထားသည့် ဝိညာဉ်ဆေးပင်များ စိုက်ထားခြင်း ဖြစ်၏။ ထိုဆေးပင်များကို မျက်စိကျနေကြသည်မှာ ကြာပြီ ဖြစ်သော်လည်း ဆေးဆရာက ဆေးပင်ခြံထဲတွင် အဆိပ်ပိုးကောင် များစွာ မွေးမြူထားသဖြင့် မည်သူမျှ မဝင်ရဲကြပေ။
မဟာမြို့ပျက်တွင် လူနေကြဲပါးသည့်အတွက် အဖိုးတန် ဝိညာဉ်ဆေးပင်များ ပေါကြွယ်ဝလှသည်။ ဤနှစ်များအတွင်း၌ ဆေးဆရာက မရေမတွက်နိုင်သည့် ထူးခြားရှားပါးသော ဆေးပင်များ ရှာဖွေနုတ်ယူပြီး သူ၏ ဆေးပင်ခြံထဲတွင် ပြောင်းရွှေ့စိုက်ပျိုးခဲ့၏။ ထိုဆေးပင်များကို တစ်ခါမျှ အသုံးပြုခဲ့ခြင်း မရှိဘဲ ယခုမှ ချင်မူ့အတွက် အကုန်လုံး သုံးပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆေးဆရာ၏ အဆင့်စံ သတ်မှတ်မှုက မြင့်မားသည့်အတွက် သူ စုဆောင်းထားသည့် ဝိညာဉ်ဆေးပင် အားလုံးမှာ လွန်စွာ အဖိုးတန်လှ၏။ အပြင်ဘက်လောကတွင် ဤဆေးပင်တစ်ပင်မျှ ထုတ်ရောင်းလိုက်ရုံဖြင့် အုတ်အော်သောင်းတင်း ဖြစ်သွားနိုင်သည်။ ဆေးဆရာ အကုန်ပုံအော၍ လောင်းကြေး ထပ်လိုက်ခြင်း ဖြစ်၏။
မီးပုံက တဖြည်းဖြည်း ငြိမ်းသွားပြီ ဖြစ်ပြီး ရွာသူရွာသားများမှာလည်း အနားယူရန်အတွက် ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။ ချင်မူလည်း သူ့အခန်းသူ ပြန်၍ မကြာမီ အိပ်မောကျသွား၏။ အဘွားစစ်က သူ့ကိုယ်ပေါ် စောင်တစ်ထည် ခြုံပေးရင်း အိပ်မောကျနေသော လူငယ်လေး၏ မျက်နှာကို ချစ်မြတ်နိုးစွာ ကြည့်၍ ပြုံးလိုက်သည်။
"ငါ့ရဲ့ မူအာလေး... မင်းမှာ လောကသခင်ခန္ဓာ ရှိရှိ၊ မရှိရှိ... မင်းက အမြဲတမ်းအတွက် ငါကောက်ယူ မွေးမြူခဲ့တဲ့ ကလေးလေးပါပဲ... ဘယ်သူကမှ၊ ဘယ်အရာကမှ မင်းကို ထိခိုက်နာကျင်အောင် မလုပ်စေရဘူး..."
အဘွားစစ်က ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည့်အတွက် မီးပုံပွဲ၌ ရွာလူကြီးနှင့် ဆေးဆရာတို့၏ အမူအရာကို ကြည့်၍ အတော်များများ ရိပ်စားမိခဲ့သည်။ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သည်သာ ရှိ၏။
CZYTASZ
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasyမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...