ချင်မူ သူ့စိတ်သူ ပြန်တည်ငြိမ်အောင် ထိန်းလိုက်သည်။ မဟာမြို့ပျက် ကပ်ဆိုးကြီး မကျရောက်မီက မြေပုံမှာ လူနေအပျက်အစီးများစွာ ညွှန်ပြ ရေးဆွဲထားသဖြင့် အတော်လေး အသုံးဝင်၏။ သူ့အနေဖြင့် အပြင်ထွက် အမဲလိုက်ပြီး ဒုက္ခိတဘိုးဘွားကျေးရွာသို့ အချိန်မီ ပြန်မလာနိုင်ခဲ့လျှင် မြေပုံပေါ်တွင် ညွှန်ပြထားသည့် ရှေးဟောင်း လူနေမြို့ပျက်များကို ရှာဖွေ၍ အမှောင်ထု၏ ရန်မှ လွတ်အောင် ရှောင်နိုင်ပေလိမ့်မည်။
"ဒီမြေပုံနဲ့ဆိုရင် အန္တရာယ် အတော်များများ ရှောင်လွှဲလို့ ရပြီ..."
သူ မြေပုံကို စွဲနေအောင် မှတ်သားလိုက်၏။ ယခု သူရောက်နေသည့် တောင်ကြားချိုင့်ဝှမ်းကို ရှာကြည့်လိုက်ရာ ကြမ္မာဆိုးနှိမ်နန်းတော်ဟု ရေးထိုးထားကြောင်း တွေ့ရသည်။
"ကြမ္မာဆိုးနှိမ် နန်းတော်... ကြမ္မာဆိုးဆိုတာ သဘာဝဘေးအန္တရာယ်... ဆိုလိုတာက ကပ်ဆိုးပဲ..."
သူက စာသင်သားတစ်ယောက် မဟုတ်သော်လည်း နားကန်းထံမှ ပန်းချီနှင့် စာလုံးလှပညာကို သင်ယူခဲ့သဖြင့် အသိပညာဗဟုသုတအပြည့် ရှိ၏။ "ကြမ္မာဆိုးနှိမ်နန်းတော်က ကပ်ဆိုးကို ဖိနှိမ်ထားတဲ့ နန်းတော်လို့ ဆိုလိုချင်တာဆိုရင် ဘယ်လို ကပ်ဆိုးမျိုးကို ဒီနန်းတော်က ဖိနှိမ်ထားတာလဲ..." ချင်မူ တီးတိုး ရေရွတ်လိုက်သည်။
ဘေးဘီသို့ လှည့်ကြည့်လိုက်သောအခါ မိစ္ဆာမျောက်ဝံမှာ မည်သည့်အချိန်က ထွက်သွားမှန်းမသိ၊ နန်းတော်ထဲတွင် မရှိတော့ချေ။ ကြည့်ရသည်မှာ မိစ္ဆာမျောက်ဝံက သူ့ကို အနှောင့်အယှက် ဖြစ်မည်စိုး၍ ထွက်သွားခြင်း ဖြစ်ဟန် ရှိ၏။
"ဒီကောင်ကြီးက အမြော်အမြင် တော်တော် ရှိတာပဲ..."
ချင်မူ နန်းတော်အပြင်ဘက်သို့ ထွက်၍ မိစ္ဆာမျောက်ဝံကို လှမ်းခေါ်ကာ မေးလိုက်သည်။ "ဟေ့ကောင်ကြီး၊ ဒီမှာ ထူးဆန်းတဲ့ နေရာတွေ ရှိလား..."
မိစ္ဆာမျောက်ဝံက ခေါင်းကုတ်ပြီး တစ်ခဏမျှ စဉ်းစားကာ ကြမ္မာဆိုးနှိမ်နန်းတော် အတွင်းရှိ အခန်းငယ်လေး တစ်ခန်းထံသို့ ပြေးသွားသည်။ ချင်မူက ၎င်း၏ နောက်မှ အလျင်အမြန် ပြေးလိုက်သွားပြီး ဒရယ်ပေါက်လေးကလည်း သူတို့နောက်မှ လိုက်ပါလာ၏။
YOU ARE READING
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasyမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...