အခန်း (၅၂)

51 7 0
                                    

ရွာလူကြီးက မျက်ခုံးပင့်လိုက်သည်။ "ကျုပ်တို့ သူသေကိုယ်သေ တိုက်ကြရင် ကောင်းကင်နတ်ဆိုးဂိုဏ်းလည်း အတော် အကျအဆုံးများမှာပဲမလား... အဲဒီတော့ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဖိအားပေးပြီး တင်းတင်းမာမာ ဆက်ဆံနေကြမှာလဲ... ကျုပ်တို့ ဒုက္ခိတဘိုးဘွားတွေကြောင့် ခင်ဗျားတို့ဂိုဏ်းရဲ့အင်အား အကြီးအကျယ် ကျဆင်းသွားရင် ဧကရာဇ်အတိုင်ပင်ခံက ဝမ်းသာအားရ အခွင့်ကောင်းယူပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူ့လက်အောက် သိမ်းသွင်းသွားမယ်ဆိုတာ ရဲရဲကြီး လောင်းရဲတယ်... ခင်ဗျား ဘယ်လိုထင်လဲ..."

လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ "ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက ကျုပ်တို့ဂိုဏ်းကို နှိမ်နင်းပြီး နန်းတွင်းမိသားစုလက်အောက် သစ္စာခံအောင်လုပ်မှာ ကျိန်းသေပါပဲ... ဒါပေမဲ့ ဂိုဏ်းသခင် အသတ်ခံရပြီး အထွတ်အမြတ်သိုင်းကျမ်း ပျောက်ဆုံးနေတဲ့အတွက် ကျုပ်တို့နတ်ဂိုဏ်းက အပြီးအပိုင် ဖျက်သိမ်းခံလိုက်ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ မခြားတော့ပါဘူး... အဆွေတော်က ဆက်ပြီးတော့ ခေါင်းမာမာနဲ့ ငြင်းဆန်နေဦးမယ်ဆိုရင် အဆွေတော် စောင့်ရှောက်နေတဲ့ ရွာလေးနဲ့ ကျုပ်တို့နတ်ဂိုဏ်း ထိပ်တိုက်တွေ့ရပါလိမ့်မယ်... အလံတွေ ဖြန့်လိုက်..."

သူ့ဘေးမှ စည်းကမ်းထိန်းအကြီးအကဲက ဦးညွှတ် အရိုအသေပြုလိုက်၏။ "အမိန့်အတိုင်းပါ ဂိုဏ်းချုပ်... အလံတွေ ဖြန့်..."

သုံးရာ့ခြောက်ဆယ်သော စံအိမ်သခင်များက ကြီးမားသော အလံတိုင်ကြီးများကို ထုတ်ယူဝှေ့ယမ်းပြီး လေထဲတွင် အလံတလူလူ လွင့်နေအောင် လွှင့်ထူလိုက်ကြသည်။

ချင်မူ လှမ်းကြည့်လိုက်သောအခါ အလံပေါင်း သုံးရာ့ခြောက်ဆယ်က တဖြည်းဖြည်း ကြီးသည်ထက်ကြီးလာကြောင်း တွေ့ရ၏။ အလံတစ်ခုလျှင် စတုရန်းပေ ခုနစ်ထောင်ခန့် အကျယ်အဝန်း ရှိသည်။

"အလံတွေ ပြန်သိမ်းလိုက်..." လူငယ်က ပြောလိုက်၏။

စည်းကမ်းထိန်းအကြီးအကဲက အော်ဟစ်လိုက်သည်။ "အလံတွေ ပြန်သိမ်း..."

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Onde histórias criam vida. Descubra agora