Unicode Version
အခန်း(၄)
အကိုယောဇ၏ မိတ်ဆွေ အိမ် အရောက် ခြံဝင်း
တံခါး ပိတ်မထားသည်မို့ ၃ယောက်သား တွန်းဖွင့်
ဝင်ခဲ့သည်။ ဝင်စကတည်းက သာယာသော
စောင်းသံကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။
သမားတော်ဟု ပြောသော်ငြား ခြံအဝ မှ စောင်းသံ
စကြားနေရသည်။ အိမ်နှင့် မလှမ်းမကမ်း
ခြံဒေါင့်တွင် တပင်လုံး အရွက်ပျောက်လုနီးပါး
ပန်းများဝေဆာ နေသော ပျဉ်းမပင်ကြီး တပင်ရှိသည်။
သာမန်အပင်လိုမဟုတ်ဘဲအကိုင်းများဖြာထွက်
မနေသလို သိပ်လည်းမမြင့်လှ။ ၅ပေနီးပါးလောက်မှစ
အပွင့်များ စပွင့်နေလေရာ မျက်စိပဿဒ ဖြစ်လှသည်။
ထိုအပင်အောက် တွင် ခရမ်းဖျော့ရောင် ဝတ်စုံ
ဝတ်ဆင်ထားသော ယောက်ျားပျိုတယောက်
စောင်းကောက်တစ်ခုကို တီးခတ်နေသည်။ ဆံပင်ကို မူ
အပြောင်သိမ်း၍ ငွေတောက်တောက် ဆံထိုးကွင်း
တစ်ခုနှင့် ချည်ကာ အနောက်ဖက်တွင် ဝဲရက်သား
ကျနေစေသည်။ ပျဉ်းမပန်း၏ ခရမ်းဖျော့ရောင်နှင့်
ထို ယောက်ျားပျို၏ အဝတ်အရောင်
ရောယှက်နေသည်မှာ သူကိုယ်တိုင် ပျဉ်းမပန်းကလေး
တပွင့် ဖြစ်သွားသလိုပင်။ ရေစီးသံလေးလို
သာယာသော စောင်းကောက်သံ
သည်လွန်စွာ နားဝင်ပီယံ ရှိလှသည်။ ထိုသူသည်
စောင်းကြိုးပေါ် တွင်သာ အာရုံစိုက်နေသဖြင့်
ဖြူဝင်း ချောမောသော မျက်နှာ တခြမ်းကိုသာ
မြင်ရသည်။စောင်းကြိုးပေါ်ရှိလက်သွယ်သွယ်များ
သည် ယောက်ျားလေး လက်ပေမို့ လက်ချောင်းများက
မိန်းကလေးလက်ချောင်းထက် ရှည်ကာ နူးညံပုံမပေါ်။
မျက်ခုံး ခပ်ပါးပါး၏ အစွန်း နထင်ပေါ်ကမှဲ့ကလေးနှင့်
ထိုသူသည်မိန်းကလေးဆန်သော မျက်နှာကို ပိုင်ဆိုင်
သော်လည်း မျက်နှာအနေအထားခပ်တင်းတင်းကြောင့်
ချောမောသည့်ဖက် ရောက်နေလေသည်။ ထိုရှူခင်းက
ညီအကို ၃ယောက်လုံးကို ဆွဲဆောင်နေလေရာ
၃ယောက်လုံးမျက်တောင်ခတ်ဖို့တောင်
မေ့နေလေသည်။ ထိုစဉ် ပျဉ်းမပွင့်တပွင့်သည်
လေအဝှေ့တွင် ဝဲကာ ထိုသူ ဆံကေသာပေါ်
နေရာယူသွားသည်။
ဒေဝ ၊ ဝေဒ ၊သတိုးတေဇ:-------------။
လွန်စွာ လှပသည်။ယောက်ျားပျို တယောက်ကို
'လှပသည်' ဟုမသုံးလိုသော်ငြား ၊ ထိုမြင်ကွင်းကတော့
လွန်စွာ လှပလွန်း လှသည်။ စောင်းသံ တိခနဲ့
ရပ်သွားတော့မှ အသိစိတ်ဝင်လာတော့သည်။
ထိုယောက်ျားပျိုသည်လည်း သူတို့ကိုကြည့်နေသည်။
ချက်ချင်း ကိုးယိုးကားယား အခြေအနေ
ရောက်သွားသည်။
"မင်းတို့က----ဘယ်သူတွေလဲ------။"
၃ယောက်လုံး အသံလာရာဖက် လှည့်ကြည့်
လိုက်တော့ အဖြူရောင် ဝတ်စုံနှင့် ယောက်ျားပျို
အချောအလှလေးနောက်တယောက်။
ဒေဝ ၊ ဝေဒ ၊သတိုးတေဇ: ----အချောအလှလေးတွေ
မှန်သမျှ ဒီမှာနေကြတာလား။ဒါမှမဟုတ်
ဒီအိမ်မှာနေတဲ့ သူတွေကပဲ ချောနေတာလား။
ဒေဝက အရင်သတိဝင်လာကာ။
"ကျတော်တို့ကို----အကိုယောဇ လွှတ်လိုက်တာပါ---
ကျတော်တို့က သူရိယောဝကနေ ကာလင်္က
တက္ကသိုလ်ကိုစာသင်သားအဖြစ်---လာတာပါ-။"
ယောဇ လွှတ်လိုက်သည်ဟု ဆိုသော
ကလေး၃ယောက်ကိုမင်းခွန်သ ဝေ့ကြည့်လိုက်သည်။
စနှုတ်ဆက်သောတယောက်က ယောက်ျားပီသသော
မျက်နှာနှင့် ထောင်ထောင်မောင်းမောင်းပင်၊
နောက်တယောက်ကမူ ပထမတစ်ယောက်နှင့်
မျက်နှာဆင်သော်ငြား မျက်လုံးခပ်မှေးမှေးနှင့်
ကလေးဆန်သော မျက်နှာပေါက် ဖြစ်သည်။
တတိယတစ်ယောက်တွင် သူ ရပ်တန့်သွားသည်။
ထိုသူနှင့်တူသော မျက်နှာပေါက်
ခပ်ဖြူဖြူအသားအရည်နှင့် နှာတံစင်းစင်းလေးကြောင့်
ထိုသူထက် ပိုချောသွားသည်မှလွဲလို့
အရောင်လတ်နေသော မျက်ဝန်းလှလှလေးမှအစ
လှုပ်ရှားပုံအဆုံး ထိုသူ၏ ကိုယ်ပွားအလား။
လှိုက်တက်လာသောခံစားချက်များကို ဖိနှိပ်ရင်း
"တက္ကသိုလ် အကြောင်းတော့ မင်းတို့
သိပြီးသားဖြစ်မှာပါ-စာသင်သားဖြစ်သွားရင်၃လက
ကျောင်းထဲမှာပဲနေရမယ်--နောက် ကာလတွေမှာတော့
ဆက်နေလည်းရတယ် အပြင်မှာနေချင်လည်းရတယ်--
ယောဇက ဆရာ့ဆီလွှတ်လိုက်တယ်ဆိုတော့--
ကျောင်းထဲမှာ မနေချင်ရင် ဒီလာနေလည်းရတယ်---
ဒီမှာ ဆရာနဲ့တပည့်တယောက်ပဲနေတာ ----။"
"ဟုတ်ကဲ့---အကိုယောဇကလည်း ဆရာ့ဆီမှာပဲနေဖို့
မှာလိုက်ပါတယ်------။"
"ဆရာ့က ကာလင်္က ရဲ့လက်ထောက်ကျောင်းအုပ်၊
ဆေးပညာကိုလည်း ကျောင်းမှာ ပို့ချပေးတယ်---
ဆရာ့ကို သူများတွေခေါ်သလို----သမားတော် ကြီးပဲ
ခေါ်ပေါ့----။"
အလာပ သလာပ စကား အနည်းငယ်ပြောပြီး
အကိုယောဇ ပြင်ဆင်ပေးလိုက်သော
လက်ဆောင်များကို ထုတ်ပေးပြီးနောက် ၃ယောက်
တိုင်ပင်ထားသည့် အတိုင်း သူတို့ ၃ယောက်သည်
သူရိယောဝ၏ မင်းမျိုးမင်းနွယ်ဆိုတာ ချန်လှပ်ကာ
အကိုယောဇ ၏ ညီဝမ်းကွဲများ ဟူ၍
သမားတော်ကြီးကို ပြောထားလိုက်သည်။ တက္ကသိုလ်
မဝင်ခင် လွတ်လွတ်လပ်လပ်နေချင်သေးသည်မို့
တည်းခိုဆောင်ကိုသာပြန်ခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူရိယောဝသည် ပင်လယ် နှင့်နီးသဖြင့် သမပိုင်း
ရာသီဥတု ဖြစ်သည်။ နွေဆိုလည်း သိပ်မပူသလို
ဆောင်းဆိုလည်း သိပ်မအေးလှ။ မာလာမြိုင်သည်ကား
ကုန်းတွင်းပိုင်း ဖြစ်သည့် အပြင် မြောက်ဖက် ရှိ
ရေခဲတောင်များကြောင့် အေးစက်နေတတ်သည်။
တနှစ်တွင် ၃လခန့်ရေခဲ နေတတ်သည်။ စိုက်ပျိုး
ဖြစ်ထွန်းသော သီးနှံ များသည် လူစားသုံးရန် အတွက်
ကြမ်းတမ်းလှသည်။ထိုကြောင့်ပင် မာလာမြိုင်
ဘုရင်သည် သူရိယောဝကို သိမ်းပိုက်ချင်နေခြင်းပင်။
တက္ကသိုလ်ပြည် သည် မာလာမြိုင်လို
ရေခဲမနေသော်ငြား မာလာမြိုင်နှင့် နီးသဖြင့်
တနှစ်ပတ်လုံး နွေ ၃လမှလွဲ၍ ခပ်အေး စက်စက် ပင်။
ယခုမူ ကဆုန်လလဆုတ်ပိုင်း နွေနှောင်းပိုင်းရောက်ပြီမို့
ရာသီဥတုသည် သာယာသည့်ဖက် အနည်းငယ်
ရောက်သည်။ အရမ်းမပူတော့ သလို
အေးနေတာမျိုးလည်း မဟုတ်။ ရာသီဥတုသာယာကာ
နေရောင်ခြည်ခပ်နွေးနွေးက ခြံဝန်းအတွင်း
ဖြာကျနေသည် ။သမားတော်ကြီး၏ အိမ်ခြံဝန်းသည်
အတော်အတန် ကျယ်ဝန်းသော်လည်း တက္ကသိုလ်၏
အစွန်အဖျားပိုင်းတွင်မို့တိတ်ဆိတ်နေသည်။ အဆောင်
၂ခုရှိပြီးခြံဝမှလက်ယာဖက်၊ခေါင်းရင်းဖက်ရှိအဆောင်
သည် အခန်း နှစ်ခုရှိပြီး တစ်ခန်းတွင် သမားတော်ကြီး
နေသည်။ ကျန်တခန်းသည်စာကြည့်ခန်းဖြစ်သည်။
ခြံဝဖက်မျက်နှာလှည့်ထားသော အဆောင်မှာမူ
အခန်းငယ်ပေါင်း ၁ဝ ခန်းကျော်ပါသော
အဆောင်ကြီး ဖြစ်သည်။ ကျောင်းသားများနေရန်
ရည်ရွယ်ထားပုံပေါ်သည်။ထိုအဆောင်ဘေးဖက်
ခြံဒေါင့်တွင် ပျဉ်းမပင်ကြီး ရှိပြီး အပင်အောက်တွင်
ကွက်ပျစ်ငယ် တခုချထားသည်။ အဆောင်များ၏
ရှေ့ဖက် မြေကွက်လပ်တွင်တော့ အောက်ဖက်တွင်
ဇကာများခံကာ ဆေးပင်များကို အခြောက်ခံ
ထားသည်။ မနက်နိုးစမှ၍စောင်းတီးချင်နေ၍
မနက်စာစားပြီးနောက် နဉ်သူရ တယောက်
စောင်းကောက်ကလေးကိုပိုက်ကာ
ပျဉ်းမပင်ကြီးအောက်လျှောက်ခဲ့သည်။အဖြူရောင်နှင့်
ခရမ်းဖျော့ရောင်အပွင့်များကတပင်လုံး
လွှမ်းခြုံထားသည်။စောင်းသံနှင့်အတူ စီးမျောရင်း
ဘယ်လောက်ကြာအောင်တီးခတ်နေမိမှန်းမသိ။
မော့အကြည့်တွင် ခြံဝန်းထဲတွင်လူ၃ယောက်
ရောက်နေကာ နဉ်သူရကို ငေးကြည့်နေသည်။
သူကိုယ်တိုင်လည်း ကြောင်ကြည့်နေမိသည်။
ဟိုတနေ့က စျေးထဲတွင် အသပြာအိတ်အလုခံရသည့်
သခင်လေးနှင့် သူ့အဖော်၂ယောက်။ အာ့လောက်တောင်
တိုက်ဆိုင်ရလား။ကံတရားက ပြန်တွေ့ဆုံဖို့
စီစဉ်ပေးတာများလား။ သမားတော်ကြီး ထွက်လာပြီး
စကားပြော မိတ်ဆက်နေစဉ် စောင်းလေးပိုက်ကာ
အခန်းထဲပြန်ဝင်ခဲ့သည်။ စောင်းကောက်ကို
နေရာတကျ ထားပြီး ထို အသပြာအိတ်ကို
ပြန်ရှာလိုက်သည်။ အနက်ရောင် ကတ္တီပါသားပေါ်တွင်
ရွှေချည် ငွေချည်များနှင့် နေထွက်ချိန် ရှုခင်းပုံကို
ထိုးထားသော ထိုအသပြာအိတ်သည်
အလွန်လက်ရာ မြောက်ကာ တန်ဖိုးကြီးပုံပေါ်သည်။
အိတ်ပေါ်တွင် အနံ့သင်းသင်းလေး တစ်ခုရ၍
နမ်းကြည့်လိုက်သည်။ ဆေးပညာကိုကာလတစ်ခုထိ
လေ့လာပြီးပြီ ဖြစ်သဖြင့် ဆေးအနံ့မှန်း
သူတန်းသိသည်။ နောက်အနံ့တစ်မျိုးကတော့
တောထဲမှတောဝက်လိုက်တုန်းက
အနက်ရောင်ဝတ်လူဆီက အနံ့နှင့်ဆင်တူနေသည်။
ပန်းအနံ့လို ခပ်သင်းသင်းရနံ့ ။ မျက်နှာကို အဝတ်နက်
စည်းထားသော်လည်း ထိုအနက်ရောင်ဝတ်လူ
သည် ဆံပင်ခဲရောင် မျက်ဆံခဲရောင်နှင့် ဖြစ်သည်။
ခုနက တွေ့ခဲ့သည့် တေဇဆိုသည့် လူကတော့
ဆံပင်အနက်နှင့်ပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက် ဧည်သည်များပြန်သွားသည်မှစ မင်းခွန်သ
စိတ်နှင့် ကိုယ်နှင့်သိပ်မကပ်။ စာဖတ်ရန်
စာအုပ်ချထားသော်လည်း စာအုပ်ပေါ်မှာအာရုံမရှိ။
သူ့ရင်ထဲတချိန်လုံးနေရာယူထားသော ထိုသူ။
စာရွက်အလွတ်တစ်ခုယူရင်း ပုံတူပန်းချီကား
တစ်ချပ်ကိုသာ ခြယ်မှုန်းမိတော့သည်။
"သမားတော်ကြီး--ကျနော်ဝင်ခဲ့လို့ ရမလား----။"
နဉ်သူရအသံကြောင့် သူဆွဲလက်စ ပန်းချီကို
စာအုပ်ကြားထဲ ထိုးထည့်သိမ်းလိုက်သည်။
"ဝင်ခဲ့----။"
နဉ်သူရ သည် ပန်းကန်တစ်လုံးအပြည့်
စားစရာများနှင့်အတူ ဝင်လာသည်။
"ဘာတွေများတုန်း----။"
"တောထဲက ကျတော် အမဲလိုက်လို့
ရခဲ့တဲ့ တောဝက်သားပါ----။"
မင်းခွန်းသ တလုတ်စားကြည့်လိုက်သည်။
"တောဝက်ဆိုတော့ အဆီနည်းသားပဲ---နောက်
၂ရက်နေရင် ကာလင်္က ရဲ့ဝင်ခွင့်စာမေးပွဲ စပြီပဲ---
ဘယ်လိုနေလဲ အဆင်သင့်ပဲလား----။"
"အာ့တာကလေ---စာပေပိုင်းတော့ မစိုးရိမ်ပေမဲ့----
ကိုယ်ခံပညာပိုင်းက---ကျတော်က သမားတော်ကြီး
သင်ပေးတဲ့ လှံပဲ ကစားတတ်တာ တခြားက
လက်နက်ပုန်းပဲ ပစ်တတ်တာဆိုတော့လေ-----။"
"ကိုယ် ကျွမ်းကျင်တာကိုပဲ ပြောပြီး ဖြေလို့ရတယ်----
စာပေပိုင်း တင်းကျပ်ပေမဲ့ ကိုယ်ခံညာပိုင်းက စစ်ဆေး
ရုံလောက်ပဲ-----ပထမ၃လ ကျောင်းထဲခေါ်ထားတာလဲ
မင်းတို့ကို စည်ကမ်းပိုင်းနဲ့ ကိုယ်ခံအား လေ့ကျင့်ပေးဖို့
သက်သက်ပဲ--- ကိုယ်ခံပညာပိုင်း ထည့်ဖြေခိုင်းတာ
၂နှစ်ပဲရှိသေးတယ်---အဓိကကတော့အခြေခံလောက်
သိရင် ရပြီ---။"
"သြော်----။"
နဉ်သူရ မျက်နှာပေါ်က စိုးရိမ်မှု မပျောက်သေးတာမို့
ခွန်းသ ခပ်ဖွဖွပြုံးရင်း
"မစိုးရိမ်ပါနဲ့----ဖြေမယ်လည်းဆိုရော ကြောက်နေပြီလား-
မကြောက်ပါနဲ့----။"
ခဏစကားပြောပြီးနောက် နဉ်သူရလည်း သူ့အခန်းသူ
ပြန်သွားသည်။ မင်းခွန်းသလည်း အာရုံပြန်စိုက်နိုင်ပြီမို့
စာအုပ်ကိုသာပြန်ကြည့်နေလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သာမန်စာသင်သား အဖြစ် တက္ကသိုလ် တက်မည်ဟု
ကြုံးဝါးထားသော ညီတော် သတိုးတေဇ၊ ယခုမူ
စာအုပ်နှင့်မျက်နှာ မခွာတမ်းစာကြည့်နေရတော့သည်။
ဝင်ခွင့်တွင်အဆင့်၁နှင့် မအောင်လျှင်
ချက်ချင်းတန်းပြန်ရမည်ဟုလည်း
အကိုတော် မင်းကြီးမှာလိုက်လေရာ
ရောက်ကတည်းက စာတန်းလုပ်
နေတော့သည်။ ဝေဒသည်လည်းသူ့ညီတော်နှင့်
အတူ စာကူကြည့် ပေးနေသည်။ ၂ယောက်လုံး
ဆံပင်တွေလည်း ရှုပ်ပွနေပြီး လက်တွင်လည်း မှင်တွေ
စွန်းပေနေသည်။
"အကိုဒေဝ---ညီတော် အဆင့်၁မရရင် ဘယ်လို
လုပ်မလဲ----ညီတော်မပြန်ချင်ဘူး သူရိယောဝကို-။"
စာ အသဲအသန်ဖတ်မှတ်နေသော ညီတော်
၂ယောက်ကို ကြည့်ရင်း ဒေဝခေါင်းခါလိုက်သည်။
ပုံမှန် အချိန်တွင် သတိုးတေဇသည်ထက်မြတ်
ပြတ်သားပုံပေါက်သော်လည်း အကိုများနှင့်
သီးသန့်ရှိနေသော အချိန်တွင်မူ
ကိုယ်ကိုယ်ကိုမယုံကြည်သော သတိုးတေဇ
ဖြစ်သွားတတ်သည်။
"ရမှာပါ----ညီတော်က ထူးချွန်တဲ့ကလေးပဲဟာ--။"
ဝေဒ သတိုးတေဇကို ချော့မော လိုက်သည်။ပြောရင်း~
ဆိုရင်း ကျက်ရင်း ညနက်သွားရာ ၂ယောက်လုံး
စားပွဲပေါ်မှာပင် မှောက်လျက်
အိပ်ပျော်သွားတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"နဉ်ယဉ်ရဲ့ ညာလက်ရုံးတဲ့လား---
စိတ်ဝင်စားစရာလေး--။"
"အဂ္ဂ သူရိယောဝရော မာလာမြိုင်ရော ဝေးဝေးက
နေတာအကောင်းဆုံးပဲ---အထူးသဖြင့် မာလာမြိုင်--။"
"နေပါဦး---ညီတော်လေးရဲ့မင်းအကို
ဘာမှမလုပ်ရသေးပါဘူး---။"
"မင်း သူကို စိတ်ဝင်စားစရာလေး ပြောတာ
၂ခါရှိပြီ-။"
အဂ္ဂ ကပြုံးရင်း သေရည် တခွက်ယူသောက်
လိုက်သည်။ ထိုနဉ်သူရ ဆိုသော ကောင်လေးသည်
နူးညံပုံပေါ်သော အလှလေးတယောက်ဖြစ်သည်။
အရင်က နူးနူးညံညံ ယောက်ျားလေးများ
တွေ့ဖူးသော်လည်း ချွဲနွဲ့နေတာ များသည်။
နဉ်သူရသည် ချွဲနွဲ့ နေသည်လည်းမဟုတ်
ပင်ကို နူးညံ့ကာ ခေါင်းမာသော စရိုက်နှင့် တမျိုး
ဆွဲဆောင်နေသည်။ ယံနီ ကတော့ သူ့အကိုတော်၏
စရိုက်ကိုသိ၍ စိတ်ပျက်လက်ပျက်နှင့်သာ ခေါင်းရမ်း
မိသည်။ အဂ္ဂ၏ အချစ်ရေးနှင့်ပတ်သတ်သော
ပြဿနာများသည် တချိန်တွင် သူ့ခေါင်းပေါ်မှာသာ
စုပုံနေတတ်သည်။ပြဿနာရှာသူ အဂ္ဂ ကတော့
သေရည်တောင်အသောက်မပျက်။မိမိကိုယ်တိုင်
ဘယ်မိန်းကလေးနှင့်မှ မထိတွေ့ဖူးသော်ငြား အဂ္ဂ
ပတ်သတ်မှုတွေကြောင့် ဖြေရှင်းခဲ့ဖူးသော
မိန်းကလေးများက မနည်းလှ ။တခါတလေ
ပါးရိုက်တောင်ခံရဖူးသည်။ ထိုအချိန်ကတော့ အဂ္ဂ
ခဏတာငြိမ်သွားလိုက်သေးသည်။ နောက်တော့လည်း
ဒုံရင်းပင်။အခန်းထဲမှ ထွက်လာပြီး တည်းခိုဆောင်
အရှေ့ဥယျာဉ် အသေးလေးဆီသို့ ယံနီ ထွက်ခဲ့သည်။
မန်ကျည်းပင်လေးကိုမှီကာ လဆုတ်ရက်ဖြစ်သဖြင့်
ခပ်သေးသေးသာရှိသော လလေးကိုမော့ကြည့်
လိုက်ရင်း သက်ပြင်းချလိုက်သည်။
"နောင်ကြီး-----။"
ဘေးဖက်ရှိ မန်ကျည်းပင်တွင်လည်း လူတယောက်မှီ
ရပ်နေသည်။ သူ့ဆီသို့ ကြွေအိုးလေး ၁လုံးကမ်းလာမို့
ဘာမှမစဉ်းစားဘဲ ယူမော့ချလိုက်သည်။ မက်မန်းသီး
အနံ့နှင့်အတူ ခပ်ပြင်းပြင်းအရသာ လည်ချောင်းထဲ
ဖြတ်စီးသွားသည်။
"စိတ်ညစ်စရာများရှိလို့လား---။"
သေရည် အိုးကိုပြန်ယူရင်း ထိုသူကမေးသည်။
ယံနီ လှည့်ကြည့်လိုက်တော့ သူရိယောဝ မင်းသားများ
ထဲမှ ဒေဝ ဆိုသောလူ ဖြစ်နေသည်။ တည်းခိုဆောင်
တခုတည်း ဆိုသော်လည်း ထိပ်တိုက်တွေ့လိမ့်မည်
ဟုတော့ မထင်မိ။ လရောင်မှိန်မှိန်အောက်မှာမို့
သူ့ကိုတော့သဲသဲကွဲကွဲ မမြင်ရသလို သိပုံလည်း
မပေါ်။ ယံနီ သက်ပြင်းမှုတ်ထုတ်ရင်း
"လူတစ်ယောက်ကို စောင့်ရှောက်ရတာ
တကယ်ပင်ပန်းတယ်------။"
" အမှန်ပဲ----။"
ဒေဝ ၏ထောက်ခံစကားပြီးနောက် ဘာစကားမှ
ဆက်မပြောဖြစ်တော့သလို၊ တစ်ယောက်ကို
တယောက်လည်း မကြည့်မိတော့။ ခပ်ကွေးကွေး
လခြမ်းလေးကိုသာ ၂ယောက်လုံးကြည့်နေတော့သည်။
တိတ်ဆိတ်စွာ နားလည်မှုရှိစွာ။
~~~~~~~~~~~~~~~~~~~~~~~~~~~
(Zawgyi Version)
YOU ARE READING
သူရိယောဝ သူရိေယာဝ(Ongoing)