Unicode Version
အခန်း(၂ဝ)
လမ်းဘေးဝဲယာတလျှောက် ရွံ့ပြားတွင် ဗန်ဒါရွက်ထိုးကာ သေသပ်စွာပြုလုပ်ထားသည့် မီးအိမ် အသေးစားလေးများနှင့် ပြည့်နေသည်။ မီးအိမ် အတွင်းဖက်တွင်၊ ဆီမီးခွက် အသေးစားလေး ထည့်ထွန်းထားရာ၊ မီးအိမ်် ပြုလုပ်ထားသော ဗန်ဒါ ရွက်၏ အရောင် အတိုင်း တချို့က စိမ်းလဲ့လဲ့၊ တချို့ကမူ ရွှေဝါရောင် ထိန်ထိန်၊ တချို့ကမူ နီပြေပြေ အရောင်၊ စသည်ဖြင့် အရောင်စုံ အသွေးစုံ ထိန်ညှီး နေသည်။ တချို့ အိမ်ကြီး အိမ်ကောင်းများကလည်း ရှေ့မျက်နှာစာ ကို ဆီမီးခွက်များနှင့် ပုံဖော် အလှဆင်ထား လေသည်။ တချို့ဆိုင်များမှာလည်း ဆိုင်နာမည်ကို ဆီမီးခွက်နှင့် ပုံဖော်ထား လေသည်။တချို့ကလည်းဆီမီးခွက်ပုံ ဘာညာ တချို့မှာ ဆီမီးခွက်များ သစ်သားဘောင်များဖြင့် ဗုဒ္ဓရုပ်ပွားတော် ပုံသဏ္ဍာန်ပင် ပုံဖော် ပူဇော်ထားလေရာ နဉ်သူရ ငေးကောင်း နေသည်။ အနောက်မှ ဝေဒ တို့ညီအကို နှင့် အဂ္ဂ တို့ ညီအကို သည်လည်း လှပသော မြင်ကွင်းများကြောင့် ငေးနေသော်လည်း နဉ်သူရလောက်တော့ သဘောတကျ ငေးမော နေသည်မဟုတ်။ စကား တပြောပြောနှင့် လိုက်ပါလာခြင်း ဖြစ်သည်။
မျက်လုံးလေး အရောင် တလတ်လတ်နှင့် ငေးနေသော နဉ်သူရ ကို ကြည့်ရင်း ပွဲတော်သွားဖို့ ဆုံးဖြတ်လိုက်သည်မှာ မှန်သည်ဟု သတိုးတေဇ တွေးလိုက်သည်။ လူများများနေရာဆို ရှောင်ချင်သော သတိုးတေဇသည် သွားခဲ့ရင်တောင် အမြန်ပြန်ဖို့ ပြောမိလောက် သော်လည်း နဉ်သူရ ငေးနေသော ပုံကိုကြည့်၍ သူလည်း ပျော်နေသည်မို့ မပြောဖြစ်တော့။
"မေမေ---သားသား မီးပုံးက ဘာကောင်လဲဟင်----။"
"အာ့ဒါ---ယုန်လို့ ခေါ်တယ် သားရဲ့---ခုန်ဆွခုန်ဆွ သွားတဲ့ အကောင်ငယ် လေးတွေပေါ့---။"
"ယုန်က နီနီလေးတွေပေါ့နော်----။"
"သြော် ဒါက တမင်လှအောင် ဆေးခြယ်ထားတာ သားရဲ့ အနီရောင်ယုန် ရယ်လို့ မရှိပါဘူး---။"
နဉ်သူရ ဘာရယ် မဟုတ်ဘဲ ဘေးနားမှ ဖြတ်သွားသော သားအမိ ၂ယောက် ပြောသွားသော စကားများကို နားထောင် မိလိုက်သည်။ ကလေးသည် ၅နှစ် ဝန်းကျင်လောက်သာ ရှိဟန်တူသည်။ နီနီရဲရဲ ယုန်မီးပုံးလေးကို လက်တဖက်ကတွန်းကာ၊ တခြားတဖက်က သူ့ အမေလက်ကို တင်းတင်း ဆွဲကိုင်ထားသည်။ လူအနည်းငယ် ရှုပ်သည့်နေရာမို့ မိခင်ဖြစ်သူသည် လက်ကိုမလွှတ်ရန် ကလေးကို မှာကြားထားပုံပင်။ ကလေးပီပီ လူကြီးပြောထားသည့်အတိုင်း အမေလက်ကို သတိကြီးစွာ ခပ်တင်းတင်းဆွဲထားသည်။ နဉ်သူရ သီတင်းကျွတ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသည်။ သူတောင်းစား ကလေးငယ် အနေနဲ့ရော၊ စစ်သူကြီး ညာလက်ရုံး အနေနဲ့ရော၊ နောက် မင်းခွန်းသ၏ စာသင်သား အနေနဲ့ပါ သီတင်းကျွတ်ကာလ အချိန်ကို ဖြတ်သန်းခဲ့ဖူးသည်။ နှစ်တိုင်းလို သာမန်နေ့တနေ့တာ ထက်မပိုခဲ့။ လမ်းပေါ်က သူတောင်းစား ဘဝတုန်းကတော့ မုန့်ပိုစားရ၍ ပျော်ခဲ့သည်။ ပွဲတော်ရက် စတုဒီသာကျွေးမှုများ ကြောင့် တဝတလင် စားရ၍ ပျော်ခဲ့သည်။ သို့ပေမဲ့ လမ်းပေါ်တွင် မိဘများ လက်ကိုဆုတ်ကိုင်ရင်း သွားနေသော ရွယ်တူကလေးများ ကိုတွေ့သည့် အချိန်တွင်တော့၊ သိမ်ငယ်စိတ် ဝင်ခဲ့သည်။ ထို ယုန်ရုပ်မီးအိမ်လေးကို နဉ်သူရ လိုချင်ခဲ့ဖူးသည်။ တဖက်က ချစ်ရသူလက် တဖက်က ယုန်ရုပ် မီးအိမ်လေးကို တွန်းရင်း သီတင်းကျွတ်ပွဲ ဆင်နွှဲခွင့်ရခဲ့လျှင် ဟုတွေးရင်း အမြဲ စိတ်ကူးယဉ်မိ သည်။ စစ်သူကြီးအိမ် ရောက်ပြီးချိန် တွင်တော့ ဆွေကြီးမျိုးကြီး အသိုင်း အဝိုင်းပေမို့ ပွဲတော်ရက်သည် လူဝင်လူထွက်များကာ ဧည်သည် မပြတ်လေရာ အိမ်အလုပ် ကူပေးရသည် နှင့်ပင် နဉ်သူရ တခြားစိတ်ရောက်ရန် အားမနေတော့။ သမားတော်ကြီးမင်းခွန်းသ၏ စာသင်သားဘဝ တွင်မူ စိတ်ရှိ ပျော်ပါးခွင့် ပေးသော်လည်း၊ သမားတော်ကြီးသည် ပွဲလမ်းသဘင် မကြိုက်သူမို့ နဉ်သူရ တယောက်တည်းသာ လည်ပတ်ရသည်။ တယောက်တည်း ယောင်ချာချာ လည်ရမည့် အတူတူမို့ နဉ်သူရ နှစ်တိုင်းလို အခန်းထဲတွင် အောင်းရင်း စာအုပ်သာ ဖတ်နေလေ့ ရှိသည်။ အသက်ကြီးလာတော့ ယုန်ရုပ်မီးအိမ်လေးကို မေ့နိုင်သွား သော်လည်း၊ တယောက်ယောက်များ နဉ်သူရ နှင့် လက်ချင်းတွဲကာ ပွဲတော် လည်ပေးခဲ့လျှင် ဆိုသည်ကတော့ အမြဲတွေးမိနေဆဲ။ အခုနှစ်တော့ နဉ်သူရ၏ ချစ်ရသူ တယောက်လုံး ရှိနေသည် မဟုတ်လား။ တယောက်ယောက်၏ လက်ကို ဆွဲကိုင်ရင်း ပွဲတော်လည်ရသော အရသာကို နဉ်သူရ သိချင်မိ သည်။ တေဇ တယောက် မီးပုံးပျံလွှတ်ရန် ပြင်ဆင်နေသော လူတစုထံ ငေးနေသည်။ နဉ်သူရ ပြုံးရင်း ဘေးတွင် ချထားသော တေဇ လက်ဆီသို့ ဆွဲကိုင်ရန် လက်လှမ်းလိုက်သည်။ ချစ်သူတွေ ဖြစ်သွားသော်လည်း လူအများကြားတွင် ၂ယောက်သား လက်ပွန်တတီး မနေဖူးသည်မို့ နဉ်သူရ အနည်းငယ်တော့ စိုးရိမ်မိသည်။
YOU ARE READING
သူရိယောဝ သူရိေယာဝ(Ongoing)