Unicode Version
အခန်း(၁၉)
ပန်းရုံ အကွယ်မှ သတိုးရာဇာ တို့ ၂ယောက်ဆီ လာရန် ပြင်နေသော မိဖုရာကြီး မဒီ သည်လည်း ပန်းရုံ အကွယ်မှာပင် ဆက်နေနေ တော့သည်။ မင်းခွန်းသသည် မဒီထက် ၁နှစ်သာ ကြီးသော မဒီ၏ သွေးရင်း အကို ဖြစ်သည်။ လက်ဝဲရံ အမတ်မင်း၏ သား၊သမီးများမို့ မဒီတို့ မောင်နှမသည် သူရိယောဝ နန်းတွင်းနှင့် သိပ်မစိမ်း၊ သတိုးရာဇာ နှင့်လည်း သက်တူ ရွယ်တူပေမို့ သူရိယောဝနန်းတွင်း သည် သူတို့ ကစားကွင်း ဖြစ်ခဲ့သည်။ အရိပ် ကိုယ်ရံတော် ဖြစ်ခဲ့သည့် ယောဇ၊ သတိုးရာဇာ၊ အကိုတော် မင်းခွန်းသ နှင့် မဒီ တို့ ၄ယောက်သည် ငယ်စဉ်ကတည်းက ဆော့ဖော် ဆော့ဖက်များ ဖြစ်ခဲ့သည်။ အရွယ်ရောက်သည်နှင့် တနေ့တခြား ချောမော လာသော သတိုးရာဇာသည် မဒီ အဖို့ စိတ်ကူးယဉ်စရာ တခု ဖြစ်လာသည်။ ယခင် မင်းကြီး သတိုးမင်းခေါင်သည်လည်း မဒီကို သမီးအရင်းလို ချစ်ခင်လေရာ သတိုးရာဇာ၏ ကြင်ယာတော် နေရာ သည် မဒီအတွက် လျာထားနှင့်ပြီးသား ဖြစ်နေလေသည်။ သို့ပေမဲ့ သတိုးရာဇာ ချစ်ခွင့်ပန်ခဲ့သည်မှာ မိမိ အကိုတော် မင်းခွန်းသ ဖြစ်နေခဲ့၏။ မဒီ အံသြသွားခဲ့သလို၊ ဝမ်းနည်းလည်းသွားခဲ့သည်။ သို့ပေမဲ့ တဖက်က အကို၊ တဖက်ကလည်း သူငယ်ချင်းပေမို့ မဒီ ကြားဝင် မနှောက်ယှက်ရက်ခဲ့။ ထိုသတင်းသည် ဘယ်နည်း ဘယ်ပုံ သူရိယောဝ တပြည်လုံး ပြန့်သွားခဲ့သည် မသိ။ ယခင် မင်းကြီး သတိုးမင်းခေါင် နားတော် ပေါက်သွားလေရာ၊ သတိုးရာဇာ ရော မင်းခွန်းသပါ အမျက်တော်ရှ ခံရတော့သည်။ သတိုးရာဇာ သည်လည်း မင်းခွန်းသ လက်ကို ဆွဲကိုင်ကာ ညီလာခံ အတွင်း ဝင်ခဲ့သည်။ ထို့နောက်မင်းခွန်းသမှလွဲ မည်သူ့ကိုမှ ကြင်ယာတော် မမြှောက်နိုင်ပါကြောင်း အရေးဆို ခဲ့သည်။ နောက်ဆုံး မင်းခွန်းသ တယောက် နယ်နှင်ဒဏ် ထိခဲ့ပြီး၊ သတိုးရာဇာကတော့ မဒီကို လက်ဆတ်ကာ အိမ်ရှေ့စံရာရာထူး ခံယူခဲ့ရသည်။ ထိုမှ ၃လပင် မပြည့်ခင် မင်းကြီးသတိုးမင်းခေါင် နတ်ရွာစံလေရာ၊ သတိုးရာဇာ ဘုရင်တန်း ဖြစ်သွားလေတော့သည်။ ကလေးအရွယ် ကမူ သတိုးရာဇာကို ပိုင်ဆိုင်ခွင့်ရ၍ မဒီ ပျော်ခဲ့သည်။ သို့သော် တနေ့တခြား ဒေါသကြီးလာသော သတိုးရာဇာကို ကြည့်ရင်း၊ မဒီ အတွေးတို့ မှားသွားကြောင်း မြင်လာသည်။ ဒေါသ မထွက်သည့် အချိန်တွင်တော့ သတိုးရာဇာတယောက် တနေရာကို စူးစိုက် ကြည့်နေရင်း၊ ငေးမောနေ တတ်သည်။ မဒီ ငယ်ရွယ်စဉ်က ၃ပြည်ထောင်ထဲတွင် ရှားပါး အလှ စာရင်းဝင် မိန်းမလှ လေးမို့ ချစ်ခွင့်ပန်လာသူ မနည်းမနှောပင်။ ထိုအထဲမှ မရွေးမိဘဲ မိမိ အကိုတော်၏ ချစ်ရသူကိုမှ မက်မောမိသော ကိုယ့်ကိုယ်ကို အပြစ်သာ တင်မိတော့သည်။ အကိုတော်တို့ ချစ်သူ၂ဦး ဝေးကွာရသည်မှာ မဒီ ၏ ပရောဂ မပါသော်ငြား၊ သတိုးရာဇာကို ပိုင်ဆိုင်ရသည်ကိုပင် မဒီ နောင်တရမိသည်။ တနေ့တွင် အကိုတော် မင်းခွန်းသလက်ထဲ သတိုးရာဇာကို ပြန်ထည့်ပေးချင်မိသည်။ အကိုတော် အကြောင်း ပြောတိုင်း လွမ်းဆွေးရိပ် သန်းသွားသော သတိုးရာဇာ မျက်နှာကိုမြင်တိုင်း မဒီ အရင်ကတည်းက ကြင်ယာတော် ရာထူးကိုသာ လက်မခံခဲ့လျှင် ဟု အမြဲ စဉ်းစား မိသည်။ သို့ပေမဲ့ ထို့သို့ ရွေးချယ်ခဲ့လျှင်လည်း မင်းခွန်းသတို့ ချစ်သူ ၂ဦး ပေါင်းဖက်ဖို့က သိပ်တော့ မသေချာလှပေ။ မဒီ စိတ်ကိုလျော့ချ ရင်း သတိုးရာဇာကို မတွေ့တော့ဘဲ ကိုယ်ပိုင် နန်းဆောင်ဆီ ကိုသာ ပြန်လိုက်တော့သည်။
BINABASA MO ANG
သူရိယောဝ သူရိေယာဝ(Ongoing)