အခန်း(၉) အခန္း(၉)

174 20 0
                                    

Unicode Version

                         အခန်း(၉)

   ပထမဆုံး သင်ခန်းစာသည် ကာလင်္က၏ စည်းမျဉ်းများ
ကိုသင်ယူရခြင်းဖြစ်သည်။ မည်သည့် အကြောင်းရင်းကြောင့်
ထိုစည်းမျဉ်း ချမှတ်ခဲ့သည်ကိုပါ တခါတည်းတွဲ
ကျက်မှတ်ရသည်။ စည်းမျဉ်းပေါင်း ၅ဝဝ ရှိသည်မို့
ပေါ့သေးသေး အနေမထားတော့မဟုတ်။ မျိုးနွယ်စု အားလုံး
စုဝေးရာ ဖြစ်သည်မို့ မျိုးနွယ်စု သမိုင်း အနည်းငယ်ပါ
သင်ယူရသည်။ နဉ်သူရ တယောက် သင်ခန်းစာ အပြီး
အတော်လေး ခေါင်းနောက်သွားသည်။ များပြားလှသော
စည်းကမ်းများကိုကြည့်ရင်း အသက်မဲ့နေသော အပြုံးတခု
ပြုံးလိုက်သည်။ နေလယ်ဖက် အတန်းမရှိတော့သည်မို့
စာသင်ဆောင်မှာပင် တစုစီစု၍ စကားများနေကြသည်။
အဓိက အကြောင်းအရာကတော့ မနက်ပြေးချိန်က
တွေ့လိုက်ရသည့် မိန်းကလေးစာသင်သားများ
အကြောင်းပင်။ မိန်းကလေးစာသင်သားများသည်
တယောက်တမျိုး ချောလှကြသည်သာမက အားလုံးသည်
အရည်အချင်းကိုယ်စီနှင့်မို့ ယောက်ျားလေးများ၏ အာရုံကျ
စရာပင်။ ကာလင်္ကတွင် မိန်းကလေးစာသင်သားများနှင့်
ယောက်ျားလေးစာသင်သားများကို ရောနှော စာသင်လေ့မရှိ
အခမ်းအနားပွဲ တခုခုမရှိလျှင် တွေ့စရာအကြောင်းမရှိချေ။
ယနေ့မူ လေ့ကျင့်ချိန် တိုက်ဆိုင်သွား၍ တွေ့ရခြင်းပင်။
   နဉ်သူရ သမားတော်ကြီးဆီ သွားရန် ထရပ် လိုက်သည်။
လမ်းလျှောက်လာစဉ် ခလုတ်တိုက်မိ၍ လှည့်ကြည်လိုက်ရာ
စာသင်သားထဲမှ တယောက်က ခြေထိုးခံလိုက်ကြောင်း
သိလိုက်သည်။ နဉ်သူရ ပြန်လှည့်လိုက်ကာ
   "မင်းတို့ ဘာလိုချင်လို့လဲ---။"
   "မနက်က မင်းကြောင့် ငါတို့ ၅ယောက်လုံး ရွှံတွေ
ပေကုန်တယ်----။"
   နဉ်သူရ ထို၅ယောက်လုံးကို နှင့်သိပြီးသားမို့ သူတို့
လိုချင်သည်မှာ တောင်းပန်ခြင်း မဟုတ်မှန်းသိသည်။
စစ်သူကြီး နဉ်ယဉ်နှင့် ဆွေမျိုးထဲကမို့ စစ်သူကြီးအိမ်သို့
အဝင်အထွက် ရှိလေရာ၊ နဉ်သူရ အပေါ် အနိုင်ကျင့်နေကျ
ဖြစ်သည်။ အရင်က စစ်သူကြီး နဉ်ယဉ်မျက်နှာနှင့်
သည်းခံခဲ့သော်လည်း၊ ယခုမူ တက္ကသိုလ်ပြည်တွင် ဖြစ်ပြီး
နဉ်သူရသည်လည်း အရင်လို စစ်သူကြီး အိမ်မှ
တောက်တိုမယ်ရ အခိုင်းခံလေးမဟုတ်တော့။စစ်သူကြီး
နဉ်ယဉ်ကိုယ်တိုင် အသိမှတ်ပြုထားသည့် မွေးစားသား
ဖြစ်သည်။ ပြဿနာရှာလိုက်မိသော ကိုယ်ကိုယ်ကိုပင်
အပြစ်တင်ရမည်ပင်။
   "မနက်က ငါမှားတာဆိုတော့ တောင်းပန်ပါတယ်---။"
   "ဒူးထောက်ပြီးပြော----။"
နဉ်သူရ သည် စစ်သူကြီး နဉ်ယဉ်၏တူ ဖြစ်သူ မိုခ ကို
စေ့စေ့ကြည့်လိုက်သည်။
   "မျက်လုံးအောက်ချစမ်းဟေ့ကောင်---ဘကြီးက မင်းကို
သူ့ မွေးစားသားပါလို့ ပြောလိုက်ပြီဆိုတော့---
မင်းကိုယ်မင်းမျိုးရိုးမြင့်သွားပြီ ထင်နေတာလား -----
လမ်းပေါ်ကကောင်ကများ-----။"
   မိုခ၏ မထီမဲ့မြင်သံ ခပ်ကျယ်ကျယ်ကြောင့်
တခြားစာသင်သားများသည်လည်း စိတ်ဝင်တစား
ကြည့်လာကြသည်။ သတိုးတေဇသည်လည်း
ရပ်ကြည့်နေရာမှ ဝင်ပါရန် ပြင်လိုက်တော့
အကို၂ယောက်က ဆွဲထားသည်။ အတွင်းရေး ပြဿနာ
ဖြစ်ပုံပေါ်သဖြင့် စောင်ကြည့်သာနေရန်ပြောသည်။
   နဉ်သူရ တချက်သက်ပြင်းချလိုက်ကာ
   "သူတောင်းစား----။"
   "ဘာ-------။"
   မိုခ သည် သူအားဆဲသည်အထင်နှင့်ရှူးရှူးရှားရှား
ဖြစ်သွားသည်။
   "ငါက လမ်းပေါ်မှာတောင်းစားခဲ့တာ----အာ့တော့
အရင်က ငါက လမ်းပေါ်ကကောင်မဟုတ်ဘူး----
သူတောင်းစား တယောက် ပြီးတော့ ငါကိုယ်ငါ
မျိုးရိုးမြင့်လို့ သတ်မှတ်မထားဘူး---မင်းဘာသာ
သတ်မှတ်ထားရင်တော့ မပြောတတ်ဘူး----
တခုတော့ သတိပေးလိုက်မယ် ဒါက တက္ကသိုလ်ပြည်က
ကာလင်္က---မာလာမြိုင် မဟုတ်ဘူး---စည်းကမ်းထဲမှာလည်း
စာသင်သားအားလုံး တန်းတူညီမျှပဲလို့ရေးထားတယ်
အာ့တော့ ပြဿနာမရှာနဲ့----မနက်က ငါ့ကြောင့်ဖြစ်တာ
ဆိုတော့---တောင်းပန်တယ်---။"
   နဉ်သူရ ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
ဒေါသထွက်နေသော မိုခ သည် မစဉ်းစားတော့ဘဲ နဉ်သူရ
ရှိရာသို့ လက်ထဲမှ ဓားမြှောင်ဖြင့် လှမ်းပစ်လိုက်လေ
တော့သည်။နဉ်သူရ ဆက်ခနဲလှည့်ကာ လက်ဗလာနှင့်ပင်
ဓားမြှောင်ကို ဖမ်းလိုက်သည်။
   "ဓားမြှောင်က ဒီလိုပစ်ရတာကွ---။"
နဉ်သူရလည်း ဒေါသ ထွက်သွားသည်မို့ မိုခ ရှိရာဖက်သို့
ဓားမြှောင်ကို ပြန်ပစ်လိုက်သည်။ မိုခတို့ အုပ်စု
ဝရုန်းသုန်းကားရှောင်ကြသည်။ ထိုဓားမြှောင်သည်
အနောက်မှ ရပ်ကြည့်နေသော လူတစု ထဲမှ သတိုးတေဇ
လည်ပင်းနားမှ ဖြတ်ကာ အနောက်ဖက်က တိုင်တွင်
စိုက်ဝင်နေသည်။ နဉ်သူရလည်း ပစ်တုန်းက ဒေါသနှင့်မို့
ပစ်လိုက်သော်လည်း ယခုမူ အနည်းငယ်တော့
လန့်သွားသည်။
   "ဒါက ဘာဖြစ်ကြတာလဲ---။"
အဆောင်မှူး ဂေါသ အသံကြားသည်မို့ အားလုံး
လန့်သွားသည်။ အဆောင်မှူးဂေါသ နှင့်အတူ
သမားတော်ကြီး မင်းခွန်းသပါ အတူတွေ့လိုက်ရသည်။
   "ကျောင်းထဲမှာတောင် လက်နက်သုံး ရန်ဖြစ်ရဲတယ်ပေါ့
မင်းတို့ကောင်တွေ----။"
   "နဉ်သူရလား---။"
   သမားတော်ကြီး ဝင်မေးနေသည်မို့ နဉ်သူရ ခေါင်းသာငုံ့
ထားမိသည်။ မင်းခွန်းသသည် စည်းကမ်းဖောက်ဖျတ်ခြင်းကို
လုံးဝမကြိုက်သူဖြစ်သည်။ နဉ်သူရကို ရန်မဖြစ်ရန်လည်း
အမြဲဆုံးမတတ်သည်။
   "စည်းကမ်းကို နားမလည်တာလား မင်းတို့က----။"
   "ကျတော်တို့က----။"
   မိုခ အထွန့်တက်ရန် ပြင်လိုက်သော်လည်း
အဆောင်မှူးဂေါသ က လက်ကာပြရင်း
   "ဆရာ အစကနေအဆုံးမြင်လိုက်ပြီးသား မင်းတို့
အရင်က ဘာအကျိုးအကြောင်းဘဲ ရှိခဲ့ရှိခဲ့ အခု ကာလင်္ကကို
ရောက်ပြီဆိုတော့ မင်းတို့ဟာ တန်းတူညီမျှပဲ--
မျိုးရိုး အနိမ့်အမြင့် ဆိုတာ မခွဲခြားရဘူး--နားလည်လား---။"
   မိုခ တယောက် အမှားလုပ်ထားသည်မို့ ခေါင်းငုံ့လျှက်
နာခံနေသည်။
   "ပြီးတော့--ကျောင်းထဲမှာ လေ့ကျင့်ရေးကွင်းကလွဲရင်---
ဘယ်နေရာမှာမှ လက်နက်သုံးခွင့်မရှိဘူး---စာသင်သား
တယောက်နဲ့တယောက်လည်း ထိခိုက်ခွင့် မရှိဘူး ခိုက်ရန်
ဖြစ်ပွားခဲ့ရင် ကျောင်းကနေ ထုတ်ပယ်လို့ ရတယ်---အခု
ပထမဆုံး အကြိမ်ဆိုတော့---မင်းတို့ကို အပြစ်ပဲပေးမယ်
နောက်တကြိမ်ဆိုရင်တော့ မင်းတို့ ၆ယောက်လုံး---
ထုတ်ပယ်ခံရမယ်---။"
   ထို့နောက် မိုခ တို့ ၅ယောက်ကို လေ့ကျင့်ရေးကွင်းကို
သန့်ရှင်းရေး တာဝန်နှင့် နဉ်သူရကို စာကြည့်တိုက်အား
ဒီနေ့အပြီး သန့်ရှင်းရေးလုပ်ရန် အပြစ်ပေးလိုက်သည်။
ကိုယ်အပြစ်နှင့် ကိုယ်ဖြစ်၍ ၆ယောက်လုံး အသီးသီး
ထွက်သွားကြတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   သူရိယောဝ နန်းတွင်းထဲမှ စာကြည့်တိုက်သည် 
၃ပြည်ထောင်ထဲတွင် အကြီးဆုံးဖြစ်ပြီးကာလင်္က၏
စာကြည့်တိုက်သည်ဒုတိယအကြီးဆုံးဖြစ်သည်။
စာအုပ်ပေါင်းသောင်းချီရှိပြီးစာအုပ်စင် ရာဂဏန်းမျှ
ရှိသည်။ စာကြည့်တိုက်အဝင်ဝတွင်စားပွဲခုံ တစ်ခုနှင့်
အသက်ကြီးကြီး ခါးခပ်ကုန်းကုန်း အဖိုးအို တယောက်
ထိုင်နေသည်။ ထို အဖိုးအိုထိုင်နေသော စားပွဲ
ဘေးပတ်လည်တွင် စာအုပ်များဟိုတစု သည်တစ်ခု ပုံထား
သည်။ တချို့စာအုပ်ပုံများသည် ၃ပေခန့် မြင့်သည်ဖြစ်၍
အဖိုးအိုသည် စာအုပ်ပုံများကြားထဲတွင် ပျောက်လုနီးပါးပင်။
   "မင်းက အပြစ်ပေးခံရတဲ့ တယောက်လား----။"
   "ဟုတ်ကဲ့---ကျတော့်နာမည် နဉ်သူရပါ---။"
   နဉ်သူရ ဦးညွှတ်နှုတ်ဆက်ရင်း တရိုတသေ
ပြန်ပြောလိုက်သည်။
   "အင်း--ဒီနေ့တော့ ဒီနားကစာအုပ်တွေကို သန့်ရှင်းရေး
လုပ်ပြီး အမျိုးစားခွဲပေးရင်ရပြီ---။"
   ထိုအဖိုးအိုက ဒီနားဟု အလွယ်လေးပြောလိုက်
သော်လည်း စာအုပ်ပေါင်းထောင်ဂဏန်းလောက်ရှိသည်
အကုန်လုံးသည်လည်း ဖုန်များ ပင့်ကူမျှင်များနှင့်ပင်။
ဒီနေ့ ညအိပ်ရော အိပ်ရပါ့မလားဟု စဉ်းစားမိသည်။
ပြဿနာရှာမိသော ကိုယ့်ကိုယ်ကိုပင် အပြစ်တင်မိ
တော့သည်။
   "အားလုံးပြီးရင် တံခါးပိတ်ပြီး ပြန်---ဆရာ ပြန်နှင့်မယ်--။"
နှုတ်ဆက်ပြီးသည်နှင့် စာကြည့်တိုက်မှူး အဖိုးအိုလည်း
ထွက်သွားတော့သည်။ နဉ်သူရ တယောက်တည်းသာ
စာအုပ်များနှင့်ကျန်ခဲ့သည်။ ကြမ်းခင်းပေါ်တွင်
တင်ပလင်ခွေ ထိုင်ရင်းစာအုပ်များကို အဝတ်စုတ်တခုနှင့်
သန့်ရှင်းရေး စလုပ်တော့သည်။ 'အဆိပ် အဘိဓာန်'
ဆိုသော စာအုပ် ခပ်ထူထူက နဉ်သူရ
ကိုဆွဲဆောင်သွားသည်။ ညတုန်းကတေဇ ပုံစံအရ ရောဂါ
တစ်ခုခုမဟုတ်ဘဲ အဆိပ်ဟု နဉ်သူရ ယူဆလိုက်သည်။
သာမန်အချိန်တွင် အကောင်းပကတိ ဖြစ်နေပါလျက်
အဘယ့်ကြောင့် ဆံပင်များပါဖြူ တဲ့အထိ ဖြစ်ရသနည်း။
စာအုပ်ကို တရွက်ပြီးတရွက်လှန်ရင်း စျန်ဝင်သွားသည်။
   "နဉ်သူရ---။"
   နားနားကပ် ခေါ်သံကြောင့် လှည့်အကြည့်
သူ့ဘေးနားတွင် ဒူးထောက်ထိုင်ရင်းပြုံးနေသော
တေဇမျက်နှာကို အနီးကပ်တွေ့လိုက်ရသည်။ မျက်နှာ
၂ခုကြား ၄လက်မလောက် အကွာဝေးသာ ခြားသည်။
တဖက်လူ ၏ဝင်လေ ထွက်လေ ခပ်နွေးနွေးကို ခံစားမိ
သည်အထိ နီးကပ်လှသည်။
   နဉ်သူရကို စနောက်ချင်၍နားနားကပ် ကာ နာမည်
ခေါ်လိုက်သော်လည်း ချက်ချင်းလှည့်ကြည့်လာလိမ့်မည်
မထင်။ အခုတော့ သတိုးတေဇ တယောက်လည်း နဉ်သူရ
မျက်နှာချောချောကို ကြောင်ကြည့်နေမိသည်။
   ဒူးထောက်ထိုင်နေသောတေဇ ခြေထောက်မခိုင်တော့၍
ယိုင်အသွား နဉ်သူရ စာအုပ်ကို ပစ်ချပြီး တေဇ
လက်မောင်းမှကိုင်၍ ထိန်းအပေးမျက်နှာ ၂ခုက
ပိုနီးသွားသည်။
   သတိုးတေဇ တယောက် နဉ်သူရ၏ မျက်နှာ
အစိတ်အပိုင်း အားလုံးကို အနီးကပ်မြင်ပြီးနောက် မျက်လုံး
မလွှဲနိုင်တော့။ မိန်းကလေး မဆန်လှသော်လည်း 'လှသည်'
ဆိုသောစကားလုံးကိုပင် သုံးချင်တော့သည်။
   နဉ်သူရ ကိုယ်တိုင်လည်းကြောင်အသွားသည်။
ကိုယ့်ဖာသာ ပြန်မေးမိသည့် မေးခွန်းကတော့
'နဉ်သူရ မင်းယောကျ်ားမှ စစ်သေးရဲ့လား' ဟုပင်။
သေချာသည်ကတော့တေဇသည် ယောက်ျား တယောက်
ဖြစ်သည်။ ယောက်ျားတယောက်အပေါ်အဘယ်ကြောင့်များ
မိန်းကလေး တယောက်ကို သဘောကျ နေသလိုမျိုး
ခံစားချက်ရှိနေရသနည်း။ သူစဉ်းစားမရ။ တေဇ လည်ပင်း
နေရာမှ ခပ်ရေးရေး ခြစ်ရာလေးကို တွေ့မှ နဉ်သူရ သတိရ
တော့သည်။ သူပစ်လိုက်သော ဓားမြှောင် တေဇကို ခြစ်မိ
သွားသည် မဟုတ်လား။ လက်နှင့် ဖွဖွ ထိလိုက်တော့
သွေးစ ပါလာသည်။
   "တောင်းပန်ပါတယ်---ငါ စိတ်လွတ်သွားတာ--မင်းကိုထိ
မိသွားတယ်--ငါဆေးထည့်ပေးမယ်---။"
   ဆောာင်နေကျ အိတ်ကလေးထဲမှ ဆေးဘူး အသေးလေး
တခု ထုတ်ယူပြီး ခြစ်ရာပေါ် လိမ်းပေးလိုက်သည်။
   "ဘာမှမဖြစ်ပါဘူး---ခြစ်ရာလေးပဲဟာ---။"
   ဆေးလိမ်းပြီးသည်အထိ ဒဏ်ရာခပ်သေးသေးက
သွေးမတိတ်။ အနည်းငယ် သွေးစို့စို့လာသည်။
   "ဓားက အဆိပ်များပါသလားမသိ သွေးကတော့
အရောင်မပြောင်းဘူးရယ်----။"
   နဉ်သူရ ပြောရင်း တေဇ လည်ပင်းမှ သွေးခုန်နှုန်းကို
စမ်းကြည့်နေသည်။
   သတိုးတေဇ တယောက်ကတော့  အသက်သာ
အောင့်ထားမိတော့သည်။ ထိုခံစားချက်သည်
ထူးဆန်းနေသော်လည်း မသက်မသာ ဖြစ်နေခြင်းမဟုတ်။
သို့ပေမဲ့ ရင်တုန် ပန်းတုန်တော့ နိုင်လှသည်။ ထိုခံစားချက်
သည် နဉ်သူရ တယောက်တည်းဆီမှသာ ခံစားရသည်။
   "ထားလိုက်တော့---ခဏနေ အဆင်ပြေသွားလိမ့်မယ်--။"
   တေဇ စကားကြောင့် နဉ်သူရ အဝတ်သန့်သန့်သာရှာပြီး
စည်းထားပေးလိုက်သည်။ စိတ်ထဲမှာတော့ မတင်မကျနှင့်
သိချင်နေလေသည်။
   "မင်းမှာလေ-----ရောဂါ တခုခုများရှိလား ဒါမှမဟုတ်
အဆိပ်မိဖူးလား----။"
   တေဇ သက်ပြင်းသဲ့သဲ့ချလိုက်ကာ
   "အင်း--ငါ့အမေ ငါ့ကို ကိုယ်ဝန်ဆောင်တုန်းက
အဆိပ်မိခဲ့တယ်---အားလုံးက အဆိပ်ကြောင့် ကိုယ်ဝန်ကို
ဖျတ်ချဖို့ ပြောခဲ့ပေမဲ့---အမေက သဘောမတူဘဲ
ရအောင်မွေးခဲ့တယ်----မီးတွင်းထဲမှာပဲ အမေ ကွယ်လွန်
သွားတယ်--ငါ့ကိုယ်ထဲမှာလည်း အဆိပ်ပါလာတယ်---
ငါ့အဖေနဲ့အကို ဆေးဆရာမျိုးစုံပင့်ပေးခဲ့တယ်--ဒါပေမဲ့
ဘယ်အဆိပ်ဆိုတာ မသိသလို ဖြေဆေးလည်း မသိခဲ့ဘူး
အတတ်နိုင်ဆုံးကတော့ ထိန်းထားနိုင်ရုံပဲ---ဘယ်အချိန်ထိ
ထိန်းထားနိုင်မလဲကတော့ မပြောနိုင်ဘူး----။"
   "အာ့ဆို---မင်းငါနဲ့ ပထမဆုံးတွေ့တုန်းက
အဆိပ်ဖောက်နေတဲ့ အချိန်ပေါ့----။"
သတိုးတေဇ ပြုံးလိုက်ရင်း
   "မင်း မှတ်မိသွားပြီပေါ့----။"
   "အင်း---မင်းရဲ့လေးမြှား စွမ်းရည် နောက်မင်းဆီက ရတဲ့
ဆေးနံ့-နောက်ပြီး မနေ့ညက မင်းဆံပင် ခဲရောင်
ပြောင်းသွားသေးတယ်---။"
   "အင်း---တခါတလေ အသက်အန္တရာယ်ရှိသည်အထိ
ဖြစ်တတ်ပေမဲ့ တခါတလေကျ ဆံပင်နဲ့ မျက်လုံးအရောင်
ပြောင်းရုံလောက်ပဲ-----။"
   "မျက်လုံးက ဘာရောင်ပြောင်းတာလဲ---။"
   "မျက်ဆံပဲပြောင်းတာ ခဲရောင်---။"
   "မင်းမျက်လုံးနဲ့ဆို တကယ်လှမှာ----။"
    ပြောပြီးမှ နဉ်သူရ ယောက်ျားလေး သတိရသွားသည်။
တေဇသည်လည်း မျက်နှာနီလာကာ သူ့လည်ပင်း
အနောက်ဖက်ကို ပွတ်နေတော့သည်။ ထို့နောက်
သတိုးတေဇ အရှက်ပြေ ချောင်းဟန့်လိုက်ကာ
   "ငါ မင်းကို အခု ကူပေးမယ်ဆိုရင် တခါလောက်
စောင်းတီးပြမလား----။"
   "အင်း အခုတော့ စောင်းက သမားတော်ကြီးအိမ်မှာ--။"
   "ကျောင်းကနေ သမားတော်ကြီးအိမ် ပြန်ပြောင်းတော့
တီးပြပေါ့ ငါတို့ အတူတူနေရမှာပဲ---။"
   နဉ်သူရ ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။
   "ငါ့လည်း မင်းလက်သံနားထောင်ချင်တယ်---။"
   အသံလာရာကြည့်လိုက်တော့ အဂ္ဂ နှင့် နောက်
စာသင်သား တယောက်။
   "နဉ်သူရ သူက ငါ့ညီ ယံနီတဲ့ ငါတို့လည်း လာကူတာ
နောက်ကျ စောင်းတီးပြရမယ်---။"
   "ငါ တီးပြတာရော နားမထောင်ချင်ဘူးလား---။"
  သတိုးတေဇ ကြားထဲမှ ဖြတ်ပြောလိုက်သည်မို့
အဂ္ဂ မျက်နှာ တည်သွားကာ
   "မင်းကို စကားထဲ ထည့်မပြောဘူး သူရိယောဝသားရဲ့--။"
   "မင်းမပြောလည်း ငါက မင်းနရင်း၂ဖက်ကို
တီးပေးချင်နေပြီ---။"
   "စမ်းကြည့်လေ---လူပုံကြည့်တော့ ဖြူနွဲနွဲနဲ့
ကောင်ကများ--။"
   "မင်းဘာပြောတယ်----။"
၂ယောက်သာ ရန်ဆောင်သော အကြည့်များနှင့်
ထထိုးတော့မည့််ဟန်မို့ နဉ်သူရကပင် ကြားထဲက
ထိန်းရသည်။
   "ကဲကဲ---ဒါတွေ ပြီးမှ ငါနားရမှာ---အာ့တော့ အဂ္ဂ
နဲ့ယံနီက စာအုပ်တွေ သန့်ရှင်းရောလုပ်ပေး---တေဇ
မင်းနဲ့ငါက--သန့်ရှင်းရေးလုပ်ပြီးသား စာအုပ်တွေကို
အမျိုးအစားခွဲမယ်----။"
   အဂ္ဂတယောက် အထွန့် တက်ချင်သေးသော်လည်း
နဉ်သူရနှင့် သတိုးတေဇလို စာကြမ်းပိုးများ မဟုတ်၍
အမျိုးစားခွဲလျှင်ကြာနေမည်ကို သိသဖြင့် ငြိမ်နေလိုက်
တော့သည်။ တခါတလေ အကြည့်ချင်းဆုံလျှင် တေဇနှင့်
အဂ္ဂ ၂ယောက်သား အကြည့်ဖြင့် ရန်ဖြစ်ကြသည်။ ကလေး
မဟုတ် ဘဲ ကလေးဆန်ဆန် ရန်ဖြစ်နေသော ၂ယောက်ကို
ကြည့်ရင်း ခေါင်းသာရမ်းမိတော့သည်။ နောက် တေဇ အကို
၂ယောက်ပါ ရောက်လာကာ ကူပေးကြသည်မို့ နဉ်သူရ
အားနာနာနှင့်ပင် လက်ခံလိုက်ရသည်။ စာအုပ်များ
အမျိုးအစားခွဲ ပြီးရေး ကိုသာအာရုံစိုက်သဖြင့် ၆ယောက်လုံး
စကားမပြောဖြစ်ကြတော့။ စာအုပ်အားလုံး ရှင်းအပြီး
မှောင်ရိပ်သန်းနေပြီ ဖြစ်သည်။ နဉ်သူရ အားလုံးကို
ကျေးဇူးတင်ကြောင်းပြောကာ အဆောင်ကို အတူပြန်ခဲ့ကြ
သည်။ သူငယ်ချင်း ၅ယောက်ရလိုက်၍ နဉ်သူရ
ကျေနပ်မိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     အပြစ်ပေးပြီးသည့်နေ့မှစ မိုခ တို့အုပ်စု မနှော့က်ယှက်
တော့သဖြင့် ကာလင်္ကရှိ နဉ်သူရ နေ့ရက်များသည်
အေးချမ်းစွာ ရှိနေသည်မှာ သီတင်း ၁ပတ်ပြည့်လေပြီ။
စာသင်ချိန် အပြီးတွင် သမားတေ်ကြီးထံ သွားတွေ့ရန်
သမားတော်ကြီး အဆောင်ဖက်ထွက်ခဲ့သည်။
   ကာလင်္က၏ ဖွဲ့စည်းပုံသည် ပထမ ၃လတွင်
ကျောင်းစည်းကမ်း ကိုသာ အဓိကထားကာ တပြေးညီ
သင်ကြားပေးသော်လည်း ၃လနောက်တွင်မူ သင်ယူရန်
ရွေးချယ်သော ပညာရပ်ပေါ်မူတည်ကာ ဆရာများထံ
တပည့်ခံယူရသည်။ ထိုအခါ စာသင်ခန်းဟု သီးသန့်
မရှိတော့ဘဲ သင်ကြားပေးသော ဆရာ၏ အဆောင်တွင်သာ
သွားသင်ယူရသည်။ သမားတော်ကြီး အဆောင်တွင်
လူရှင်းနေသည်မို့ နဉ်သူရ အဆောင်ပေါ် တန်းတက်သွား
လိုက်သည်။ အဆောင်ဟုဆိုသော်လည်း မျက်နှာ ၄ဖက်
တံခါးများဖွင့်နိုင်သော ဇရပ်ကြီးပင်။
လှေကားမှ တက်လာလျှင် စားပွဲပုလေးဖြင့် စာထိုင်ရေး
နေသော သမားတော်ကြီး မင်းခွန်းသကို တန်းမြင်ရသည်။
မင်းခွန်းသ အနောက်ဖက်တွင် စာအုပ်စင်တခုရှိသည်။
နဉ်သူရ အနားရောက်တော့ ဒူးထောက် အရိုသေပေး
လိုက်သည်။
   "ဘယ်လိုလဲ ကျောင်းမှာ အဆင်ပြေရဲ့လား----။"
   "ဟုတ်ကဲ့---ပြေပါတယ်---ဟိုနေ့က----။"
   "ဆရာသိတယ်---။"
   နဉ်သူရ မော့ကြည့်လိုက်တော့ သမားတော်ကြီး၏
ပြုံးနေသော မျက်နှာကို တွေ့ရသည်မို့ အနည်းငယ်
စိတ်အေးသွားသည်။ ဆူမည့်ပုံ မပေါ်ချေ။
   "သူငယ်ချင်းရော ရပြီလား----။"
   တေဇ နှင့် အကို ၂ယောက်၊ အဂ္ဂ နှင့် ယံနီ တို့
စာကြည့်တိုက်တွင် ကူပေးသည့်အကြောင်းစုံ ကို နဉ်သူရ
ပြောပြလိုက်သည်။ တေဇ အဆိပ်အကြောင်းပါ အကျဉ်း
ပြောပြလိုက်သည်။
   နဉ်သူရ စကားကို နားထောင်နေသော မင်းခွန်းသ ငြိမ်ကျ
သွားသည်။ မင်းခွန်းသ သူရိယောဝတွင် ရှိစဉ်က
သတိုးတေဇသည် ၅နှစ်သာရှိသေးသည်။ ဖြူဖြူ ဖွေးဖွေး
နှင့် ချစ်စရာကောင်းသော မျက်နှာ ရှိသော်ငြား အများနှင့်
မတူသော ခဲရောင်ဆံပင်ကြောင့်၊ အရင် မင်းကြီး
သတိုးမင်းခေါင်သည် သတိုးတေဇကို လူတိုင်းနှင့်
ထိတွေ့ခွင့်မပြု။ ယုံကြည်ရသူအနည်းငယ်လောက်သာ
သတိုးတေဇ ကိုမြင်ဖူးကြသည်။ မင်းခွန်းသ သည်လည်း
ထိုအနည်းငယ်သော လူထဲတွင်ပါသည်မို့ သတိုးတေဇကို
ထိတွေ့ခွင့်ရသော်ငြား သိပ်ဂရုတစိုက်မကြည့်မိ။ လေ့လာထား
သော ဆေးပညာသည်လည်း ယခုနှင့်စာလျှင်
အဆင့်မမြင့်သေးသောကြောင့် လည်းပါမည် ထင်သည်။
   "အာ့တော့လေ သမားတော်ကြီး ဘယ်လိုထင်လဲဟင်--။"
   "ဖြေဆေး ဆိုရင်တော့ ဆရာလည်းမပြောတတ်ဘူး---
ဆရာ သိသလောက်တော့ အာ့လို အဆိပ်မျိုးက
အအေးပိုင်းဒေသကနေလာပုံရတယ်--ပင်ကိုအအေးဓာတ်
ရှိတဲ့ အဆိပ်မျိုးပေါ့---။"
   "မာလာမြိုင်မှာတုန်းက ကျတော် ပုံစံတူ အဆိပ်မျိုး
တွေ့ဖူးပေမဲ့ အာ့လောက် ပြင်းထန်တာတော့ မမြင်ဖူးဘူး
ဆံပင်တွေအရောင် ပြောင်းတဲ့အထိတော့ မတွေ့ဖူးဘူး--။"
   "ရှုပ်ထွေးပြီး ဖော်စပ်တဲ့ အချိန်ကြာလေ အဆိပ်က
ပြင်းထန်လေပဲ---ဒါနဲ့ မင်းတို့က ရင်းနှီးသွားကြပြီလား
ဒီအကြောင်းတွေပါ သိတယ်ဆိုတော့---။"
"ဟို အဆောင်မှာ တခန်းထဲကျလို့ပါ---နောက်ပြီး--။"
နဉ်သူရ စကားဆက်မရတော့။ အကြောင်းရင်း မယ်မယ်ရရ
မရှိပေမဲ့ တေဇကို သူကူညီချင်သည်။
   "မင်းတို့ သူငယ်ချင်းဖြစ်သွားပြီဆိုတော့ ကူညီချင်
ကူညီပေါ့---ဆရာ ဖတ်ဖူးတဲ့ စာအုပ်တွေ ညွှန်းပေးမယ်
နည်းလမ်းတွေ့ချင် တွေ့နိုင်တယ်---။"
   နဉ်သူရ ကျေးဇူး တင်ကြောင်းပြောကာ စာအုပ်စာရင်း
ယူခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

                     အခန္း(၉)

သူရိယောဝ သူရိေယာဝ(Ongoing)Dove le storie prendono vita. Scoprilo ora