Unicode Version
အခန်း(၂၁)
ဆောင်းဝင်လာပြီမို့ မနက်ခင်းများသည် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေတတ်၏။ ရံဖန်ရံခါဆိုသလို လေခပ်အေးအေးများလည်း တိုက်ခတ်လာတတ်သည်။ နဉ်သူရသည် မနက်စာ စားပြီးသည်နှင့် သမားတော်ကြီး၏ ခြံဝန်းထဲဆင်းကာ စောင်းတီးကျင့် နေလေ့ရှိသည်။ ဘေးမှ တေဇကတော့ စာဖတ်ရင်း အဖော်ပြုပေးနေတတ်သည်။ နဉ်သူရ၏ စောင်းတီးသံသည် လွန်စွာ နဝင်ပီယံ ရှိလွန်းလှကား တဖက်လူ၏ စိတ်နှလုံးကို အေးချမ်းအောင် လုပ်နိုင်စွမ်းရှိသည်။ တခါတလေတော့လည်း နဉ်သူရတွေးမိသည်။ သူစောင်းတီးနေသည့် မြင်ကွင်းကိုုသာ မွေးစား အဖေ မြင်ခဲ့ရင် မည်သို့နေမည်နည်း။ ထို့နည်းတူ သွေးအေးရက်စက်သော သူ၏ တခြားဖက်ခြမ်းကို တေ ဇ မြင်ရင်ရော မည်သို့တွေးမည်နည်း။ ကိုယ့်ကိုယ်ကို မေးခွန်း ထုတ်နေရင်း နဉ်သူရတီးခတ်နေသော တေးသွားသည် ပြီးဆုံးသွားလေ၏။ ဘေးရှိ တေဇကို ကြည့်လိုက်တော့ မိုးပေါ်ရှိ တိမ်တွေကို ငေးနေသည်။
"ဘယ်လိုလဲ-----မနေ့က သမားတော်ကြီးဆီကသင်ထားတဲ့ တစ်ပုဒ်လေ-----။"
နဉ်သူရ တေးသွားအသစ် တစ်ပုဒ် တီးပြီးတိုင်း တေဇကို နားထောင် ကောင်း၏၊ မကောင်း၏ ကိုမေးလေ့ရှိသည်။
"အင်း နားထောင်ပြီးတော့ လွမ်းဆွေးသလိုမျိုးခံစားချက်ရတယ်---နောက်ဆုံးနားမှာ မင်းတီးတာ တမျိုးဖြစ်နေတယ်-----။"
တေဇက တိမ်တွေကို ငေးနေရင်းမှ ဖြေသည်။ နဉ်သူရ၏ စိတ်ရှုပ်ထွေးမှုသည် စောင်းသံထဲတွင်ပါ သွားပေါ်လွင်နေပုံရသည်။
"အင်း-----နောက်ဆုံးနားမှာ ငါ အတွေးလွန်သွားလို့-----။"
"သိပ်မသိသာပါဘူး-----။"
တေဇ သည် နဉ်သူရ ဖက်လှည်လာရင်း ပြောလိုက်ရာ နဉ်သူရ စောင်းသံထက် တေဇ မျက်ဝန်းကိုသာ အလန့်တကြား ကြည့်မိလေသည်။ တေဇ၏ ဇာမဏီမျက်ဝန်း တစ်စုံသည် ခဲရောင် ဖြစ်နေသည်။
"ဘယ်တုန်းကတည်းကလဲ-----။"
နဉ်သူရ မေးလိုက်တော့ တေဇလည်း သူ့ဆီမှ နေ၍ လက်ထဲမှစာအုပ်ဆီ အကြည့်လွှဲသွားသည်။
YOU ARE READING
သူရိယောဝ သူရိေယာဝ(Ongoing)