အခန်း(၆) အခန္း(၆)

200 24 0
                                    

Unicode Version

                     အခန်း(၆)

ပြဿနာအစသည် စာမေးပွဲ အောင်စာရင်းတွင် အဆင့်၁
ဖြစ်သည်ကိုသိပြီးနောက် အကိုတော် ၂ယောက်ကို
သေရည်သောက်ခွင့်ပေးရန် သတိုးတေဇ ပူဆာတော့သည်။
အကိုတော်မင်းကြီးသည် သတိုးတေဇကို သေရည်နှင့်
မိန်းမကိစ္စ ထိတွေ့ခွင့် မပေး။ထို့ကြောင့် ယခု သေရည်ကို
မရမက ပူဆာလေသည်။ အကိုတော်တွေလည်း မနိုင်တဲ့
အဆုံးသေရည်အိုးကိုပေးလိုက်ရတော့သည်။ ဒဏ်ရာနှင့်မို့
နည်းနည်းသောက်ရန် ပြောပြီး တည်းခိုခန်းအောက်ထပ်သို့
ဟင်းပွဲဆင်းယူခိုက် လိမ္မာ၍ စကားနားထောင်သော
သတိုးတေဇသည် တအိုးလုံးသောက်လိုက်လေတော့သည်။
အကိုနှစ်ယောက် ပြန်တက်လာတော့ မူးရုံတင်မက
ပတ်ရစ်နေတော့သည်။ ပါးမို့များ ပန်းရောင်သန်းနေသော
သတိုးတေဇသည် ဘေးရှိသူ့အကိုတော် ဒေဝကို
ကလေးတစ်ယောက်လို ဖက်ထားကာ လွှတ်မပေးတော့။
ဘေးက ဝေဒ ကတော့ ကြည့်ရင်းရယ်နေတော့သည်။
   "အကိုတော် ဒေဝ----အကိုတော် မင်းကြီးကလေ---
ညီတော့်ကို မချစ်တော့ဘူး ထင်တယ်----စာလည်းမပို့ဘူး
နေကောင်းလား တောင် မမေးတော့ဘူး----။"
   မူးနေသော သတိုးတေဇသည် အာလေးလျှာလေးသံ
နှင့်ပြောသော်လည်း အလွန်တရာ ကလေးဆန်ကာ ချစ်ဖို့
ကောင်းလှသည်။ ချစ်ဖို့ကောင်းလှသော ညီတော်
သတိုးတေဇ ကို ကြည့်ရင်း ဝေဒ မနေနိုင်တော့ဘဲ
ပါးလေးကိုဆွဲ လိမ်လိုက်သည်။
   "သြော်--ညီတော်လေးက စိတ်မကောင်းဖြစ်နေတာပေါ့---
လာ---အကိုတော်နှစ်သိမ့်ပေးမယ်----။"
   သတိုးတေဇ သည် လက်နှစ်ဖက်ကားကာ ဝေဒကို
ပြေးဖက်သည်။
   "ကျစ်---ဝေဒ မင်းပါ မူးနေပြီလား---။"
   "အကို ဒေဝကလည်း----ဒီမှာကြည့်-----
ဘယ်လောက်ချစ်ဖို့ကောင်းလဲ-----။"
   ဝေဒ သည် သတိုးတေဇ မျက်နှာကိုမေးစေ့မှ
ထိန်းကိုင်ကာ ပါးနှစ်ဖက်ကို ညစ်လိုက်သည်မို့
နှုတ်ခမ်းရဲရဲလေးဆူထွက်လာရာ လွန်စွာ
ချစ်ဖို့ကောင်းနေသည်။ ဒေဝလည်း ပြုံးရယ်ကာ
ကျန်သေရည် များကိုစသောက်တော့သည်။
ညနက်လာသည်နှင့် ငမူးလေး သတိုးတေဇသည် ဒေဝ
ရင်ခွင်ထဲခေါင်းမှီကာ ထိုးအိပ်တော့သည်။ချော့မော့ကာ
ကုတင်ပေါ်တက်အိပ်ခိုင်းရသည်။ ဝေဒ သည်လည်း
စားပွဲပေါ် ခေါင်းအပ်လျက်။
   "ဝေဒ--ဝေဒ---ထပြီး ဟိုဖက်ခန်းသွားအိပ်တော့---။"
   ဝေဒ သည် ငူငူငိုင်ငိုင်နှင့်ထကာ အခန်းထဲမှ
ထွက်သွားသည်။ ကုတင်က ကျယ်သည်မို့ ဒေဝ သည်
သတိုးတေဇကို ဟိုဖက်ရွေ့စေကာ ဝင်အိပ်လိုက်သည်။
ဟိုတနေ့ကလို လူဝင်လာမှာ စိုး၍ ဓားကို ဘေးမှာချ
အိပ်လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   အဂ္ဂ ကုတင်ပေါ်တက်လှဲနေသော်လည်း အိပ်မပျော်သေး။
အခန်းတံခါး ဖွင့်ဝင်လာသံကြားသဖြင့် ယံနီ ထင်၍
ကြည့်လိုက်တော့ ယံနီမဟုတ်။သူရိယောဝ ၏
မင်းသားတစ်ပါးဖြစ်သော ဝေဒ ဖြစ်နေသည်။
အခန်းတံခါးကို သေချာပိတ်ပြီး ကုတင်ဆီ
လျှောက်လာသည်။ မျက်လုံးကတော့မှိတ်ရက်သားပင်။
အပေါ်ပိုင်း အကျီ်များကို ချွတ်ကာ ကုတင်ခြေရင်းဖက်
ပစ်လိုက်သည်။ ဖိနပ်ကိုချွတ်ကာ ကန်ထုတ်လိုက်ပြီး အဂ္ဂ
ဘေးဝင်လှဲကာစောင်ထဲ အတင်းတိုးအိပ်တော့သည်။
အဂ္ဂ လည်းအံ့သြလွန်းသဖြင့်ပါးစပ်ပင် မစေ့နိုင်တော့။
ကျား၊မ မရွေးသောအဂ္ဂ လို လူပွေတယောက်သည်
အိပ်ယာထဲက ကိစ္စနှင့်သိပ့်မစိမ်း။ အခု ဝေဒကိုယ်ပေါ်တွင်
အတွင်း ဘောင်းဘီတထည်သာရှိသည်။ ထိတွေ့မှုအရ ဝေဒ
အသားအရည်ကား နူးညံ့နေသည်။ အဂ္ဂ တကိုယ်လုံး
ပူတက်လာသည်။ သို့သော် ဝေဒ သည် အရက်မူးနေသည်
အပြင့် သူရိယောဝ၏ မင်းသားတစ်ပါး လည်း
ဖြစ်နေသေးသည်။သူသာ ထိုကိစ္စ လုပ်လိုက်ပါက ပြဿနာ
အကြီးအကျယ် တက်သွားနိုင်သည်။ စိတ်လျော့ကာ
တဖက်လှည့်လိုက်သည်။ ညီအကို ၃ယောက်ထဲတွင် ဝေဒ
သည်ပုံမှန်အဖြစ်ဆုံးဖြစ်သည်။ ဒေဝ လို လက်ရုံးရည်
မတော် သလို သတိုးတေဇ လိုလည်း ချောမောသော
ရုပ်ရည်မရှိ ။သတိထားမိစရာ ဆို၍ ကလေးဆန်သော
မျက်နှာ နှင့် မျက်လုံးဝိုင်းဝိုင်းလေး တစုံသာ ရှိသည်။
ဖက်ခနဲ့ ကိုယ်ပေါ်ရောက်လာသောဝေဒလက်ကြောင့်
သူတောင့်တင်းသွားသည်။'စိတ်လျော့ အဂ္ဂ ဒီတခါ
အသားမစားမှ နောင်ခါ အေးအေးချမ်းချမ်း စားရမှာ'
ဟူ၍ နှစ်သိမ့်ကာ ပျော်အောင် ကြိုးစား အိပ်လိုက်ရသည်။
ဝေဒ ဆိုသည့် အကောင်ကလေးကတော့ ဘေးက
ဥပုတ်စောင့်ကျား အခြေအနေကို မသိဘဲ အိပ်မောကျ
နေလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   နောက်တနေ့ မနက် ဝေဒ နိုးလာတော့ မျက်လုံးဖွင့်
မကြည့်သေးဘဲ၊ ဘေးမှလူကို ဖက်ကာ ထပ်အိပ်ဖို့
လုပ်သည်။ ဖက်လိုက်သော ခန္ဓာကိုယ်သည် ညီတော်
သတိုးတေဇ လို ခပ်သွယ်သွယ် မဟုတ်၊ အကိုတော်လို်
ခပ်တောင့်တောင့် ဖြစ်သော်လည်း အကိုတော်လောက်
ကြွက်သားမများ။ ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တော့
သူစိမ်းယောက်ျား တဦးရင်ခွင်ထဲ ရောက်နေသည်။
ထိုလူကလည်း ပြုံးလျက်ငုံ့ ကြည့်နေသေးသည်။ ဝုန်းခနဲ
အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်သည်။
   "မင်းက---ဘယ်သူလဲ----။"
   အဂ္ဂ က ငုတ်တုတ်ထထိုင်ကာ ပါးချိုင့်လေး
ပေါ်အောင်ပြုံးရင်း
   "မင်းကိုယ်လုံးက မဆိုးဘူးဘဲ----။"
   ဝေဒ အခုမှ ကိုယ်ပေါ်တွင် အကျီ်မရှိမှန်း သိတော့သည်။
ကုတင်ခြေရင်းမှ အကျီ်ကို အမြန်ယူဝတ်လိုက်ရသည်။
ထိုအချိန်ထိ ထိုလူ၏ မျက်လုံးများက သူ့ကိုယ်ပေါ်မှ မခွာ။
နိုးခါစက ပူထူနေသော်လည်း ယခုမူ ယောက်ျားအချင်းချင်း
နှာဘူးအကြည့်နှင့် အကြည့်ခံရသဖြင့် ဒေါသ
ထွက်လာသည်။
   "မင်းအကြည့်တွေပြင်စမ်း----။"
   အဂ္ဂ မျက်နှာပေါ်တွင် ပြီတီတီ အပြုံးတစ်ခုပေါ်လာကာ
ကိုယ်ပေါ်လွှမ်းထားသောစောင်ကို ဘေးသို့ဖယ်ချ
လိုက်သည်။ ဝေဒ မျက်နှာချက်ချင်းရဲတက်လာသည်။
ကိုယ်တိုင်လည်းယောက်ျားတယောက်ပေမို့
ထိုအနေအထားနှင့်ထိုပုံံစံကို မစိမ််း။သို့ပေမဲ့ ထိုသူနှင့်
အတူရှိနေသော လူက မိန်းကလေးတယောက်လည်းမဟုတ်
ဝေဒတယောက်တည်း။မဟုတ်မှလွဲရော ဒီကောင်က
သူ့အပေါ်ကိုများ ။ဝေဒ ဒေါသလည်းထွက်သလို ရှက်စိတ်
မွှန်လာသည်။
   "ခွေးမသား----။"
   ဝေဒ ပါးစပ်မှလည်း ဆဲရင်း ထိုသူမျက်နှာကို လက်သီးနှင့်
အားကုန်ထိုးချလိုက်သည်။ ထို့နောက် အခန်းထဲမှ ခြေသံ
ပြင်းပြင်းဖြင့် ထွက်လာခဲ့တော့သည်။
   ယံနီ တယောက် အဂ္ဂ အခန်းသို့အလာ အခန်းထဲမှ ဝေဒ
ပြေးထွက်သွားသည်ကို တွေ့လိုက်သည်။ စိတ်ထဲ
မတင်မကျဖြင့် တံခါးပွင့်နေသော အခန်းထဲ
ပြေးဝင်လာခဲ့လိုက်သည်။
   "အဂ္ဂ ခုနက မင်းသားဝေဒက ဘာလို့ မင်းအခန်းထဲကနေ
ပြေးထွက်သွား----။"
   ယံနီ စကားတို့လို့တန်းလန်းနှင့်ပင်ရပ်သွားသည်။
တစ်ဖက်သို့လှည့်ရင်း
   "ချီးပဲ အဂ္ဂ-----မင်းတော့----။"
   ခဏအကြာ အသံတိတ်သွားတော့မှ
ယံနီလှည့်ကြည့်လိုက်တော့ ၊အဂ္ဂ သည် အကျီ်အပြည့်အစုံ
ဝတ်ပြီးနေပြီဖြစ်သည်။
   "မင်း အခန်းထဲက ဝေဒ ဒေါသတကြီး ထွက်သွားတာ
တွေ့လိုက်တယ်-မင်းနဲ့သူရန်ဖြစ်သေးတာလား----
မဟုတ်မှလွဲရော----မင်း သူ့ကို---။"
   အဂ္ဂ က ဝေဒ လက်ချက်ဖြင့်ပေါက်သွားသော
နှုတ်ခမ်းထောင့်မှ သွေးကို လက်ခုံဖြင့် ခပ်ဖွဖွသုတ်ရင်း
   "သူ အခန်းမှား ဝင်လာတာ---တကုတင်ထဲ တညလုံး
အိပ်တာကလွဲရင် ဘာမှမလုပ်ဖြစ်ဖူး----မင်းအကိုတော်က
တဏ္ဏာရာဂ ဘယ်လောက်များများ---ဒီလောက်တော့
သိပါသေးတယ်ကွ---အခု အပြင်သွားရအောင်---။"
   "ဘယ်ကိုလဲ----။"
   "ဟိုဖက်လမ်းက ဆောင်ကြာမြိုင်ကို---။"
ယံနီ:---------။
~~~~~~~~~~~~~~~~~~~~~~~~~~~~
တက္ကသိုလ်ပြည်သည် ၃ပြည်ထောင်ထဲတွင်
အချက်အချာကျကာ ကုန်သွယ်ရေးကို အဓိကထားသော
တိုင်းပြည်ဖြစ်သည်။ မြို့ငယ် တခုစာသာကျယ်ဝန်းကာ
တခြားတိုင်းပြည် ၂ခုထက် အင်အားနည်းသော်လည်း
ကုန်သွယ်ရေးအခက်အချာနေရာ ဖြစ်သဖြင့်အတော်အတန်
အင်အားကောင်းသော တိုင်းပြည်ဖြစ်သည်။ မာလာမြိုင်၏
လက်အောက်ခံဟု ထင်ရသော်လည်း အမှန်မှာမူ
လက်အောက်ခံ နိုင်ငံမဟုတ်ဘဲ မိတ်ဖက်ပြည်ထောင်သာ
ဖြစ်သည်။၂ပြည်ထောင်လုံး၏ မင်းဆွေမင်းမျိုးများ
ပညာသင်ရာနေရာ ဖြစ်သည့်အတွက် လည်းငြိမ်းချမ်းရေး
နယ်မြေတခုလိုဖြစ်နေသည်။တက္ကသိုလ်ပြည်၏ နာမည်ကြီး
ဆောင်ကြာမြိုင် တခုဖြစ်သော 'ရွှေခက်'သည်
အချောအလှလေးများပေါများရာနေရာတစ်ခုဖြစ်သည်။
တော်ရုံလူမသိတာက ထိုနေရာသည် တိုင်းပြည်အသီးသီး၏
သတင်းများကို မာလာမြိုင် ဆီသို့ ပေးပို့နေသော
နေရာတစ်ခုလည်းဖြစ်နေသည်။ နဉ်သူရ ရွှေခက်
ထဲဝင်လိုက်တော့ ကောင်မလေး ချောချောလေး
တယောက်ထွက်လာသည်။ သူ့အား လက်ချင်းချိတ်
မှီတွယ်လာသည်မို့ ခန္ဓာကိုယ်က တောင့်သွားသည်။
ထိုကလေးမကလည်း အလိုက်တသိပင် သူ့အား
လွှတ်ပေးလိုက်ကာ ရှေ့မှ ဦးဆောင်ခေါ်သွားသည်။
အပေါ်ထပ်က အခန်းတစ်ခုရှေ့အရောက် ရပ်လိုက်ကာ
နဉ်သူရ တံခါးခေါက်လိုက်သည်။ ဝင်လာခဲ့ရန်ပြောသဖြင့်
နဉ်သူရ အခန်းထဲဝင်လိုက်တော့ ထိုကလေးမက
လိုက်မဝင်ဘဲ တံခါးပိတ်ကာ အပြင်မှာရပ်စောင့်နေသည်။
နဉ်သူရ ဒူးထောက်ထိုင်ချကာ အရိုသေပြုလိုက်သည်။
   "ကျတော်မျိုး နဉ်သူရ--မင်းသမီးကို ဂါရဝပြုပါတယ်----။"
   "အခုကစ--မင်းသမီးမဟုတ်ဘူး--မင်းရဲ့ဝမ်းကွဲ အမပဲ-။"
   "အမိန့်တော် အတိုင်းပါ----။"
   "မက်တပ်ရပ်ပြီး အနားတိုးခဲ့ပါဦး----။"
   နဉ်သူရ သည် မာလာမြိုင် မင်းသမီး အမရာ၏
လက်တကမ်းအကွာတွင် ရပ်လိုက်သည်။ သူမက်တပ်ရပ်
သည်မှစ၍ မင်းသမီးသည် မျက်တောင်မခပ်
ကြည့်နေလေသည်။ ခဏ သူ့နှင့် အကြည့်ချင်းဆုံ
ကြည့်နေသည်။ နဉ်သူရအကြည့်လွှဲပစ် လိုက်သည်။
တဖက်လူက လက်မထက်ရသေးသည့် မိန်းမပျိုလေး
ဖြစ်သလို ၊ မင်းသမီးလည်းဖြစ်တာမို့ကြာကြာ မကြည့်ရဲ။
မင်းသမီးအမရာသည် နဉ်သူရ ကြားထားသည့်အတိုင်းပင်။
နူးညံ့သိပ်မွေ့ဟန် ရှိသည်။ လှပကာထက်မြက်ပုံလည်း
ပေါက်သည်။ စကားပြောသည့်အသံသည်
ဖြည်းညှင်းညင်သာပြီး နားထောင်ကောင်းလှသည်။
ဆံပင်ရှည်တွေကို တဝက်စည်းကာ ချထားပြီး ဆံပင်ကို
ကျောက်စိမ်း ဆံထိုးလေးများဖြင့်အလှဆင်ထားသည်။
ဖက်ဖူးရောင်ဝတ်စုံပြောင်ကို ဝတ်ထားကာ
လက်ကောက်ဝတ်တွင် ငွေလုံးလေးများပါသော
လက်ကောက်ပျော့လေးကို ဝတ်ထားရာ
လက် အနည်းငယ်လှုပ်လိုက်တိုင််း တချွင်ချွင်
အသံသေးသေးလေးများမြည်နေသည်။
သူ့အနားရောက်တော့ ရွှေချည်ထိုးလက်စ အဝတ်စကို
စားပွဲပေါ်တင်လိုက်ကာ သူ့ကို ခေါင်းအစခြေအဆုံး
ကြည့်ရင်း
   "ချောသားပဲ မင်းက ခမည်းတော်ပြောသလိုပဲ-----မင်းကို
စစ်သူကြီးက ဘာတာဝန်ပေးထားလဲ----။"
   "တာဝန် မပေးထားရသေးပါဘူး---တက္ကသိုလ်ပြည်ကို
ပြန်ခိုင်းပြီး နောက်မှညွှန်ကြားမယ်လို့ ပြောပါတယ်--။"
   "ဝင်ခွင့် စာမေးပွဲ---အဆင့် ၂ရတယ်ဆို---။"
   နဉ်သူရ ဟုတ်မှန်ကြောင်းပြောသည့်အနေဖြင့်
ခေါင်းညိမ့်ပြလိုက်သည်။
   "တော်တယ်------ကျောင်းမှာတွေ့ရင် အမ လို့ပဲခေါ်ဖို့
မမေ့နဲ့----အခုသွားလို့ရပြီ----။"
အမရာသည် နဉ်သူရ ထံမှ မျက်နှာလွှဲကာ စားပွဲပေါ်မှ
ထိုးလက်စ ရွှေချည်ငွေချည် ပန်းချီကားကိုပြန်ကိုင်
လိုက်သည်။ နဉ်သူရလည်း အရိုအသေပေးကာ
အခန်းပြင်သို့ ထွက်ခဲ့သည်။ မင်းသမီး အမရာသည်
နူးညံသော ပိုးစလေးလိုပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   ယံနီ 'ရွှေခက်' ဆောင်ကြာမြိုင်မှ ထွက်သွားသော နဉ်သူရ
ကိုကြည့်ရင်း တွေဝေသွားသည်။ အပြင်ပန်းပုံစံအရ
အပျော်လိုက်စားသူဟု လုံးဝမထင်ရခြေ။ သို့သော် ယခု
ဆောင်ကြာမြိုင်ထဲမှ ထွက်သွားသည်။ ထမင်းလာစားသည်
တော့မဖြစ်နိုင်။ ညနေခင်း ရောက်တော့မည်မို့ အဂ္ဂ ရှိရာ
အခန်းထဲ ဝင်ခဲ့သည်။ ပန်းနုရောင် ပိုးဖဲစခင်းထားသော
ကုတင်ကြီးပေါ်တွင် အဂ္ဂ အလယ်မှာရှိပြီး ဘေးတွင်
မိန်းမချော၃ယောက် ဝိုင်းနေသည်။
မိန်းကလေးတစ်ယောက်ကတော့ကုတင် ခြေရင်းဖက်တွင်
အဝတ်ကင်းမဲ့လျက် အိပ်ပျော်နေသည်။ ကျန် ၂ယောက်နှင့်
အဂ္ဂ ကိုယ်ပေါ်တွင်လည်း အဝတ်မကပ်။ ယံနီ မျက်နှာ
နီမြန်းသွားကာ တဖက်လှည့်နေလိုက်သည်။
   "ယံနီရေ ညီတော်လေးရဲ့ မင်းဝင်လာတိုင်း---
တံခါးခေါက်ဖို့သတိရကွ----ဒီနေ့တင် ၂ခါရှိပြီ---။"
   ဘေးမှ မိန်းကလေးများ၏ ခပ်မြူမြူရယ်သံလွင်လွင်က
ပျံ့လာသည်။
   "ငါ့မှာ ပြောစရာရှိတယ်----ဒါပေမဲ့ ငါအရင်ပြန်နှင့်
လိုက်မယ်---။"
   ယံနီ စကားဆုံးသည်နှင့် နောက်လှည့်မကြည့်ဘဲ
ပြေးတော့သည်။ အဂ္ဂ တယောက်ကတော့
အရှက်သည်းလှသော သူ့ညီတော်ကိုတွေးရင်း
ရယ်လိုက်သည်။ စျေးအကြီးဆုံးဆိုသည့် အတိုင်း
မိန်းကလေးများသည် ဖြူဖွေး ဝင်းမွှတ်ကာပြစ်မျိုး မဲ့မထင်
အလှမျိုး နှင့်ဖြစ်သည်။ လက်အောက်မှ အိစက်သော
အသားအရည်၏ ချောမွေ့မှုသည် တခုခုလိုနေသလို။
အဂ္ဂ သွေးသားဆန္ဒ ပြည့်ဝသွားသောလည်း တခုခုလို
နေသလိုခံစားနေရသေးသည်။ ညတညလုံး သူ့ရင်ခွင်ထဲ
ထည့်ထား ခဲ့သော ထိုအကောင်ကလေး၊ သူပဲ ထင်နေတာ
လားမသိတော့၊ ထိုကောင်ကလေး၏အသားအရည်သည်
မိန်းမပျိုများထက်ပင် ချောမွေ့ နေသလို။ မိန်းကလေးများလို
ကိုယ်သင်းနံ့ မရှိသော်ငြား၊ ထိုနေ့က အရက်မူးလာသဖြင့်
မက်မန်းသီး သေရည်နံ့ လေးကခပ်သင်းသင်းလေး
ပျံ့နေသည်။ ခေါင်းထဲက အတွေးများကိုခါထုတ်ရင်း ဘေးမှ
မိန်းမချောလေးကို လှမ်းဖက်လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   ဝေဒ တယောက်ကတော့ ဖျားနေသော ညီတော်
သတိုးတေဇကို ပြုစုရင်းအလုပ်များနေသည်။
ဒဏ်ရာအရှိန်နှင့်မက်မန်းသီး သေရည်ပေါင်းသွားကာ
မနက်နိုးလာတော့ ခေါင်းကိုက်သည်ပြောကာ
ခွေနေတော့သည်။ ဆေး ချော့မော့တိုက်တာတင်
တမနက်ကုန်သွားသည်။ အကိုဒေဝ ကတော့
'နောက်မသောက်ရဘူး' ဆိုကာ သတိုးတေဇကို ဆူတော့
သည်။
   "ယောက်ျားဆိုတာ သေရည်တော့ သောက်တတ်ရမယ်
လို့----အကိုတော်ပဲ ပြောခဲ့တာပဲ---။"
   "သေချင်ရင် ထပ်သောက်---။"
   ပြောပြီးသည်နှင့် ဒေဝ သည် ထမင်းစားရန်
တည်းခိုခန်းအောက်ထပ်သို့ ဆင်းသွားတော့သည်။
   "အကိုဒေဝက ညီတော်ကိို စိုးရိမ်လို့ပါ---မနက်နိုးနိုးချင်း
အကိုတော်လည် စိုးရိမ်သွားတာပဲ--ညီတော်ကိုယ်ထဲက
အဆိပ်ကလည်း ပျောက်သေးတာမဟုတ်ဘူး--။"
   ဝေဒချော့ပြောသည်ကို သတိုးတေဇ ငြိမ်နားထောင်
နေသည်။
   "ဖြေဆေး ရှာတွေ့နိုင်မယ်လို့ အကိုတော်ထင်လား----။"
   "အခုလည်း အရမ်းမှမဆိုးတာပဲ----အကိုတော်တို့
သူရိယောဝက ထွက်ကတည်းက ညီတော်နေကောင်း
နေခဲ့တာပဲ----အခုလည်းသေရည်ကြောင့်သာ---မဟုတ်ရင်
နေကောင်းနေမှာ---အာ့ကြောင့် ညကတည်းက တအိုးလုံး
သောက်ပစ်တာကိုး မက်မန်းသေရည်က အတော်
ပြင်းတယ်----။"
   သတိုးတေဇ ခပ်ဟဟရယ်ရင်း
   "သေရည်မူးတဲ့အရသာကို သိချင်လို့----။"
   "အကိုတော်ရဲ့ လက်သီးအရသာရော မသိချင်ဖူးလား--။"
   ဝေဒ ပြောရင်း သတိုးတေဇ၏ ဒဏ်ရာမရှိသော
ညာလက်ကို ခပ်နာနာထိုးလိုက်သည်။ သတိုးတေဇကတော့
အညောင်းပြေသည်ဟု ဆိုကာသူ့ အကိုတော်ကို
စနောက်နေတော့သည်။ သတိုးတေဇ မပြောဘဲ ချန်ခဲ့သော
စကားအချို့တော့ရှိသည်။
'ဖြေဆေး မတွေ့နိုင်ခဲ့ရင်တောင် ကျတော်ချစ်ရမယ့်သူ၊
ကျတော့်ချစ်သူကိုတော့ ရှာတွေ့ချင်သေးတယ်။'
~~~~~~~~~~~~~~~~~~~~~~~~~~~~
   ညလယ် သန်းခေါင် ကျော်ရောက်သည်အထိ အဂ္ဂ
အိပ်မပျော်သေး။ တခုခုလိုနေတာ အမှန်ပင်။ မနေ့ညက
သူကောင်းကောင်းအိပ်ပျော်ခဲ့ရသည်။ နောက်ဆုံး
အိပ်ယာမှထကာ ယံနီ အိပ်ယာဆီပြေးတော့သည်။ ယံနီ
နှင့်ဝေဒအရပ်အမောင်းရော ကိုယ်လုံးကိုယ်ထည်ပါ
သိပ်မကွာ။ အိပ်ပျော်နေသော ယံနီ သူဖက်လိုက်တော့
အလန့်တကြားရုန်းကာအဂ္ဂ ကို ကုတင်ပေါ်မှ
ကန်ချတော့သည်။
   "အဂ္ဂ မင်းဘာဖြစ်နေတာလဲ-----။"
   "အိပ်မရလို့-----------။"
   "မင်းအိပ်မရတာ-----ငါနဲ့ဘာဆိုင်လို့ လာဖက်တာတုန်း---
ကြက်သီးပါထတယ်----မင်းဘာဖြစ်ချင်တာတုန်း---။"
   "ဘာပဲဖြစ်ဖြစ်----ငါမင်းအခန်းမှာအိပ်မှာ----။"
   ယံနီ ကသန်းဝါးရင်း အိပ်ယာမှထသွားသည်။
   "ဘယ်ကိုလဲ အာ့က----။"
   "မင်းအခန်းသွားအိပ်ဖို့လေ--မင်းပဲ ဒီမှာအိပ်မယ်ဆို--။"
   "မင်းနဲ့ တကုတင်တည်းအိပ်ချင်တာ----။"
   "အဂ္ဂ ငါက မင်းညီတော်နော်----မင်း ဘာလုပ်ဖို့လဲ---။"
   "ဘယ်သူက မသိလို့တုန်း----လာစမ်းပါ မနက်ကျ
စောစောထရဦးမှာ---။"
   အဂ္ဂ ယံနီ ကို ဆွဲကာ ကုတင်ပေါ်ပြန်ထိုင်စေသည်။ ယံနီ
စိတ်ရှုပ်လာ၍ ကိုယ့်ဆံပင်ကိုယ် ဆွဲဖွလိုက်သည်။
အကြောင်းသိဖြစ်သဖြင့် သူဘာပြောပြော အဂ္ဂဇွတ်လုပ်မည်
မှန်းသိသည်။ အိပ်ချင်နေပြီမို့ ကုတင်ပေါ်ကို
ပြန်လှဲလိုက်တော့သည်။
   "မဖက်နဲ့----ရာသီဥတုက ပူကပူနဲ့-----။"
   "အေးပါ-----။"
   "ဟိုဖက်တိုး----။"
   "ငါ လိမ့်ကျတော့မယ်ကွ--။"
   "ဘယ်သူက မင်းလာအိပ်ခိုင်းလို့လဲ----ကိုယ်အခန်း
ကိုယ်ပြန်အိပ်----။"
   အဂ္ဂ စိတ်လျော့ကာ ယံနီဘေး ကွေးကွေးလေး ကပ်အိပ်
လိုက်တော့သည်။ မနက်နိုးလာတော့ ယံနီကို ရင်ခွင်ထဲ
ထည့်ဖက်ကာ အိပ်ထားသည် မို့ ယံနီ၏ ပယ်ပယ်နယ်နယ်
ဆောင့်ကန် တာကိုလည်းခံလိုက်ရသေးသည်။ ကုတင်ပေါ်မှ
ကျကာ ၂ပတ်လောက်ပင် လိမ့်သွားသေးသည်။'ဒီကလေး
ကိုယ့်အကိုတော်ကို ညှာညှာတာတာမလုပ်ဘူး'ဟု တွေးကာ
ကိုယ့်အခန်းကိုယ်ပြန်ခဲ့တော့သည်။ တညလုံးတော့
ကောင်းကောင်း အိပ်လိုက်ရသည်မို့ အကန်ခံရသော်လည်း
တန်သည်ဟု ခံစားလိုက်ရသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

သူရိယောဝ သူရိေယာဝ(Ongoing)Where stories live. Discover now