အခန်း(၈) အခန္း(၈)

192 19 0
                                    

Unicode Version

                       အခန်း(၈)

  "မာလာမြိုင်ရဲ့ ဆောင်းရာသီက အရမ်းလှတာကွ----
နှင်းတွေဖွေးနေအောင်ကျတာ----ရေခဲပြင်တွေနဲ့--
ကလေးတွေဆို ရေခဲပြင်ပေါ် လျှောက်သွားဆော့နေကျ
အရမ်းတော့အေးပေမဲ့ တချို့နေသာတဲ့နေ့တွေဆို----
နှင်းပြင်ကြီးနဲ့ နေရောင်ခပ်မှိန်မှိန်----တကယ်လှတာ---။"
   သူ့ဇာတိ မာလာမြိုင်အကြောင်း အားပါးတရပြောနေသော
နဉ်သူရ စကားများကို သတိုးတေဇ နားထောင်ပေးနေသည်။
အားပါးတရ ပြောနေသော ထိုကောင်လေးမျက်နှာကို တချက်
တချက်ငေးကြည့်နေမိသည်။
   "ရေခဲပြင်မှာ ငါးလည်းမြှားကြသေးတယ်---ဆောင်းတွင်း
တချို့ရွာတွေဆို---ငါးပဲစားရတာ---စားဖို့ဘာမှ သိပ်မရှိဘူး
ထင်းတွေလှောင်ထားရတာလည်း---ဂိုထောင် တလုံးစာပဲ
ဆောင်းတွင်းအမြဲ မီးဖိုထားရတာ---။"
   ပြောချင်ရာတွေ အကုန်ပြောပြီးမှ တေဇမျက်နှာကြည့်ရင်း
   "နားငြီးသွားပြီလား---။"
   "မငြီးပါဘူး---။"
   "အင်း---မင်းက သူရိယောဝက လာတာဆိုတော့
အာ့က အကြောင်းပြောပြ---အာ့မှာ ပင်လယ်ရှိတယ်ဆို--။"
   "အင်း--ငါတို့ငယ်ငယ်က ပင်လယ်ဖက်ကို ခိုးထွက်လို့
အရိုက်ခံရဖူးတယ်---ကမ်းခြေကသဲတွေက ဖွေးနေတာပဲ
ရေတွေကလည်း ကြည်လဲ့နေတာ---ရေဆော့ရင်း
ညနေစောင်းသွားတာ----အိမ်လည်းရောက်ရော အကိုကြီး
ရိုက်တာခံရတော့တာပဲ အာ့နောက်ပိုင်း မထွက်ရတော့ဘူး
အကိုဒေဝတို့၂ယောက်ကတော့ သွားတယ် ပစ္စည်းလေး
တွေဝယ်လာပြီးတော့တော့ ပေးတယ်--ငါတော့ မသွားဖြစ်
တော့ဘူး---။"
   "မင်းတို့က ညီအကို ၄ယောက်တောင်ပေါ့---။"
   "အင်း--အကိုဒေဝနဲ့ အကိုဝေဒက ဝမ်းကွဲ အိမ်မှာ
ကျန်ခဲ့တဲ့ အကိုအကြီးဆုံးက အရင်း--မိဘတွေလည်း
မရှိကြတော့ဘူးဆိုတော့ ငါက ၃ယောက်လုံး လက်ပေါ်မှာ
ကြီးခဲ့ရတာ အရင်းလိုပဲ--။"
   " မင်းအကိုအကြီးဆုံးက စည်းကမ်းလည်း
တင်းကျပ်တယ်ထင်တယ်---။"
   "အင်း အကိုအကြီးဆုံးကတော့ နည်းနည်းပေါ့
မိဘတွေလည်း မရှိကြတော့ဘူး ဆိုတော့----။"
   "ငါလည်း မိဘမဲ့ပဲ---။"
   "သြော်---။"
   ၂ယောက်လုံး ခေတ္တ တိတ်ဆိတ်သွားသည်။
   "အိပ်တော့မလား---မနက်ကျ စောစောထရမယ်
ထင်တယ်---။"
သတိုးတေဇပြောရင်း စောင်နှင့်ခေါင်းအုံးများ နဉ်သူရ ကို
လှမ်းယူပေးလိုက်သည်။ အမှတ်တမဲ့ လက်ချင်းအထိ
တေဇလက်များ အေးစက်နေသည်ကို နဉ်သူရ
သိလိုက်သည်။
   "မင်းလက်က အေးစက်နေတာပဲ----။"
   "အင်း---ဒီလိုပဲ အာ့က-----။"
သမားတော် ဖြစ်သော နဉ်သူရ တယောက်
ထူးဆန်းသွားသည်။ ပုံမှန်လူ၏လက်သည် အေးစက်
မနေသင့်ပေ။ သို့သော် တေဇကို ကြည့်လိုက်တော့
ပြောချင်ပုံမရ၍ ဆက်မမေးဖြစ်တော့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အဂ္ဂ အခန်းထဲ ဝင်လိုက်တော့ စောင်ခြုံကာ
ခပ်ကွေးကွေးလေး အိပ်နေသောဝေဒကို တွေ့လိုက်ရသည်။
အနည်းငယ်စချင်လာ၍ လက်ထဲမှ ဓားရှည်ကို ကြမ်းပေါ်
တမင်ပစ်ချလိုက်သည်။  ကျယ်လောင်သော အသံကြောင့်
ဝေဒ နိုးလာကာ ဘေးမှဓားရှည်ကို ဆွဲယူပြီး အဂ္ဂကို
ချိန်လိုက်သည်။ သူမှန်းသိသွားသဖြင့် သက်ပြင်းချကာ
  "တိုးတိုး တိတ်တိတ် ဝင်လာလို့ မရဘူးလား----။"
   "တောင်းပန်ပါတယ် မင်းအိပ်နေမှန်း မသိလို့---။"
  ဝေဒ သက်ပြင်းအရှည်ကြီး သာမှုတ်ထုတ်ရင်း
ပြန်အိပ်လိုက်သည်။အနားသို့ လှဲချလိုက်သည်ကို
သိသော်လည်း ၈ပေ ပတ်လည် အခန်းကျဉ်းလေးသာ
ဖြစ်၍ နီးသည် ထင်ရသည် ဟုသာ မှတ်ယူလို်က်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အသက်ရှူသံခပ်ပြင်းပြင်းကြောင့် အအိပ်ဆတ်သော
နဉ်သူရ နိုးလာသည်။ ဘေးမှ တေဇ၏ အသက်ရှူသံကား
ပုံမှန်မဟုတ်။ ဆီမီးခွက် ရှာထွန်းလိုက်ရာ တွေ့လိုက်ရသော
မြင်ကွင်းကြောင့် လန့်သွားသည်။ ဆံပင်များ ခဲရောင်
ဖြစ်နေသော တေဇ။ တောထဲတုန်းက ဆံပင်ခဲရောင်နှင့်
အနက်ဝတ်လူ သည် တေဇမှန်းသေချာသွားသည်။
သို့ပေမဲ့ ချွေးများနစ်နေအောင်ထွက်ကာ မသက်မသာ
ပုံစံကြောင့် နာမည်ခေါ်ရင်းလှုပ်နှိုးလိုက်သည်။ နိုးမလာ
သည်မို့ စမ်းသပ်ကြည့်လိုက်တော့ သွေးခုန်နှုန်းက
ပုံမှန်မဟုတ်။ အဝတ်သန့်သန့်တခုယူကာ ချွေးသုတ်ပေး
လိုက်သည်။ ဘယ်ဘက် လက်မောင်းတွင် အဝတ်ထူထူ
စည်းထားသည်ကို မြင်၍ ဖြေကြည့်လိုက်ရာ
မကျက်သေးသော ဓားဒဏ်ရာ တခုကိုတွေ့ရသည်။
အနည်းငယ်လည်း ယောင်နေသည်မို့ ဒဏ်ရာကြောင့်ဖျား
နေခြင်းပင်။ မနက်က သူ့ကို ချီပြေးပေးခဲ့သည်ကိုလည်း
သတိရသွားသည်။ ထိုစဉ်က မျက်နှာ တချက်မပျက်ခဲ့ပေ။
ခန္ဓာကိုယ်တစ်ခုလုံးအေးစက်နေကာ အဖျားတက်နေသော
တေဇကို ကြည့်ရင်း 'မင်းမှာ ဘာလျိုဝှတ်ချက်တွေများရှိနေ
တာလဲတေဇ' စိတ်ထဲမှ တွေးပြီးနောက် ဒဏ်ရာကို
ဆေးယူထည့်ပေးလိုက်သည်။ အပ်စိုက်ကုရန် အပ်များ
ထည့်ထားသည့် အဝတ်လိပ်ကို လှမ်းယူလိုက်သည်။
လက်နက်ပုန်းပညာတွင်ကျွမ်းကျင်သူပီသစွာ
အပ်စိုက်ကုထုံးတွင်လည်း ကျွမ်းကျင်အဆင့်ပင်။
အပ်စိုက်ပြီး ခဏ အကြာမှာပင် ဆံပင်များ အနက်ရောင်
ပြန်ပြောင်းသွားသည်။ နဉ်သူရ ခေါင်းထဲတွင်
အတွေးများစွာဝင်လာသည်။ တေဇ လည်း
သက်သာလာပြီမို့ ဘေးတွင် လှဲချအိပ်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်းထုသံ တနောင်နောင်အသံနှင့်အတူ အဆောင်မှူး
ဂေါသ၏ 'အားလုံး ထကြစမ်း' ဆိုသည့် အသံဝါကြီးကို
ကြားလိုက်ရသည်မို့ ယောက်ျားလေးဆောင် တခုလုံး
လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဝေဒ လူးလဲထရန်ပြင်တော့
အကျီ ဝတ်မထားသော အဂ္ဂ ရင်ခွင်ထဲရောက်နေလေသည်။
သတိမထားမိသော ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း
အဂ္ဂ ခြေထောက်ကို နာအောင်တက်နင်းပစ်လိုက်သည်။
အိပ်ချင်ယောင်ဆောင်နေသော အဂ္ဂ ကတော့ အသံတိတ်
မျက်နှာရှုံ့မဲ့သွားသည်။ ဝေဒ သူ့အခန်းထဲ အရက်မူးကာ
ဝင်လာသောနေ့မှ စ အဂ္ဂ ဘေးတွင် တယောက်ယောက်
မရှိလျှင်၊ တယောက်ယောက်ကိုမှ ဖက်မထားရလျှင်
အိပ်မပျော်တော့ချေ။ထို့ကြောင့် ဝမ်းနည်းဝမ်းသာ
ဖြစ်ရသည်။ ဝမ်းနည်းသည်ကား သူ သဘောကျနေသော
နဉ်သူရ နှင့် တခန်းထဲမကျ၍၊ ဝမ်းသာသည်ကား
သူကောင်းကောင်း အိပ်ပျော်ရန် အသင်ဖြစ်နေ၍
'ယောက်ျားလေး အချင်းချင်းပဲဟာ ခွအိပ်ရုံနဲ့ ပဲ့ပါသွား
တာလည်းမဟုတ်' ဟုစဉ်းစားရင်း အိပ်ယာမှ
အမြန်ထလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   နေပင် မထွက်သေးသည်မို့ ခပ်မှောင်မှောင်ပင်
ရှိသေးသည်။ အဆောင်ရှေ့တွင် ယောက်ျားလေး
စာသင်သား အားလုံးရပ်နေကြသည်။ အတန်း တတန်းလျှင်
၁ဝဦးစီ ဖြင့် ရတန်း ခပ်ကျဲကျဲ မညီမချင်း အော်ဟစ်
စီ ခိုင်းရာ အဆောင်မှူးဂေါသ၏ အသံဝါကြီး အောက်တွင်
အားလုံး နားအူခံလိုက်ရသည်။
   "မနက်စောစောဆိုတာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့
အကောင်းဆုံး အချိိန်ဘဲ---သက်လုံကောင်းဖို့ဆို
အကောင်းဆုံးကတော့ ပြေးခြင်းပဲ--အာ့တော့
ကျောင်းတပတ် ပတ်လိုက်ရအောင်----။"
   "အဆောင်မှူး----ဒါကရော စည်းကမ်းပဲလား----
ပြေးမှ ဖြစ်မှာလား----။"
  စာသင်သားများထဲမှ တယောက် အော်မေးလိုက်သည်။
   "အင်း----မနက်တိုင်းပြေးရမှာ---အကြောင်းတခုခုကြောင့်
မပြေးနိုင်တော့ဘူးဆို နားလို့ရတယ်---အနည်းဆုံး
နာရီဝက်တော့ ပြေးရမယ်----။"
   အားလုံး လေးကန်သော ခြေလှမ်းများဖြင့် စပြေးလိုက်ကြ
တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အဂ္ဂ တယောက်ကတော့ အတူတူယှဉ်ပြေးနေသော
နဉ်သူရနှင့် သတိုးတေဇ ၂ယောက်ကို ကြည့်မရ
ဖြစ်နေသည်။
သတိုးတေဇ နဉ်သူရ ကိုများကြိုက်မိ သွားသလား။
သတိုးတေဇသည် ပုံပန်းသွင်ပြင်အရ ဘယ်လိုကြည့်ကြည့်
ယောက်ျားချင်းစိတ်ဝင်စားသူ မဖြစ်နိုင်ချေ။
တော်ဝင်မျိုးနွယ်ဖွားပီပီ ချေမိုးနေသော မျက်နှာ ၊
ယောက်ျားပီသသော ရုပ်ရည် နှင့် ဖြောင့်မတ်သော
ကိုယ်ဟန်အနေအထား။ ထို့ပြင် သူရိယောဝနန်းတွင်း၏
တင်းကျပ်သော စည်းမျဉ်းများနှင့် ရှင်သန်ခဲ့ရသူ။
နဉ်သူရ ကရော မည်သို့ မည်ပုံ ယောက်ျားချင်း
စိတ်ဝင်စားသူ ဖြစ်နိုင်မည်နည်း။ နောက်ခံ မသိရသော်ငြား
နဉ်သူရ၏ စာပေ အဆင့်အတန်း သည် မျိုးရိုးနိမ့်ထဲကတော့
ဖြစ်ဟန်မတူ။ ယောက်ျားချင်း စိတ်ဝင်စားသလား ဆိုသည့်
မေးခွန်းကမူ အဂ္ဂ ကိုယ်တိုင်ပင်ရှာဖွေကြည့်ချင်သည်။
  အရှေ့မှ ပြေးနေသော စာသင်သားများသည် ညာဖက်သို့
လှည့်ကြည့်နေကြရင်း ခပ်ဖြည်းဖြည်းသွားနေသည်မို့
ကြည့်လိုက်ရာ မိန်းကလေးစာသင်ဆောင်ပင်။
မနက်ခင်းတွင် ယောက်ျားလေး စာသင်သားများ
ပြေးရသလိုပင်၊ မိန်းကလေး စာသင်သားများသည်လည်း
လေ့ကျင့်ရသည်။ မိန်းကလေး စာသင်သားများသည်
အဝါနုရောင်ခပ်ဖျော့ဖျော့ ဆင်တူ ဝတ်စုံများဝတ်ထားပြီး
ဆံပင်ရှည်များကို တဝက်စည်းကာ ချထားသည်။ အားလုံး
လက်ထဲတွင် သစ်သားဓား ကိုယ်စီကိုင်ထားသော်လည်း
သိုင်းလေ့ကျင့်ဟန်နှင့်မတူ၊ အကဟန်တမျိုးနှင့်သာ
တူနေတော့သည်။ ကျောင်းစဝင်သည့်နေ့က
တွေ့လိုက်ရသော အဖြူရောင် နတ်သမီးသည်
လက်ထဲတွင် ဗျက်စောင်းတစ်ခုကို ကိုင်ကာ စည်းချက်လိုက်
ရင်း တီးပေးနေသည်။ ထိုလေ့ကျင့်နေသော ကွက်လပ်ဘေး
အနီးအနားတွင် ငုဝါပင် ခပ်နှိမ့်နှိမ့်သည် အပွင့်ဝေနေဆဲ
ဖြစ်ရာ မြင်ကွင်း တစ်ခုလုံး ငုဝါရောင်သန်းသွားသည်။
ယောက်ျားလေး စာသင်သားအများစု ထိုနေရာတွင်
အတော်ကြာရပ်နေမိသည်။ အဆောင်မှူး ဂေါသ
ကိုယ်တိုင်ပါ ခြေလှမ်းနှေးနှေး ပြေးနေရာ တချို့က ရပ်ကြည့်
နေကြတော့သည်။ နဉ်သူရနှင့် သတိုးတေဇ ၂ယောက်သည်
လည်းရပ်ငေးနေသည်။ နဉ်သူရ တချက်ကြည့်လိုက်တော့
မိန်းကလေး အားလုံးထဲတွင် အထင်းဆုံးသည် မင်းသမီး
အမရာပင်။ ဗျက်စောင်းတီးနေပုံက အားမာန်ပါသလို
တဖက်တွင်လည်း သိမ်မွေ့မှုလည်း ပါနေလေသည်။
အဖြူရောင် ဝတ်စုံနှင့် နတ်သမီးဆန်သော အလှကို
ပေးစွမ်းနိုင်လေသည်။။ ဘေးက တေဇကို
ကြည့်လိုက်တော့လည်း ငေးကြည့်နေသည်။ ထိုအလှပ
မြင်ကွင်းသည် ယောကျ်ားလေးတိုင်း မျက်စိ မလွှဲနိုင်
ဖြစ်ရသည်အထိ လှပလေသည်။
   "ငါ--အဆောင်ပြန်နှင့်မယ် နာရီဝက်ကျော်ပြီ---။"
   တေဇ စကားကြောင့် နဉ်သူရ ကြောင်သွားသည်။
ထို့နောက် အဆောင်မှူးဂေါသ စကားကို ပြန်တွေးမိ
သွားသည်။ တေဇ မျက်နှာသည်လည်း အနည်းငယ်
ဖျော့တော့နေသည်မို့ အဆောင်မှူးဂေါသသည် ပြန်ခွင့်ပေး
လိုက်ရသည်။ အကို၂ယောက်ဖြင့် စကားအနည်းငယ်
ပြောပြီးနောက် သတိုးတေဇ ပြန်သွားတော့သည်။
နဉ်သူရ အချိန် တခုထိသာ တေဇနှင့် သိသေးသော်လည်း
ရင်နှီးသော ခံစားချက်တချို့ရှိသည်။ မျိုးရိုးမြင့်သခင်လေး
များကို နဉ်သူရ ရှောင်တတ်သော်လည်း တေဇကတော့
ထိုသခင်လေးများနှင့် မတူသလို ခံစားရသည်။
တဖက်သားကို ဂရုစိုက်တတ်သော စိတ် တေဇ တွင်ရှိသည်။
နဉ်သူရ ခပ်ဖွဖွ ပြုံးလိုက်သည်။ ထိုစဉ် မိန်းကလေး
စာသင်သားများ ၏လေ့ကျင့်မှု ပြီးဆုံးသွားပြီမို့၊ အဆောင်မှူး
ဂေါသသည် စာသင်သားများကို အရှက်ပြေအော်ရင်း
ပြေးခိုင်းတော့သည်။ ဝရုန်သုန်းကား ထွက်ပြေးသော
တစုလုံးကို ကြည့်ရင်း မိန်းကလေးစာသင်သားများသည်
ရယ်သံ ခပ်လွင်လွင်ဖြင့် ခပ်တိုးတိုး ရယ်လိုက်ကြသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    နဉ်သူရ ပြေးနေရင်းမှ ဘေးနားလူကပ်လာ၍
ကြည့်လိုက်ရာ အဂ္ဂ ဖြစ်နေသည်။ ခြေလှမ်း မြန်လိုက်တော့
လည်း ကပ်လိုက်လာဆဲမို့ နဉ်သူရ စိတ်ရှုပ်သွားသည်။
   "မင်း ဘာလိုချင်လို့လဲ အဂ္ဂ----။"
   နဉ်သူရ အရှိန်လျော့ရင်း မေးလိုက်သည်။
   "မင်း ငါ့နာမည်သိတယ်လား---။"
   "လက်ရုံးရည် ပြိုင်ပွဲနေ့ တလျှောက်လုံး မင်းနာမည်ချည်း
ကြားနေရတာပဲကို--မသိ ဘယ်နေမလဲ----။"
   "အာ့ဆို---သူငယ်ချင်းလုပ်ရအောင်---။"
   "ဘာလို့ သူငယ်ချင်းလုပ်ချင်ရတာလဲ---။"
   "မင်းကလှလို့-----။"
    "ဘာ----။"
   နဉ်သူရ သူ့ကို မိန်းကလေးဆန်သည့်စကားများ သုံးလျှင်
စိတ်ဆိုးသည်မို့့ အဂ္ဂ ဖက်လှည့်ကြည့်လိုက်ကာ ခြေလှမ်း
နှေးလိုက်စဉ် လမ်းကျဉ်းကာ ဗွက်တွေ ချိုင့်တွေကြောင့်
ရှောင်စရာမရှိသည်မို့ အနောက်မှ လူများကတက်တိုက်
တော့သည်။ လဲကျသွားသည့် လူ၅ယောက်ထဲမှ
တယောက်က ထအော်တော့သည်။
   "ဘယ်ကောင်က လမ်းပိတ်ရပ်နေတာလဲကွ---ဒီနေရာက
လမ်းကျဉ်းနေပါဆို---။"
   "တောင်းပန်ပါတယ်---တောင်းပန်ပါတယ်----။"
   နဉ်သူရ မည်သူမည်ဝါသေချာမကြည့်မိဘဲ
တောင်းပန်စကား ပြောပြီးသည်နှင့် အဂ္ဂ ကို
မကြည်ကြည့် ကြည့်ကာ ခပ်မြန်မြန် ဆက်ပြေးတော့သည်။
အဂ္ဂ ကတော့ မလျော့သေးဘဲ နဉ်သူရ နောက်မှ 
ဆက်လိုက် နေသေးသည်။ နာရီဝက်ကျော် ပြေးပြီးတောင်မှ
မောဟန်မပြသေးသော နဉ်သူရ ကို အဂ္ဂ ချီးကျူးမိသည်။
ဖြူဖြူသွယ်သွယ် ယောက်ျားလေးတယောက် ထိုမျှလောက်
သက်လုံ ကောင်းလိမ့်မည် ဟုမထင်မိ။ အဆောင်ကို
ပြန်ရောက်သည်နှင့် နဉ်သူရ သစ်ပင်ကိုမှီကာ
မြေကြီးပေါ်မှာပင် ထိုင်ချလိုက်သည်။ အဆောင်အရှေ့
အဝင်လမ်းတွင်ပျဉ်းမပင်နှင့် မယ်ဇယ်ပင်များကို
တဖက်တတန်းစီ စိုက်ထားပြီး ရေအိုးစဉ်များလည်း
လုပ်ပေးထားသည်။မျက်လုံးရှေ့ ရေတခွက်ရောက်လာ၍
မောကြည့်လိုက်တော့ အဂ္ဂ ပင်။ နဉ်သူရ ရေခွက်ကို
ယူသောက်ပြီးနောက် ပြန်ပေးလိုက်သည်။ အဂ္ဂ ကသူနှင့်
၃ပေ လောက်အကွာတွင် ထိုင်ချလိုက်ကာ။
   "ဘယ်လိုလဲ---ငါနဲ့ သူငယ်ချင်းလုပ်ဖို့----။"
   "အဂ္ဂ မင်းလုပ်နေတဲ့ပုံ မိန်းကလေး တယောက်ကို
ချည်းကပ်တာနဲ့ တူနေတယ်---။"
   "အင်း---ငါ မင်းကို သဘောကျတယ်----။"
   "ဘာ----ငါက ယောက်ျားလေးလေ----။"
   "အင်း---မိန်းကလေးနဲ့လည်းမတူပါဘူး---
ကိုယ့်အတွက်တော့ သဘောကျတာက
သဘောကျတာပဲ---ပြောရရင် ယောကျ်ား မိန်းမ ထက်
အာ့လူကို သဘောကျတာ---အာ့လောက်ပဲ---ကြည့်ရတာ
မင်း လူတယောက်ကို သဘောမကျဖူးဘူး မဟုတ်လား--
ငါ့ကိုသဘောကျကြည့်ရင်ရော---။"
   နဉ်သူရ ခေါင်းခါပြရင်း
   "ငါ မင်းနဲ့ သူငယ်ချင်း မိတ်ဆွေပဲဖွဲ့ချင်တယ်---။"
   နဉ်သူရ ငယ်ဘဝသည် လေကျင့်ရင်းဖြင့်သာ ကုန်ဆုံး
ခဲ့ရသည်။ သင်ကြားပေသူ ဆရာသမား များရှိသော်လည်း
နဉ်သူရ သည်ဉာဏ်ကောင်းလွန်းသူမဟုတ်၍ ထပ်ခါထပ်ခါ
လေ့ကျင့်ရသည်။ လက်ရုံးရည် မတော်သဖြင့်
သက်လုံကောင်းအောင် နေတိုင်းလေကျင့်ရသည်။
စာပေ၊ဆေးပညာ၊အဆိပ်စသည်ဖြင့် လေ့လာခဲ့ရရာ
မိတ်ဆွေ နည်းလှသည်။စစ်သူကြီး၏ ညာလက်ရုံးဟူသည်
အရင်းအနှီး တခု စိုက်ထုတ်ပြီးမှ ရလာခြင်းပင်။
အဂ္ဂသည်လည်း လူရှုပ်တယောက် ဖြစ်သော်လည်း
လူကောင်းတယောက်တော့ ဖြစ်ပုံပေါ်တာမို့ မိတ်ဆွေ
လုပ်ရန် ဆုံးဖြတ်လိုက်သည်။
   "ကောင်းပြီလေ---မိတ်ဆွေဆိုလည်း---မိတ်ဆွေပေါ့--
နောက်ကျ--မင်းငါ့ကို တဖြည်းဖြည်း
သဘောကျလာလိမ့်မယ်---။"
   နဉ်သူရ အဂ္ဂကို မျက်ဖြူသာ လှန်ပြလိုက်သည်။
အဂ္ဂ ရယ်ရင်း နဉ်သူရ ထရန် လက်ကမ်းပေးလိုက်သည်။
အဂ္ဂ လက်ကို မဆွဲဘဲ နဉ်သူရ သူ့ဖာသာမက်တပ်ရပ်သည်။
ထို့နောက် တဖက် လှည့်အကြည့် ခပ်လှမ်းလှမ်းတွင်
တေဇနှင့် သူ့အကို ၂ယောက်ကို တွေ့လိုက်သည်။ အဂ္ဂ ၏
'ယောကျ်ား မိန်းမ ထက် အာ့လူကို သဘောကျတာ'
ဟူသော စကားကိုပြန်တွေးမိသွားသည်။ အတွေးများ
ရှင်းပစ်သည့်သဘောဖြင့်ခေါင်းကို ခါလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  နဉ်သူရ နှင့် အဂ္ဂ ကိုတွဲ တွေ့လိုက်ရသည်ကို သတိုးတေဇ
သိပ်သဘောမကျလှ။ အဂ္ဂ ဆိုသော တယောက်နှင့်
ဘာပြဿနာမှ မတက်ဖူးသော်လည်း သဘောမကျသည်
ကတော့ အမှန်ပင်။ အပြုံးကို က နှာဆန်သည့်အပြုံးမျိုး ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကာလင်္က၏ သတ်မှတ်ဝတ်စုံသည် အဖြူရောင်တွင် ခဲရောင်
ကွပ်ထားသော ဝတ်စုံနှင့် လက်ရုံးရည် သင်ချိန်တွင်
အညိုရောင် ဝတ်စုံ ဟူ၍ ၂စုံ သတ်မှတ်ထားသည်။
အညိုရောင် ဝတ်စုံ သည် ကိုယ်ကျပ်လက်တို ပေါ်တွင်
သံချပ်ကာ ပုံစံ သားရေဖြင့် ချုပ်ထားသော လက်ပြတ်
အကျီင်္ကို ထပ်ဝတ်ရသည်။၊ဘောင်းဘီ အောက်ကျိုင်းပိုး
ပုဆိုး၊ သားရေ လက်ကျပ် နှင့် နဖူးစည်းပိတ်စ သည်ဖြင့်
ဝတ်ရသည်။ သာမန် စာသင်ချိန်တွင်တော့ အဖြူရောင်
လက်ရှည် ကိုယ်ကျပ်နှင့် ချည်ပုဆိုး ခဲရောင်ကို
အောက်ကျိုင်းမပိုးပဲ ဝတ်ရသည်။ ဆံပင်ထုံးဖွဲ့မှု အနေဖြင့်
ယောက်ျားလေး အားလုံး ဆံပင်ကို မြင့်မြင့်စည်းထား
ထုံးထား ရသည်။ ကာလင်္က တံဆိပ်အမှတ်အသားကို
ငွေပြားတွင် ထွင်းကာ နဖူးစည်းတွင် တပ်ပေးထားသည်။
သတ်မှတ်ကာ ပေးထားသော ဝတ်စုံမှ လွဲ တခြား ဝတ်စုံ
ဝတ်ကာ ကျောင်းထဲ မသွားရ။ အဖိုးတန် တခြားသော
အဆင်တန်ဆာလည်း ဝတ်ခွင့်မပြုချေ။
   "ခြေထောက်သက်သာလား----။"
   နဉ်သူရ လှည့်ကြည့်လိုက်တော့ ပုဆိုးဝတ်ပြီးသော်လည်း
အကျီင်္ မဝတ်ရသေးသောတေဇ။ မနက်ပြေးအပြီး ရေချိုးပြီး
စာသင်ဆောင်သွားရန်သတ်မှတ် ဝတ်စုံ လဲနေစဉ် မို့
ကိုယ်လုံး ကိုယ်ထည် ခပ်တောင့်တောင့် မဟုတ်သော်ငြား
ကြွက်သား အပြည့်တေဇကိုယ်လုံးကို မြင်လိုက်ရသည်။
ကြွက်သားများ ဆီမှမျက်လုံးလွှဲကာ စာအုပ်များကို
လှမ််းယူရင်း
   "အင်း အပေါက်ကလေးပဲဆိုတော့---မနက်ကပြေးတော့
မနာတော့ဘူး---ဒါနဲ့လေ----။"
  ညတုန်းက တေဇ ဖျားသည့်ကိစ္စ သူမေးကြည့်ရန် စဉ်းစား
လိုက်သည်။ ဆံပင်တွေပါ အရောင်ပြောင်းသည်အထိမို့
သမားတော်ပီပီ စိတ်ဝင်စားမိသည်။
   "အင်း--ဘာမေးဖို့လဲ----။"
   "ညကလေ------။"
နဉ်သူရ စကားပင် မစရသေး၊ တေဇ အကို ဝေဒ တယောက်
အခန်းထဲ ဝင်ချလာသည်။
   "တေဇ---အကိုဒေဝက သွားရအောင်တဲ့---။"
   "အကိုဝေဒ ကျတော့်ကို နဖူးစည်း စည်းပေးဦး---။"
   ဝေဒအရပ်သည် ၆ပေ မပြည့်သည်မို့ သူ့ထက်
ခေါင်းတစ်လုံး စာပိုမြင့်သော သူ့ညီ အရပ်ကို
လက်မြှောက်ကာ စည်းပေးနေသည်။ အရပ် ကွာသည်မို့
စည်းမရ ဖြစ်နေသည်။ နဉ်သူရနှင့် တေဇသည် အရပ်
သိပ်မကွာ၍ နဉ်သူရ ဝေဒ လက်ထဲမှ နဖူးစည်းကို
ယူကာ စည်းပေးလိုက်သည်။ ခေါင်းနောက်ဖက်သို့
လက်လှမ်းလိုက်စဉ် နဉ်သူရ မျက်နှာချောချောက
နီးကပ်လာရာ နှာဝတွင် သစ်ခေါက်ရနံ သင်းသင်းလေး
ဝေ့လာသည်။ နထင်တွင် ခပ်ထင်းထင်းပေါ်နေသော မှဲ့နက်
ခပ်သေးသေးလေး။နောက် မျက်တောင် ရှည်ရှည်များ
ဝန်းရံထားသော မျက်ဝန်းနက်နက်လေးများကို
အနီးကပ်တွေ့လိုက်ရသည်။
သတိုးတေဇ:------။
နဉ်သူရ နဖူးစည်း စည်းပေးနေစဉ်၊ ဝေဒသည်
သတိုးတေဇ၏ ပုဆိုးအနားစများကိုပြင်ပေးနေသည်။
   "အမလေး အိမ််မှာတုန်းကတော့ သူ့ ချုပ်ထားသလေး
ဘာလေးနဲ့ အခုတော့ တယောက်က နဖူးစည်း စည်းပေးရ
တယောက်က ပုဆိုးပြင်ပေးရ နဲ့---တေဇရေ---အပျိုလေး
တယောက် အပြင်ထွက်ခါနီး ပြင်နေသလိုပါပဲလား---။"
  ဝေဒ စကားကြောင့် နဉ်သူရ ခပ်ပြုံးပြုံး ဖြစ်သွားသည်။
တေဇကတော့ အပျိုလေး အပြောခံရသဖြင့် မျက်နှာ
ရဲတွတ်လာကာ
   "အကိုတော် လုပ်ပေးနေကျပဲ---။"
   "အေးပါ---အကိုဒေဝ စောင့်နေတယ်----သွားရအောင်
နဉ်သူရ ရော အတူတူ သွားမလား---။"
   နဉ်သူရ လုပ်စရာရှိသေးသည် ဆိုကာ နေခဲ့လိုက်သည်။
တေဇတို့ ထွက်သွားမှ သက်ပြင်းချလိုက်ရင်း ခံစားမိသော
ထူးဆန်းသော ခံစားချက်ကြီးကို ပြန်စဉ်းစားမိသည်။
စစ်သူကြီး အိမ်တော်မို့ တပ်သားများနှင့် အတူတူနေခဲ့ စားခဲ့
ရသည်မို့ မိမိသည် ယောက်ျားချင်းကြိုက်သူမဟုတ်မှန်း
သိသော်လည်း တေဇနှင့် အနီးကပ်တိုင်း ထိုခံစားချက်ကြီး
ကား ထူးဆန်းလှသည်။ တေဇ က ချောသဖြင့် ဟု
စဉ်းစားလျှင်လည်း အဂ္ဂ သည်လည်းလူချောတယောက်ပင်။
အဂ္ဂ နှင့်တွေ့လျှင် ဘာခံစားချက်မှမရှိသလိုပင်။ နဉ်သူရ
စဉ်းစားမိသည်ကား သူသည် ယောက်ျားစင်စစ်
ဖြစ်နေသေးရဲ့လား ဟုပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

သူရိယောဝ သူရိေယာဝ(Ongoing)Donde viven las historias. Descúbrelo ahora