(Unicode Version)
အခန်း(၁)
ကျေးငှက်သံ စာစာလေးများ၊ စမ်းရေစီးသံ ခပ်ညှင်းညှင်း၊ သစ်ရွက်ဖျားချင်းထိမိသံ ခပ်တိုးတိုး ၊လေညှင်းခပ်အေးအေး တို့က ဒီတောအုပ်မှ မခွာချင်လောက်အောင် သူ့ကို ဆွဲဆောင်နေသည်။ တကယ်ဆို အရင်တပတ် ဆေးဖော်ပြီးသည်နှင့် ပြန်ရန် ဖြစ်သော်လည်း သမားတော်က ဆေးစိတ်ချရသည့် အနေအထားတစ်ခုထိ စောင့်နေချင်သေးသည် ဆို၍ မပြန်ဖြစ်သေးပေ။ကျောက်တုံးပေါ်ထိုင်ချကာတရားထိုင်နေလိုက် သည်။ ဘယ်လောက်ကြာသွားမှန်းမသိလိုက်သော်လည်း ဆူဆူညံညံအသံများကြောင့်အနောက်အယှက်ဖြစ်သွားသည်။ တောကောင်လိုက် နေပုံပင်။အသံတွေအရ သူနှင့်တဖြည်းဖြည်း နီးလာ၍ မတ်တပ်ရပ်ပြီးနောက် မျက်နှာကို ပုဝါအနက်နှင့် စည်းကာ သစ်ပင်ပေါ်ခုန်တက်လိုက်သည်။ ဖုံးမရသော ခဲရောင်ဆံပင်ရှည်များ ကတော့ အနောက်ဖက်မှာ ဝဲကျနေသည်။ သမားတော်ကြီး ဆေးအမြန်အောင်မြင််ဖို့ လိုပြီ ထင်ပါရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ပြေးထားဟေ့-------တောဝက်စာမိကုန်မယ်---သစ်ပင်ခပ်ကြီးကြီးတွေ့ရင် ပြေးတက်ကြ------။"
ကိုယ်ပေါ်တွင် အစိမ်းရင့်ရောင်ကိုယ်ကျပ်နှင့်စစ်သည်တို့ အသံသည်မြိုင်ဟေဝန်တောအတွင်းဆူညံနေသည်။ မြိုင်ဟေဝန်တောသည် နှစ်နိုင်ငံနယ်စပ်ရှိ တောအုပ်ငယ်ဖြစ်သည်။ သားရဲတောကောင်မပေါများလှသော်ငြားတောဝက်ကြီးတစ်ကောင် မင်းမူလျက်ရှိသည်။ ယခုနောက်ပိုင်း အနီးနားရွာများကိုပါ ရန်ရှာ၍ နဉ်သူရတစ်ယောက် လာရောက်တောလိုက်နှိမ်နင်းခြင်းပင်။ မှန်းချက်နှင့်လွဲစွာပင် နှစ်အတော်တန်ကြာ မင်းမူခဲ့သော တောဝက်ကြီးသည်ထောင်ချောက်များကို ချိုးဖျတ်နိုင်ရုံသာမက လူတွေကိုပါရန်ရှာလာတော့သည်။ တပ်သား ၅ ယောက်မျှသာ ခေါ်ခဲ့မိ၍ လူအင်အားဖြင့် ချောက်လှန့်ရန်လည်း မဖြစ်နိုင်။ ထောင်ချောက်ကြောင့် အနည်းငယ်ထိသွားသော တောဝက်သည် အလျှော့မပေးဘဲ သဲကြီးမဲကြီးလိုက်နေလေသည်။ ဆင်ခြေလျောနေရာမို့ သစ်ပင်ကြီးကြီးမားမားသိပ်မပေါ။ ရှေ့တွင် သစ်ပင် တစ်ပင်တွေ့သည်မို့ ၆ ယောက်လုံးအပြေးတက်ကြသည်။ ပင်စည်သည် ပေါင်လုံးခန့် တုတ်သော်ငြား အကိုင်းများသည် လူ ၆ ယောက် ကြာကြာ တောင့်မခံနိုင်။ တောဝက်သည်လည်း အစွယ်ဖြင့် အောက်မှ ပင်စည်ကိုဝင်တိုးရာ ပင်စည်မှအခေါက်များ ဖွားခနဲလွင်စဉ်သွားရာ ၆ ယောက်လုံးကြက်သေသေသွားသည်။ ထိုစဉ် တောဝက်ကို မြှားတစ်စင်း လာမှန်သည်။ မသေနိုင်လောက် သော်လည်း တောဝက်သည် ဘေးသို့ယိုင်သွား သည်။ အားယူကာ ပင်စည်ကို ထပ်ဆောင့်လိုက်ရာ နဉ်သူရ ခိုထားသောအကိုင်း ကျိုးကျသွားသည်။ ဘေးသို့လွှဲခုန်လိုက်ကာ လက်ထဲတွင် လှံတံကို ဆုတ်ကိုင်ထားသည်။မြေပေါ်အကျ တောဝက်သူ့နားမရောက်သေး။ ချက်ကောင်းသေချာမချိန်နိင်ဘဲ လှံတံကိုပစ်လွှတ်လိုက်သည်။ အားအတော် အတန်များသည်မို့ တောဝက် သည် ဦးခေါင်း ထုတ်ချင်းပေါက်ကာ တုန်းခနဲလဲသွားသည်။မြေပေါ်ကိုအကျ နာသွားသော ခြေထောက်က အခုမှ နာလာသည်။ နဉ်သူရယိုင်အသွား တပ်သားတစ်ယောက်က လာထိန်းပေးသည်။ သူ ပြုတ်ကျသွားသည်နှင့် ၅ ယောက်လုံးခုန်ဆင်းလာခြင်းပင်။ အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက် ခပ်လှမ်းလှမ်းမှ သူတို့ဆီဦးတည် လျှောက်လာသည်။ လက်ထဲတွင်လည်း နက်မှောင်နေသော လေးတစ်ချောင်းကို ကိုင်ထားသည်။ ခပ်မြင့်မြင့် စည်းထားသော ခဲရောင် ဆံနွယ်တွေကလမ်းလျှောက်တိုင်း လွင့်နေသည်။မျက်နှာကို အဝတ်နက်တစ်ခုဖြင့် စည်းထားသော်လည်း တဖျတ်ဖျတ်လတ်နေသော ကြယ်ပွင့်လေးနှယ် လှပလှသော ခဲရောင် မျက်ဝန်းတစ်စုံ ကြောင့် ၆ ယောက်လုံးငေးသွားသည်။ ထိုလူသည် တောဝက်ဆီမှ မြှားကို ဆွဲနှုတ်လိုက်ရာ သွေးများ အိုင်လာသည်။
STAI LEGGENDO
သူရိယောဝ သူရိေယာဝ(Ongoing)