အခန်း(၅) အခန္း(၅)

213 24 0
                                    

Unicode Version

                         အခန်း(၅)

   မနက်ဖြန်ဆို စာပေပိုင်းနှင့်ပတ်သတ်၍ ဖြေရမည်
ဖြစ်သဖြင့် သတိုးတေဇ တယောက် စောစော
အိပ်ယာဝင်ခဲ့သည်။ အကို ၂ယောက်ကတော့ သူ
အေးဆေးအိပ်ရအောင်ဟုဆိုကာ တစ်ဖက်ခန်းသို့
သွားကာ စာဆက်ကြည့်နေသည်။
သန်းခေါင်ယံကျော်တွင် သတိုးတေဇ၏ အခန်း
ပြူတင်း တံခါးသည် ချောက်ခနဲ့ အသံ နှင့်
ပွင့်သွားသည်။ မီးခိုးရောင် ဝတ်ထားသော
လူတယောက် အခန်းထဲတိတ်တဆိတ်ဝင်လာသည်။
သတိနှင့် အိပ်သည်မို့ သတိုးတေဇ နိုးလာသည်။
ခြေသံသည် အကို၂ယောက် ခြေသံမဟုတ်။
ခေါင်းအုံးအောက်မှ ဓားတိုလေးကို
အသင့်ဆုတ်ထားလိုက်သည်။ အခန်းထဲ
မွှေနှောက်ရှာဖွေပြီးနောက် သူ့ဆီဦးတည်လာသည်။
ဓားရှည်ကိုမြှောက်ကာ သူ့အပေါ်မှ ပိုင်းချသည်ကို
သိသဖြင့် ကိုယ်ကို တပတ်လှည့် ကာ ကုတင်ပေါ်မှ
ပြေးဆင်းလိုက်သည်။ ထိုသူက ဓားရှည်ကို
မြှောက်ကာ သတိုးတေဇကို ထပ်ခုတ်သည်။
လှည်ပတ်ရှောင်ရင်းခုခံသော်လည်း
လက်ထဲရှိသည်က တစ်ထွာကျော် ဓားတိုလေးမို့
အသဲအသန် ကာကွယ်နေရသည်။ ရွပ် ခနဲ့ အသံနှင့်
အတူ လက်မောင်းရင်းကို ထိသွားသည်။
ထပ်မတိုက်တော့ဘဲ ထိုလူသည်ပြူတင်းပေါက်မှ
လွှားခနဲ ခုန်ထွက်သွားသည်။ ဆူဆူညံညံ အသံ
ကြားသောကြောင့် ဘေးအခန်းမှ အကိုတော်
၂ယောက်လည်း အပြေးဝင်လာကြသည်။
ပြူတင်းပေါက်ကို လိုက်ကြည့်တော့
ထို မီးခိုးရောင်ဝတ်လူကို မတွေ့ရတော့။
   "ဘယ်သူဖြစ်မယ်ထင်လဲ---။"
   သတိုးတေဇ သည်ဒေဝ ကိုခေါင်းခါပြလိုက်သည်။
တကယ်လည်း ထိုမီးခိုးရောင်ဝတ်လူကို သူမရင်းနှီး။ ဝေဒသတိုးတေဇနားတွင် ကပ်ထိုင်ရင်း
ဆေးထည့်ပေးနေသည်။
   "ညီတော်ပဲ ထင်နေတာလား----သမားတော်ကြီး
မင်းခွန်သက တယောက်ယောက်နဲ့ တူမနေဘူးလား----
နောက်ပြီးတော့ သူ့လေယူလေသိမ်းကလေ
သူရိယောဝသားလိုပဲ----။"
   "ဘာလဲ--ညီတော်က သမားတော်ကြီးလို့ ထင်လို့လား--။"
   "အရပ်နဲ့ ကိုယ်လုံး ကိုယ်ထည်က----မတူဖူး-----
ညီတော်ထင်တာတော့----မီးခိုးရောင် ဝတ်လူက
ညီတော့်ကို သတ်ဖို့ လာတာမဟုတ်ဘူး--။"
   ဝေဒ ပတ်တီးကို တင်းတင်းဆွဲ ချည်လိုက်တော့
သတိုးတေဇ မျက်နှာရှုံ့မဲ့သွားသည်။
   "သေချာတာကတော့----အကိုတော်တို့
သတိထားဖို့လိုပြီဘယ်သူ့ဘယ်ဝါ ဘာလုပ်ချင်တယ်
ဆိုတာမသိပေမဲ့----အန္တရာယ်ဆိုတာက
မြင်မှမမြင်ရတာ---။"
   ဝေဒ စကားအဆုံး ၃ယောက်လုံး အတွေး
ကိုယ်စီ ဖြစ်သွားသည်။ မီးခိုးရောင်လူ ဘာအတွက်
လာသနည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~
   ဟောခန်းမလို အခန်းကျယ်ကြီးတွင် စားပွဲပုလေးများ
ခပ်ခွာခွာချထားကာ တခုံတယောက် ထိုင်စေသည်။
စာရွက်ဖြူနှင့် စုတ်တံ ၊မှင်စသည်တို့ကိုလည်း
အသင့်ပြင်ပေးထားသည်။ စာရွက်ဖြူအောက်တွင်
မေးခွန်းစာရွက်ထားပေးထားသည်။ ကာလင်္က တွင်
ဝင်ခွင့်ဖြေသူ ထောင်ချီရှိသော်လည်း နှစ်စဉ်
စာသင်သား ၁ဝဝကျော်သာ လက်ခံသည်။
ထို့ကြောင့်ပင် နာမည်ကြီးနေရခြင်း ဖြစ်သည်။
မာလာမြိုင် ဘုရင်၏ ဖိတ်ခေါ်မှုနှင့် လာရောက်လျှင်မူ
ဝင်ခွင့် ဖြေစရာမလို။ထိုအရာသည်မာလာမြိုင်နှင့်
တက္ကသိုလ်ပြည်၏ ဆက်နွယ်မှု တခုပင်။
စာဖြေသူများ၏ အရှေ့ဖက်တွင် စင်မြင့် တစ်ခုရှိပြီး
ထိုအပေါ်တွင် တက္ကသိုလ်တွင် သင်ကြားပေးမည့်
ပါမောက္ခများ နှင့်တကွ ကျောင်းအုပ်ကြီး ကိုယ်တိုင်ပါ
ထိုင်ကြည့်နေသည်။
   "မင်းခွန်းသ----မင်းတပည့် လည်း ဒီနှစ်
ဝင်ဖြေတယ်ဆို ဘယ်တယောက်လဲ----။"
   ကာလင်္ကကျောင်းအုပ် ကြီးသည် အနားရှိ
မင်းခွန်သကို  တီးတိုးမေးသည်။
   "တတိယမြောက်အတန်းရဲ့----ညာဖက်က ရေရင်
၅ယောက်မြောက်က ကလေးပါ----။"
   "ဆေးပညာ ထူးချွန်တဲ့ ကလေးလား---။"
   "ဆေးပညာ အပြင်-စာပေလည်း
ထူးချွန်တဲ့ကလေးပါ---။"
   "တပည့်ကောင်း ရထားတာပဲ----။"
   မင်းခွန်သလည်း တပည့်ဖြစ်သူ နဉ်သူရကို
ဂုဏ်ယူသော အကြည့်တွေနှင့် ကြည့်လိုက်သည်။
ဆရာတယောက် အနေဖြင့်ကိုယ့်တပည့်ကို
ချီးကျူးတော့ ဝမ်းသာမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
  အဂ္ဂ တယောက် ၊စာဖြေနေသာ သတိုးတေဇကို
လှည့်ကြည့်ရင်းပြုံးနေသည်ကို ယံနီ တွေ့သွားသည်။
ညတုန်းက အဂ္ဂ ညဉ့်နက်သန်းခေါင်ကြီး
ထထွက်သွားသေးသည်။ ပြန်လာတော့
မေးကြည့်တော့လည်း အညောင်းပြေ၊အညာပြေ
ဟုသာ ဖြေသည်။ သတိုးတေဇသည်လည်း
ဘယ်လက်လှုပ်တိုင်း မျက်နှာမဲ့မဲ့သွားသည်။ အဂ္ဂ
တယောက်ပြဿနာရှာထားကြောင်း
ပိုသေချာသွားသည်။ အဂ္ဂ တွင်အကျင့် တခုရှိသည်။
သူသဘောကျသူ ဖြစ်စေ၊ မုန်းနေသူ ဖြစ်စေ
ကောင်းကောင်းနေမရအောင် နှောက်ယှက်တတ်
သည်။ အလွန်အကျူး ထိခိုက်အောင်
မလုပ်တတ်သော်လည်း အနှောက်အယှက်တော့
အလွန်ပေးတတ်သည်။ တဖက်ကလူက
သူရိယောဝ ပြည့်ရှင်၏ အချစ်ဆုံးညီတော် ဖြစ်သည်။
ဘုရင် သတိုးရာဇာသည် မျှတသော မင်းတပါး
ဖြစ်သော်ငြား ညီတော်နှင့် ပတ်သတ်လျှင်
ဒေါသကြီးတတ်တာ သူရိယောဝ တပြည်လုံး အသိ။
အဂ္ဂ သည် ဘေးရှိ နဉ်သူရကိုလည်းအလွှတ်မပေး။
စာဖြေစဉ် ခဏခဏ ခိုးကြည့်သေးသည်။ အဂ္ဂ
ပြဿနာ မရှာသော နေ့၊အနောက်မှ
နေထွက်သောနေ့ပင် ဖြစ်လေမလားပင်။
တည်းခိုဆောင် အခန်းထဲ ရောက်သည်နှင့် ယံနီ
ထုတ်မေးတော့သည်။ အဂ္ဂ ကတော့ လက်ထဲက
သူ့ဓားရှည်ကို ပြောင်လတ်နေအောင် အဝတ်နှင့်
သုတ်ရင်း
   "နည်းနည်းလေး လက်ရည်စမ်းကြည့်တာပါ-----
မပူပါနဲ့----တကယ်တော့ ထင်တောင်မထားဘူး----
အာ့ကောင်လက်ရုံးရည် မဆိုးဘူး----သတင်းတွေအရ
ခပ်ပျော့ပျော့ကောင် ထင်တာ----။"
   "မင်း နဉ်သူရ ကိုကျ--သဘောကျလို့ ထားပါတော့-
သတိုးတေဇ ကိုကျတော့ရော---ဘာလို့ ပြဿနာရှာ
ပြန်တာလဲ----။"
   "နဉ်သူရကို မထိရသေးပါဘူး---သတိုးတေဇ
ကတော့ အမြင်ကပ်လို့ ဘာကြောင့်ရယ်မဟုတ်ဘူး-။"
ယံနီ:--------။
~~~~~~~~~~~~~~~~~~~~~~~~~~~
   နဉ်သူရ လက်ထဲတွင် လှံတချောင်းကို ကိုင်ကာ
မြေကွက်လပ်တွင် လှံရေးကစားနေသည်။
ခပ်သွယ်သွယ်ခန္ဓာကိုယ်သည် ယခုမူ
လှံတံတချောင်းလို တဖြောင့်တည်း တည့်မက်နေကာ
လှံတံနှင့် အတူ တဖက်လူကို ထိုးဖောက်သွားတော့
မယောင်ပင်။ လှံချက်တိုင်းက အားပါကာ
အနှုတ်အသိမ်း ခြေလှမ်းကအစ မှန်ကန်နေလေရာ
အလွန် ကြည့်ကောင်းလှသည်။ စာပေဖြေ ပြီး
နောက်တရက်တွင် လက်ရုံးရည် ဖြေရမည်ဖြစ်ရာ
ညနေတွင် အနားမယူနိုင်ဘဲ လေကျင့်နေမိသည်။
အသပြာအိတ်ပိုင်ရှင် သခင်လေး တေဇ ကိုဒီနေ့
ထပ်တွေ့တော့ တခုခု အမှားလုပ်ထားမိသလို
သူ ရှောင်နေမိသည်။ ဟိုကတော့ သူ့ကိုတွေ့ပုံမပေါ်။
စိတ်ထဲ တွင် မြန်မြန်ပြန်ပေးချင်သော်လည်း
လက်တွေ့တွင် အထင်လွဲ သွားမှာစိုးသဖြင့်သူ
တွန့်ဆုတ်နေမိသည်။ တခြားအတွေးရောက်
သွားတာကြောင့် ဟန်ချက်ပျက်သွားကာ လှံ
လွတ်ကျသွားသည်။ သက်ပြင်း အရှည်ကြီးကို
မှုတ်ထုတ်လိုက်မိသည်။လက်ရုံးရည် စာမေးပွဲတွင်
သူအကျွမ်းကျင်ဆုံး လက်နက်ပုန်း ပညာနှင့်
ဖြေလို့မရ၍ လှံတံကို လေ့ကျင့်ရခြင်းပင်။
လက်ရုံးရည် စာမေးပွဲသည် တဦးချင်းစီ၏
ကိုယ်ပိုင်အရည်အချင်းများကို ထုတ်ပြရခြင်းပင်။
မည်သည့် မည်မျှဟု မကန့်သတ်ထား။
လေးမြှား အတတ်၊လှံရေး၊ မြင်းရေး၊ဓားရေး၊
အားလုံးကို ပြိုင်ပွဲ လုပ်ပေးသည်။ တစ်ခုသာ
ပြိုင်လည်းရသလို ၊ အားလုံးပြိုင်လည်း ရသည်။
အဆင်ပြေပြေပြီးသွားဖို့သာ နဉ်သူရ
မျှော်လင့်မိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~   လက်ရုံးရည် ပြိုင်ပွဲတွင် လူပြောအများဆုံးသည် အဂ္ဂ
ဖြစ်သည်။ပြိုင်ပွဲတိုင်းလိုလို ဝင်ပြိုင်သလို ပြိုင်ပွဲတိုင်း
ဗိုလ်စွဲလေသည်။ အပြုံးချိုချိုလေးတွေကြောင့်
ပွဲလာကြည့်သောမိန်းကလေးတသိုက်ကတော့
အော်ဟစ်အားပေးနေသည်။ ပြိုင်ပွဲဝင် အမျိုးသမီးများ
ကလည်းတီတိုးပြောဆိုချီးကျူနေကြသည်။
ဒုတိယနေရာတွင် ဒေဝဖြစ်သည်။ ဖွံ့ထွားသော
ကြွက်သားအမြှောင်းလိုက်က ကိုယ်ကျပ်အကျီ
အောက်တွင် အထင်းသားမြင်နေရပြီး ပြိုင်ပွဲတိုင်းလို
ဒုတိယနေရာစွဲနေလေရာ အများသူငါ
အထင်ကြီးဖွယ်ပင်။အဂ္ဂ ပွဲတိုင်းပြိုင်နေရင်း
နဉ်သူရကိုလည်း တချက်တချက် လှမ်းကြည့်သည်။
အကြည့်ချင်းဆုံလျှင် လက်ပြခြင်းတို့  ပြုံးပြခြင်းတို့
လည်း လုပ်သေးသည်။ နဉ်သူရ မြင်သော်လည်း
လူအများထဲမို့ လစ်လျူရှုထားလိုက်သည်။ မျိုးရိုးမြင့်
သခင်ငယ်လေး များ၏ အနိုင်ကျင့်ခံဘဝ
ထပ်မရောက်ချင်။ လိုတမျိုး မလိုလျှင်
ချနင်းတတ်ကြသေးသည် မဟုတ်လား။
~~~~~~~~~~~~~~~~~~~~~~~~~~~
   သတိုးတေဇကတော့ လက်ကဒဏ်ရာကြောင့်
လေးမြှား ပြိုင်ပွဲတွင်သာ ဝင်ပြိုင်ဖို့ ပြင်ထားလေသည်။
လှံရေး ပြိုင်ပွဲတွင် သမားတော်ကြီး အိမ်တွင်
တွေ့ခဲ့သည့် ထိုစောင်းတီးနေသော ကောင်လေးကို
တွေ့ရသောကြောင့်
အံ့သြသွားသည်။သူလည်း စာသင်သားဖြစ်ခဲ့ရင်
ကောင်းမှာပဲဟု စဉ်းစားမိသည်။ ထိုကောင်လေးနှင့်
ပတ်သတ်၍ စမြင်ကတည်းက ရင်နှီးသောခံစားမှု
တမျိုးခံစားမိသည်။ထို့ကြောင့်လည်း တောထဲတွင်
မြားပစ် ကယ်ဆယ်ခဲ့ခြင်းပင်။ လေးမြှားပြိုင်ပွဲ
အရောက်ကိုင်နေကျ လေးအနက်ရောင်ကို
ကိုင်ရင်းပြိုင်ပွဲထဲ ဝင်လိုက်သည်။သတိုးတေဇ
ဝင်လာသည် နှင့်အားလုံးလို အာရုံစိုက်မိကြသည်။
ထူးထူးခြားခြားချောမောသောမျက်နှာ နှင့်
အသားအရည်ကြောင့် ထင်ရှားနေသည်။ ပြေပြစ်သော
ခန္ဓာကိုယ် အချိုးအစား နှင့် ထူးကဲသော လေးစွမ်းရည်
ကြောင့်ပြိုင်ပွဲတွင် ထင်ရှားနေသည်။ ကာလင်္က၏
ကျောင်းအုပ်ကြီးပင် မင်းခွန်းသ ကို တေဇ ဆိုသော
ကလေးအကြောင်း မေးလေသည်။ ယောဇ၏
ညီဝမ်းကွဲ ဟုသာ မင်းခွန်းသ ဖြေပေးလိုက်သည်။
သူရိယောဝ၏ မင်းသား၊ သတိုးရာဇာ၏ညီတော်
ဆိုသည်ကိုတော့ချန်လှပ်ထားခဲ့သည်။ ယောဇသည်
အရိပ်ကိုယ်ရံတော်ဖြစ်သည့်အလျှောက် မိဘမဲ့
ဖြစ်သည်။ထိုကလေး ၃ယောက်က ယောဇ ညီတော်ဟု
လိမ်လိုက်ရာ သူရီချင်သွားသည်။ကျောင်းအုပ်ကြီးက
သိပုံမပေါ်။ မာလာမြိုင်နှင့် တင်းမာမှုများကြောင့်
ဖုံးကွယ်လာခြင်းဖြစ်ဟန်တူသည်။ မင်းခွန်သ
သူရိယောဝမှ ထွက်လာခဲ့တုန်းက ထိုကလေး
ခပ်ငယ်ငယ်ပင်ရှိသေးသည်။ ဖြူဖြူဖွေးဖွေးနှင့်
ချစ်စရာကောင်းသော သတိုးတေဇကို ခွန်းသတို့
ငယ်သူငယ်ချင်း ၄ယောက်လုံး ချီပိုး ဆော့ကြရာ
အကဲပိုသော အကိုတော်ကြီးဖြစ်သူ သတိုးရာဇာသည်
ပြန်ပြန်လုချီကာ သူ့ညီတော်ကို ဖွတ်ထားတတ်သည်။
ခွန်းသမှတ်မိသလောက် ထိုကလေးတွင် မွေးရာပါ
အဆိပ်ပါလာသည်။ အသက်မရှည်နိုင်လောက်ဟု
ထင်သော်လည်း ယခုလို ချောမောခန့်ညားစွာ
ကြီးပြင်းလာမည် ဆိုသည်ကိုတော့ မတွေးမိ။
သတိုးရာဇာသူ့ညီအတွက် သမားတော်ကောင်း
ရှာတွေ့ ထားသည်ထင်သည်။ သူ့အကိုတော်ထက်ပင်
ချောမော ကျန်းမာစွာကြီးပြင်းလာသည်
မဟုတ်ပါလား။
~~~~~~~~~~~~~~~~~~~~~~~~~~~
   မြှားတိုင်းသည် ပစ်ချက်မလွဲအောင် ပစ်နိုင်သော
သတိုးတေဇ စွမ်းရည်ကြောင့် နဉ်သူရ၏ တောထဲမှ
အနက်ရောင်ဝတ်လူများလား ဟူသော သံသယပို
ကြီးလာသည်။စျေးထဲတွင် အချင်းများကြ
တုန်းကလည်း သူ့ကို လွှတ်ပေးလိုက် သေးသည်။
တောထဲမှာတုန်းက စိုးရိမ်လို့ စကားပြော ရင့်သွားတာ
ဖြစ်မည် ဟုတွေးလိုက်သည်။ကောင်းသော
ထင်မြင်ချက်တချို့ တေဇ ဆိုသောလူ အပေါ်
ထင်မြင်မိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

သူရိယောဝ သူရိေယာဝ(Ongoing)Where stories live. Discover now