|Unicode|
အနားမညီသောအချစ်တွေတွင် တစ်စုံတစ်ယောက်က အစပျိုးပြီး နောက်တစ်ယောက်က ဆက်ချစ်ပေးရသည်သာ။ သူတို့နှစ်ယောက်အချစ်တွင် သူကဆက်ချစ်ပေးရသူသာဖြစ်သည်။ ထို့အတွက် အထွန့်တက်ဖို့ စိတ်ကူးလည်း သူ့မှာရှိမနေ။ အပိုတွေလုပ်တယ်ဆိုပြီး ဘေ့ကထားသွားမှာကို သူ ကြောက်တာမို့။
မီးမောင်းထိုးထားသော ပြဇာတ်ရုံထက်က ကြိုးစားကပြနေမှုတွေသည် အရိပ်က、ပြဇာတ်ကို သဘောကျတယ်ဆိုသော ထိုလူသား၏အာရုံတွေကို အရမယူနိုင်သေး။ အထူးတန်းကြည့်လွှာအဖြစ် အပေါ်ထပ်မှနေ လှမ်းကြည့်နေသော သူ၏မျက်ဝန်းတွေသည် အမှောင်ထုထဲတွင် တန်ဖိုးကြီးကျောက်မျက်ရတနာတစ်ခုနှယ် တဖျတ်ဖျတ်လင်းလက်နေလျက်။
တိုက်ဆိုင်စွာပင် ယခုဖျော်ဖြေနေသော အရိပ်ပြဇာတ်သည် သူ့လိုမတုန်မလှုပ် ထုံထုံထိုင်းထိုင်းလူတစ်ယောက်၏ ချနင်းခံနေရသော သိက္ခာတွေ၊ နာကျင်မှုတွေ၊ အချစ်တွေအကြောင်းဖြစ်သည်။ ပိတ်ကားဖြူထက်၌ ပြောင်းလဲဖြစ်တည်နေသော ပြကွက်တွေသည် မိမိ့အဖြစ်ကို ပြန်ကြည့်နေရသလိုမို့ မှောင်ရိပ်ခိုကာ ကျဆင်းလာသော မျက်ရည်တွေနှင့် စို့နင့်လာသော ခံစားချက်က တားဆီးမရတော့ပါ။ ဆက်မကြည့်နိုင်တော့တာမို့ ခန်းနားကြီးကျယ်လှသော ပြဇာတ်ရုံ၏အပြင်ဘက်ကို ခပ်သွက်သွက်ထွက်ခဲ့လိုက်သည်။ အနုပညာလက်ရာမြောက်လှစွာသော ထိုအဆောက်အဦးကြီးက သူ၏အနောက်မှ လှောင်ရယ်ပြီး ကျန်နေခဲ့သယောင်။
notched collarနှင့် တံတောင်းကွေးဖုံးသော ပုလဲဖြူရောင် အကျီလေးသည် ရေပြင်ကိုကူးခတ်လာသော လေပြင်းပြင်း၏ ကျီစယ်မှုကြောင့် ထိုးသွင်းထားသော ဘောင်းဘီအတွင်းမှ လွတ်ထွက်ရန် ရုန်းကန်နေ၏။ ထိုလေပြင်းတစ်စု၏ စနောက်အားကြောင့် ဂျီမင်း၏ သေးသိမ်သိမ်ကိုယ်ဟန်လေးပင် လွှင့်နေသော အကျီ၏ကြားမှ အလစ်အလပ်ထင်ဟပ်နေပြန်သည်။
အရိပ်ပြဇာတ်ရုံမှ ဖန်တီးပေးလိုက်သော မွမ်းကြပ်လွန်းသည့်စိတ်တွေကို ဒီနေရာမှာလာပြီး ထွက်ပေါက်ပေးမိပြန်သည်။ ဂျီမင်းဟာ သူ့ရဲ့အတိတ်ကဘာလဲ၊ ပစ္စုပ္ပာန်မှာရော ဘယ်လိုလဲ၊ အနာဂတ်မှာ ဘာတွေလုပ်သွားမလဲဆိုတာတွေကိုတွေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့။ ဂျောင်ကုစိတ်မရှုပ်သွားစေရန်နှင့် သူ့ကိုပစ်မသွားခဲ့ဖို့ကိုပဲ မျှော်လင့်ခဲ့မိသည်။ အခုတော့ သူ့ရဲ့အတွေးတွေသည် အနာဂတ်တချိန်ချိန်မှာ ပစ်ထားခံရနိုင်သည့် ပတ်ဂျီမင်း၏ပုံရိပ်တွေကို စိတ်ကူးကြည့်လျက်။
YOU ARE READING
<< After loving you >>
Fanfiction"မင်းကိုချစ်ခဲ့ပြီးတဲ့နောက် မုန်းတီးခြင်းတွေနဲ့အတူ ကိုယ်ဟာနစ်မြှုပ်သွားရင်းပဲ ချစ်နေခဲ့ပြန်တယ်"