မမြင်တွေ့ရတာ ကြာပြီဖြစ်သော ရေမျက်နှာပြင်ကြီးက အရင်ချိန်တွေကလို မည်းမှောင်မနေတော့ဘဲ ရေညှိစိမ်းရောင်တွေသမ်းလို့နေသည်။ သို့သော်ငြား ကြည်လင်စိမ်းသန့်တဲ့ရေပြင်အလွှာ၌ ဒေစီအဖြူပွင့်သေးသေးလေးတွေက လွှင့်မျောလျက်ရှိသည်၊၊
အရင်လို မွန်းကြပ်မှုတွေ လွှင့်ပြယ်သွားပေမဲ့ သူ့ စိတ်ထဲမှာ ပေါ့ပါးလွတ်လပ်မနေဘဲ ဝမ်းနည်းစိတ်တို့သာ ပြည့်နက်လို့နေခဲ့သည်။ ဂျီမင် ရှာဖွေနေခဲ့တဲ့ သူ့ဘဝအစိတ်အပိုင်းတို့က စုတ်ပြတ်နေခဲ့မှန်းသိသော်ငြား ထိုအစိတ်အပိုင်းတို့ကို ပြန်လည်ထိတွေ့ချင်မိသည်။ နာကျင်ရမှန်းသိရက်နဲ့ သူက ထိုနာကျင်မှုတို့၌သာ ပျော်ရွှင်မှုကို ရှာဖွေတတ်သည်။
ကန်ရေပြင်ကြီး ပျောက်ကွယ်သွားပြီးနောက်မှာ မေပယ်ရွက်ခြောက်တို့က ဂျီမင်ရဲ့ကိုယ်ပေါ်ကို နုနုညံ့ညံ့ရိုက်ခတ်လို့လာပါသည်။ သူ အိမ်မက်ထဲကိုရောက်နေခဲ့တာ သိပေမဲ့ အရင်ချိန်တွေကလို ဒီအိမ်မက်ကနေ မနိုးထချင်မိတာက အတော်ကိုဆန်းကြယ်သည်။ ဒီအိမ်မက်ထဲမှာပဲ ထာဝရပိတ်မိနေချင်ရလောက်အောင်အထိ ပေါ့ပါးသွက်လက်ခဲ့ပြီး စိတ်ကြိုက်ပြိုလဲနေခွင့်ရှိသည်။ မေပယ်ပင်ကြီးကို သူ ရှာတွေ့တော့ ချည်နှောင်ခံထားရတဲ့ကြိုးက လေပွေကြမ်းကြမ်းမှာ သူ့ကို ရယ်မော ကခုန်ပြနေသလိုပင်။
အရာအားလုံးဟာ ရူးသွပ်နေတဲ့ သူ့ရဲ့စိတ်အစဉ်ကြောင့် စတင်ခဲ့ရတာဖြစ်သည်။ အိမ့်ရှေ့က မေပယ်ပင်ကြီးထံမှာ သူ့ဝိဉာဉ်ကို မြှုပ်နှံပစ်လိုက်ဖို့ကို သူ့ရဲ့ ငယ်ဘဝတွေမှာ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သူက တိတ်ဆိတ်ငြိမ်သက်တယ်။ တိတ်ဆိတ်နေတတ်တာနဲ့ တပြိုင်နက် သူ့ရင်ထဲမှာ စိုးထိတ်မှုတွေနဲ့အမြဲ ပြည့်နက်နေခဲ့ရသည်။
ကိုကိုက သူ့ဘဝရဲ့ လောင်းရိပ်တစ်ခုလို့ သူ ပြောခဲ့ဖူးပေမဲ့ အမှန်တကယ်လောင်းရိပ်မှာ သူ ဖြစ်နေခဲ့သည်ကို ဘယ်သောအခါမှ မြင်နိုင်တော့မည်မဟုတ်။ ငယ်ဘဝတွေမှာ မေမေ တစ်ယောက်တည်းရှိခဲ့ရာကနေ မေမေပါပျောက်ကွယ်သွားတော့ သူ့ဘဝထဲက လူတွေထွက်ခွါသွားကြမှာကို ကြောက်တတ်လာသည်။ ကိုကို့အနား သူစိမ်းတွေတိုးဝင်လာတဲ့အခါ သူ့ဘဝထဲက ထွက်ခွါသွားမှာကို စိုးရွံ့မိလာသည်။
YOU ARE READING
<< After loving you >>
Fanfiction"မင်းကိုချစ်ခဲ့ပြီးတဲ့နောက် မုန်းတီးခြင်းတွေနဲ့အတူ ကိုယ်ဟာနစ်မြှုပ်သွားရင်းပဲ ချစ်နေခဲ့ပြန်တယ်"